Connect with us

Hi, what are you looking for?

ဆောင်းပါး

မေမေ ဂျက်ဖိုက်တာကြီးလာတယ်

စစ်​ဘေးသင့်ဒေသကနေမန္တလေးမြို့ပေါ်ကို သွားရောက်နေထိုင်နေတဲ့ စစ်​ရှောင်ပြည်သူ မစိုး(အမည်လွှဲ)တို့မိသားစုဟာ ညခင်းတညမှာ ဖုန်းကိုယ်စီသုံးရင်း အနားယူနေကြတယ်။ ဘေးနားမှာတော့ အသက် ၂ နှစ်ဝန်းကျင်သမီးလေးက ဆော့ကစားနေတယ်။

(ဖေဖော်ဝါရီ ၁၀ ရက်က မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်တပ်ကလေကြောင်းတိုက်ခိုက်ချိန် ပုန်းအောင်းနေရသောကလေးငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)

Scorpio/People’s Spring

စစ်​ဘေးသင့်ဒေသကနေမန္တလေးမြို့ပေါ်ကို သွားရောက်နေထိုင်နေတဲ့ စစ်​ရှောင်ပြည်သူ မစိုး(အမည်လွှဲ)တို့မိသားစုဟာ ညခင်းတညမှာ ဖုန်းကိုယ်စီသုံးရင်း အနားယူနေကြတယ်။ ဘေးနားမှာတော့ အသက် ၂ နှစ်ဝန်းကျင်သမီးလေးက ဆော့ကစားနေတယ်။

အဲဒီအချိန်မှာ ကောင်းကင်​​ပေါ်ကနေ တဝေါဝေါကျယ်လောင်တဲ့ လေယာဥ်သံကို ကြားလိုက်ရတယ်။ ဆော့နေတဲ့သမီးလေးဟာ မျက်နှာတချက်ပျက်သွားပြီး”မေမေဂျက်ဖိုက်တာကြီးလာတယ်”လို့ ပြောတယ်။မစိုးဟာ သမီးလေးကို

“အမေတို့က မန္တလေးရောက်နေတာ ဘာမှမဖြစ်ဘူး မကြောက်နဲ့”လို့ အားပေးလိုက်တယ်။

Public Service Announcement

Public Service Announcement

သို့ပေမဲ့သမီးလေးက မရဘူး။သမီးလေးတစ်ကိုယ်လုံး တုန်ရင်လာတယ်။ သမီးလေးနှုတ်ဖျားကနေ အဖျားတက်သလို တဟင်းဟင်းရေရွတ်လာတယ်။ဘေးနားမှာရှိတဲ့သူ့ဖခင်နားကပ်သွားတယ်။ဘေးမှာရှိတဲ့ခန်းဆီးစကို ဆွဲခြုံလိုက်တယ်။အနားမှာရှိတဲ့ ဖခင်က သမီးလေးကို ရင်ခွင်ထဲပွေ့ပေးထားရတယ်။

စစ်ဘေးသင့်ဒေသက ကလေးတွေ လွတ်ရာကင်းရာ မြို့ပေါ်တွေကိုရှောင်ရချိန် လူသာလွတ်လာခဲ့ပေမဲ့ စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုတော့ မရခဲ့ကြပါဘူး။ မစိုးရဲ့သမီးလေးလိုပဲ လေယာဥ်သံကို ကြောက်နေတဲ့ စစ်ရှောင်ကလေးငယ်တွေ အများအပြား ရှိနေခဲ့ပါတယ်။

မစိုးရဲ့သမီးလေးလို လေယာဥ်သံကြောင့် စိတ်ဒဏ်ရာရနေတဲ့ နောက်ထပ်သားငယ်လေးတစ်ယောက်လည်း ရှိပါတယ်။

မစိုးသမီးလေးနဲ့မတိမ်းမယိမ်း နှစ်နှစ်သား​​လေးပါ။ စစ်​ဘေးသင့်ဒေသကနေ မန္တလေးမြို့ပေါ်က ဆွေမျိုးတွေဆီ သွားလည်ချိန် လေယာဥ်သံကြားလိုက်ရတော့ အပြေးအလွှားနဲ့ “ဦးဦး လေယာဥ်ကြီးလာပြီ။အထဲဝင် အထဲဝင်”လို့ ပြေးပြောတယ်။ လူကြီးတွေမှာ မျက်ရည်ကျခဲ့ရတယ်။

မန္တလေးမှာ ရောက်နေတဲ့ နောက်ထပ်စစ်ရှောင်ကလေးတစ်ယောက်ကတော့လေယာဥ်သံကြားတာနဲ့ ရောက်တဲ့နေရာကနေ မိခင်ဆီပြေးလာတတ်တယ်။သူ့အမေနား ပြူးပြူးပျာပျာ ကပ်လာပြီး မေးတာက “မေမေဗုံးခိုကျင်းရှိလား”တဲ့။ အဲဒီကလေးတွေလိုပဲထမင်းစား​နေရင်း၊ ဆော့ကစားနေရင်း လေယာဥ်သံကြားတာနဲ့ ပြေးပုန်းကြတဲ့ ကလေးတွေ အများအပြား ရှိနေတယ်။

အထက်က ကလေးတွေလို စစ်ရှောင်မဟုတ်ဘဲ လေယာဥ်ကြောက်နေတဲ့ မြို့ပေါ်က ကလေးတစ်ယောက်လည်း ရှိပါသေးတယ်။ အဲဒီသားသားက ကျောင်းပိတ်ရက် မြို့ပေါ်ကနေ မိဘတွေရှိတဲ့ရွာကို အလည်သွားချိန် လေယာဥ်နဲဗုံးကြဲတာကို ကြုံလိုက်ရတာပါ။

လေယာဥ်ကညဘက်ကြီးပစ်လိုက်ချိန် သားသားတကိုယ်လုံး တုန်ရင်သွားခဲ့တယ်။အဲဒီနောက် မြို့ပေါ်ပြန်ရောက်တော့ သားသားဟာ လေယာဥ်သံကြားတာနဲ့ ကြောက်တတ်သွားခဲ့တယ်လို့ သူ့မိခင်က ပြောပြတယ်။ “ခုထိ လေယာဥ်သံကို ကြားတိုင်း ကြောက်နေတုန်း”လို့ မိခင်က ပြောတယ်။

နောက်ထပ်​ဖြစ်စဥ်တစ်ခုကတော့ မန္တလေးမြို့မှာ အလှူတစ်ခုလုပ်ပါသတဲ့။ အဲဒီအလှူကို စစ်ရှောင်မိသားစုတစ်စုလည်း လာကြတယ်။ အဲဒီအချိန်မှာ အပေါ်က လေယာဥ်ဖြတ်သွားတော့ မြို့ပေါ်က ကလေးတွေက ဟေးခနဲ အော်ကြသတဲ့။ စစ်ရှောင်မိသားစုထဲက ကလေးလေးကတော့ လေယာ​ဥ်မြင်တာနဲ့ကို ထွက်ပြေးပါသတဲ့။

စစ်အုပ်စုအာဏာသိမ်းထားတဲ့ ၅နှစ်အတွင်း စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဖေဖော်ဝါရီလဆန်းမှာထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးပြည်သူ ငါးထောင်ဦး နီးပါးမှာ ကလေးငယ် ၆၅၈ဦး​တောင်ပါဝင်ခဲ့တာပါ။

လောလောလတ်လတ်မှာပဲ ဖေဖော်ဝါရီ ၂၃ ရက်ည ၇ နာရီခန့်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ရွှေကျောင်းကန်ရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ဗုံးကြဲလို့ ပြည်သူ ၉ ဦးသေဆုံးခဲ့ရာမှာ ကလေးငယ် ၂ ဦး လည်း ပါခဲ့ပါတယ်။

ဒီက​နေ့ (​ဖေ​​ဖော်ဝါရီ ၂၄) မှာပဲ ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကိုစစ်တပ်တိုက်​လေယာဥ်က ဗုံးကြဲလို့ ‌ကလေးငယ်တွေ၊ ဈေးရောင်းဈေးဝယ်နေသူတွေအပါအဝင်ပြည်သူ ၁၇ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပြန်ပါတယ်။​သေဆုံးဒဏ်ရာရသူ အများစုဟာ အမျိုးသမီးနဲ့ က​လေးငယ်​တွေဖြစ်​နေပါတယ် ။

အထက်က ကလေးတွေအပြင် စိတ်ဒဏ်ရာ ရသွားခဲ့ကြတဲ့ ကလေးတွေလည်း အမြောက်အများ ရှိနေပါသေးတယ်။

ကလေးတွေ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေဟာ ကာလရှည်ကြာ စွဲနေနိုင်ပြီး အနီးကပ်ဆုံး ရှိမယ့် မိဘအုပ်ထိန်းသူတွေက အချိန်အတိုင်းအတာတစ်ခုအထိ ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်မယ်လို့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့တဲ့ Save the Children in Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မိဘအုပ်ထိန်းသူတွေက ကလေးတွေကို လုံခြုံစိတ်ချရတဲ့ အခြေအနေမှာ ရှိနေပြီဆိုတာ သိအောင်ပြောပြဖို့၊ မကြာခဏအချိန်ပေး စကားပြောဖို့ Save the Children in Myanmar ကအကြံပြုပါတယ်။

ကလေးတွေကို သူတို့စိတ်ဝင်စားတဲ့အလုပ်လေးတွေလုပ်စေပြီး စိတ်မအား လူမအား ဖြစ်နေတာကလည်း ဝေဒနာကို သက်သာစေမယ်လို့ Save the Children in Myanmar က ဆိုပါတယ်။

“နောက်ထပ် အကောင်းဆုံး နည်းလမ်းတစ်ခုတော့ မျှော်လင့်ချက် ထားတတ်တဲ့ စိတ်ကလေးကို ကလေးတို့ ပိုင်ဆိုင်အောင် လေ့ကျင့်ပေးတာပါ။ ‘အခုအခြေအနေက အဆင်မပြေဘူးဆိုတာ ဖေဖေ/မေမေတို့ သိပါတယ်။ ဒါပေမဲ့ ဒီထက် ပိုကောင်းအောင် ကြိုးစားနေတယ်နော်’ စသဖြင့် အားပေးလို့ ရပါတယ်။”လို့ Save the Children in Myanmar က အကြံပြုပါတယ်။

“ကလေးတို့အပေါ် မိဘအုပ်ထိန်းသူတွေက ချစ်ခြင်းမေတ္တာနဲ့ နွေးနွေးထွေးထွေး ဆက်ဆံပေးတာဟာ စိတ်နာကျင်မှုတွေဆီကနေ ပြန်လည်လွတ်မြောက်ဖို့ အထောက်အကူ ပြုပါတယ်”လို့ Save the Children in Myanmar က ဆိုပါတယ်။

ခေါင်းပေါ်ကနေ မကြာခဏ ဂျ​က်ဖိုက်တာတွေ ဖြတ်သန်းနေတဲ့ မန္တလေးမြို့မှာ စစ်ရှောင်နေတဲ့မစိုးတို့အတွက်တော့ သမီးကလေးရဲ့ စိတ်ဒဏ်ရာကို အချိန်ယူကုစားပေးရဦးမှာပါ။ အာဏာသိမ်းစစ်တပ်ကတော့ တံတားဦးလေဆိပ်ကနေ ဒေသအသီးသီးဆီ ဂျက်ဖိုက်တာတွေ ပျံသန်းပြီး ဗုံးကြဲလို့​ကောင်း​နေတုန်းပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

ဆောင်းပါး

ည ၈နာရီကျော် ဆိုတာညဦးပိုင်းသာရှိ​သေးပေမယ့်ရန်ကုန်မြို့​တော်မှာမလုံခြုံတော့တဲ့ အကြောင်တာမွေမြို့နယ်မှာနေထိုင်တဲ့လူငယ်တစ်ဦးက ဧပြီလဆန်းမှာရင်ဖွင့်ပါတယ်။

ဆောင်းပါး

ညောင်​လေးပင်မြို့နယ်မှာ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ကိုယ်ဝန်​ဆောင်မိခင်​သေဆုံးခဲ့တာကိုမျက်မြင်ကြုံတွေ့ခဲ့တဲ့ ရေတွင်းကုန်းရွာသားတစ်ဦးက ပြန်ပြောပြနေတာပါ။

ဆောင်းပါး

မင်းကွန်းတိုက်နယ်ထဲကချောင်းမကြီးရွာအနီးမှာ စစ်တပ်နဲ့ ​PDF ​​တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ် ကသေဆုံးဒဏ်ရာရသူများပြီးအထိနာခဲ့ပါတယ်။