နေ့သစ်/People’s Spring
စက်သုံးဆီကြောင့် ဗျာများနေရတဲ့ ပြည်သူလူထုအတွက် နောက်ထပ်အနှောင့်အယှက်ဖြစ်စရာ ထုတ်ပြန်ချက်တစ်ခု အာဏာသိမ်းစစ်တပ်က မတ် ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ မိုဘိုင်းဖုန်းဟန်းဆက်တွေကို မှတ်ပုံတင်ရမယ့် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)ဆိုတာကို စတင်အသုံးပြုတော့မယ်ဆိုတဲ့ ကြေညာချက်ပါ။
● စစ်ကောင်စီပြောတဲ့ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်
သေခံမှတ်ပုံတင်စနစ် (CEIR)ဆိုတာဘာလဲ
မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေး စက်ပစ္စည်းများရဲ့ မူရင်းအမှတ်အသား (International Mobile Equipment Identity – IMEI Code) ကို ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register – CEIR)မှာမှတ်ပုံတင်စေပြီးမှနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးကွန်ရက်များနဲ့ ချိတ်ဆက်အသုံးပြုရတဲ့စနစ်ပါ။

Public Service Announcement
IMEI ကုဒ်ဆိုတာ ဂဏန်း ၁၅ လုံးပါပြီး မိုဘိုင်းဖုန်းရဲ့ အမျိုးအစား၊ထုတ်လုပ်တဲ့ Brand ၊မော်ဒယ်နဲ့ ထုတ်လုပ်တဲ့ နိုင်ငံ စတဲ့အချက်အလက်တွေ ပါဝင်ပါတယ်။အခွန်မဆောင်ပဲ တရားမဝင်သွင်းလာတဲ့ ဖုန်းတွေကို သုံးလို့မရအောင် CEIR စနစ်ကထိန်းချုပ်မှာလို့ စစ်တပ်က ဖော်ပြပါတယ်။
အဲဒီကုဒ်နဲ့ မိုဘိုင်းဖုန်းထဲက ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ရယူနိုင်သလားဆိုတာကိုတော့ တိတိကျကျ မသိရသေးပေမယ့် ပြည်သူတွေကတော့စိုးရိမ်နေကြပါတယ်။
“ အခုက K pay လို အချက်အလက်နဲ့တောင် လိုက် နေအိမ်တွေထဲ ဝင်ဖမ်းနေတာ။အခု မှတ်ပုံတင်ရမယ့် ကိစ္စက ဘာမှန်းလဲ သေချာမသိဘူး။ဆင်းကဒ် တွေကလည်း မှတ်ပုံတင်ထားရတာဆိုတော့ ဖုန်းသုံးရတာတောင် တော်တော်လန့်လာပြီ” လို့ ရန်ကုန်မြို့က အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါအပြင် CEIR ဆိုတာ ဖုန်းရဲ့” မှတ်ပုံတင်” (Hardware ID/IMEI) ကို သိမ်းထားတဲ့ စနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ကားတစ်စီးရဲ့ အင်ဂျင်နံပါတ်ကို မှတ်ပုံတင်ထားသလိုမျိုးပါပဲ။ ဒါဟာ ဖုန်းကို “ ဖွင့်ပေးဖို့” နဲ့ “ ပိတ်ပစ်ဖို့” အတွက်ပဲ အဓိက အလုပ်လုပ်တာပါ။
စစ်ကောင်စီက ၂၀၂၆ ခုနှစ်၊ မတ်လ ပထမပတ်ကစပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)ကို စတင်အသုံးပြုမယ်လို့ ဆိုတယ်။ လက်ရှိသုံးနေတဲ့ဖုန်းတွေကိုတော့ အခွန်ပေးဖို့်လိုဘဲ အလိုအလျောက်ထည့်သွင်း ပေးသွားမယ်လို့ ဆိုပါတယ်။ အလိုအလျောက်စာရင်းထဲပါဖို့ဆိုရင် ကိုယ့်ဖုန်းဟန်းဆက်ထဲကို စစ်တပ်ထိန်းချုပ်မှုအောက်က မိုဘိုင်းဖုန်းအော်ပရေတာတစ်ခုရဲ့ဆင်းကတ်တစ်ခုခု ထည့်ထားရမယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ကစပြီး ခွင့်ပြုစာရင်းမှာမရှိတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို မိုဘိုင်းဆက်သွယ်ရေးကွန်ရက်တွေနဲ့ စတင်ချိတ်ဆက်အသုံးပြုချိန်မှ ရက်ပေါင်း (၃၀) အတွင်းသာ ယာယီအသုံးပြုခွင့် ရရှိမှာဖြစ်ပြီးယင်းကာလအတွင်း ကျသင့်အခွန်နဲ့ ဒဏ်ကြေးတွေ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့် ရရှိမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
နိုင်ငံအတော်များများမှာတော့ ဒီစနစ်ကို “ ဖုန်းခိုးမှု ကာကွယ်ဖို့” နဲ့ “ သုံးစွဲသူ လုံခြုံရေး” အတွက် အလေးပေး သုံးကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အခုထုတ်ပြန်ချက်အရ “ အခွန်ကိစ္စ” နဲ့ ဖုန်းတွေကနေ ပြည်သူတွေကို ပိုမိုနောက်ယောင်ခံလိုက်ပြီးထိန်းချုပ်နိုင်ဖို့ ပိုပြီး ဦးစားပေးထားတာ တွေ့ရပါတယ်။
CEIR စနစ်ဟာ အာဏာသိမ်းစစ်တပ်အတွက်တော့ လူထုကို “ ဘယ်သူက ဘာကိုင်နေသလဲ” ဆိုတာကို စာရင်းဇယားနဲ့ တိတိကျကျ သိရှိသွားစေမယ့် လက်နက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ အရင်ကထက် ပိုပြီး Digital Security ကို ဂရုစိုက်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ ဒီစနစ်ကို စစ်တပ်လက်အောက်ခံဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန နဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက ၂၀၂၂ ခုနှစ်ကတည်းကစပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။
●Digital ပိုက်ကွန်ထဲ မိသွားနိုင်ခြင်း
အရင်က ဖုန်းတစ်လုံးကို အပိတ်ခံရရင် SIM ကတ်အသစ်လဲပြီး သုံးလို့ရပါသေးတယ်။ အခု CEIR စနစ်မှာတော့ –
• ဖုန်း Hardware ကိုပါ မှတ်ပုံတင်ထားတာဖြစ်လို့: လူတစ်ယောက်ရဲ့ အမည်၊ မှတ်ပုံတင်၊ SIM ကတ်နံပါတ်နဲ့ သူကိုင်ထားတဲ့ ဖုန်းရဲ့ IMEI တို့ဟာ တစ်တွဲတည်း ဖြစ်သွားပါတယ်။
• Target ထားခြေရာခံခြင်း: နိုင်ငံရေးအရ လှုပ်ရှားသူတွေကို သူတို့ရဲ့ ဖုန်း IMEI ကနေတစ်ဆင့် ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို Operator တွေဆီက ဒေတာတောင်းပြီး ပိုမိုတိကျစွာ ခြေရာခံလာနိုင်ပါတယ်။
၂။ Privacy (ကိုယ်ရေးလုံခြုံမှု) ဆိုင်ရာ စိုးရိမ်ချက်များ
ဖုန်းထဲက Message တွေကို တိုက်ရိုက်ဖတ်လို့ မရဘူးဆိုပေမဲ့ –
• ဖုန်းခေါ်ဆိုမှုမှတ်တမ်း (Call Logs): ဘယ် IMEI ရှိတဲ့ဖုန်းက ဘယ်သူ့ဆီကို ဖုန်းခေါ်သလဲဆိုတာကို ကြည့်ပြီး လူမှုကွန်ရက် (Social Mapping) ကို ဖော်ထုတ်နိုင်ပါတယ်။
• ဖုန်းပိတ်သိမ်းခြင်း: ဆန္ဒပြပွဲတွေ ဒါမှမဟုတ် လှုပ်ရှားမှုတွေရှိတဲ့ နေရာတွေမှာ အဲဒီနားက ဖုန်းတွေကို IMEI ကနေတစ်ဆင့် အုပ်စုလိုက် ဆက်သွယ်ရေးဖြတ်တောက် (Block) တာမျိုး လုပ်လာနိုင်ပါတယ်။
CEIR ကြောင့် ဖုန်းခိုးနားထောင်ဖို့ တိုက်ရိုက်ကြီး အထောက်အကူမပြုပေမဲ့ “ ဘယ်သူ့ကို နားထောင်ရမလဲ” ဆိုတာကိုတော့ ပိုပြီး တိကျသွားစေနိုင်ပါတယ် –
• အရင်က SIM ကတ်ပဲ မှတ်ပုံတင်ထားတာမို့ SIM ကတ်လဲလိုက်ရင် ဘယ်သူဘယ်ဝါမှန်း ခွဲရခက်နိုင်ပါတယ်။
• အခု CEIR မှာပါ ဖုန်းရဲ့ IMEI ကို မှတ်ပုံတင်လိုက်တဲ့အတွက် “ ဒီဖုန်းစက်ပစ္စည်းကို ဘယ်သူကိုင်နေတာလဲ” ဆိုတာကို အစိုးရက အတိအကျ သိသွားပါတယ်။ အဲဒီအခါမှာ အဲဒီလူရဲ့ ဖုန်းလိုင်းကို အော်ပရေတာကတစ်ဆင့် စောင့်ကြည့်ဖို့ ပိုပြီး လွယ်ကူသွားစေပါတယ်။
၃။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ?
ဒီလိုအခြေအနေမျိုးမှာ နည်းပညာအရ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ နည်းလမ်းအချို့ ရှိပါတယ် –
• End-to-End Encryption သုံးပါ: ဖုန်းလိုင်းကနေ တိုက်ရိုက်ဖုန်းခေါ်တာ၊ SMS ပို့တာမျိုး ရှောင်ကြဉ်ပါ။ လုံခြုံရေးပေးတဲ့ App တွေနဲ့ပဲ ဆက်သွယ်ပါ။
• VPN အမြဲသုံးပါ: အင်တာနက်သုံးတဲ့အခါ VPN သုံးခြင်းက သင့်ရဲ့ Data တွေကို အော်ပရေတာက ကြားဖြတ်ကြည့်ရှုတာကနေ အကာအကွယ်ပေးပါတယ်။
• အရေးကြီးလျှင် ဖုန်းခွဲသုံးပါ: နိုင်ငံရေးအရ အရေးကြီးတဲ့ အလုပ်တွေလုပ်တဲ့အခါ မိမိရဲ့ ကိုယ်ရေးကိုယ်တာ မှတ်ပုံတင်ထားတဲ့ဖုန်းနဲ့ မရောထွေးဘဲ သီးသန့်ဖုန်း (Burner Phone) သုံးစွဲတာမျိုးက ပိုစိတ်ချရပါတယ်။
• Second-hand ဖုန်းဝယ်လျှင် သတိထားပါ: တစ်ပါးသူဆီက ဖုန်းဝယ်တဲ့အခါ အဲဒီဖုန်းက CEIR မှာ အမည်ပျက်စာရင်း (Blacklist) သွင်းခံထားရတဲ့ ဖုန်းဖြစ်နေရင် ဝယ်ပြီးတာနဲ့ သုံးမရဖြစ်သွားနိုင်ပါတယ်။
စစ်တပ်ကျင့်သုံးမယ် ဆိုတဲ့ CEIR စနစ် ၊ဒီစနစ်ရဲ့ အန္တရာယ် ၊ ပြည်သူတွေရဲ့ဒစ်ဂျစ်တယ်လုံခြုံရေး
အတွက် သိသင့်သိထိုက်တာတွေကို People’s Spring က နည်းပညာကျွမ်းကျင်သူတဦးကိုမေးမြန်းထားပါတယ် ။
●နည်းပညာကျွမ်းကျင်သူတဦးနဲ့မေးခွန်းသုံးခု
မေး- CEIR စနစ်ဆိုတာဘာလဲ၊ဘယ်လိုအလုပ်လုပ်တာလဲ ။
ဖြေ-CEIR ဆိုတာ လွယ်လွယ်ပြောရရင် ဖုန်း Handset ရဲ့ IMEI နာပါတ် ကို မှတ်ပုံတင် ခိုင်းတာပေါ့။ မှတ်ပုံမတင်ထားတဲ့ Handset ကို နိုင်ငံအတွင်း အသုံးပြုလို့ မရအောင် ပိတ်လိုက်လို့ရတယ်။ အရင်က Sim Card တွေ Register လုပ်ခိုင်းတုန်းကလဲ IMEI နံပါတ်ကို တွဲကောက်ကြပါတယ်။ ဒါပေမယ့် အဲ့အချိန်တုန်းကတော့ Sim ကိုပဲ မှတ်ပုံမတင်ထားရင် တရားမဝင်လို့ သတ်မှတ်ပြီး ပိတ်တာ။ အခုကတော့ Handset ကိုပါ ဘာ sim ထည့်ထည့် Register မလုပ်ထားရင် သုံးမရအောင် လုပ်လိုက်ဖို့ ရည်ရွယ်တာပါ။ Sim Card တွေ Register လုပ်ချိန်က IMEI နံပါတ်တွေက ISP တွေ ဘက်မှာပဲ သီးသန့် ရှိနေပြီး အခု ကတော့ Central Database နဲ့ အကုန်ချိတ်ဆက်လိုက်တာပါ။ ဖုန်းဝယ်ယူတဲ့ အခွန်အခ မပေးဆောင်ထားတဲ့ သူတွေ အခွန်ပေးဆောင်တဲ့ အခါ TIN number တွေ UID နံပါတ်တွေပါ တောင်းခံတာ ဖြစ်လို့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အကုန်က Handset ရဲ့ IMEI နံပါတ်၊ Sim Number နဲ့ ချိတ်သွားမှာ ဖြစ်ပါတယ်။
မေး-ပြည်သူတွေ ဒစ်ဂျစ်တယ်လုံခြုံရေးအတွက်ဘာတွေလုပ်လို့ရလဲ ။
ဖြေ- ပြည်သူတွေအနေနဲ့လည်း ရွေးချယ်စရာ မရှိနေသေးပါဘူး။ဟန်းဆက်ကို register မလုပ်ရင် အဲ့ ဟန်းဆက်ကိုနိုင်ငံအတွင်းမှာ Sim Card ထည့်ပြီး သုံးမရအောင်(စစ်ကောင်စီက) လုပ်တာပါ။ Sim Card ထည့်ပြီး ဖုန်းလိုင်းတက်လာတာနဲ့ လှန်းပိတ်ချလိုက်လို့ ရပါတယ်။ အခု တွေ့နေတဲ့ “ Device Blocking Status” ဆိုတာ အဲ့ဟန်းဆက် ကို နိုင်ငံအတွင်း အသုံးပြုခွင့် ပိတ်ထားခြင်း အခြေအနေကို ဖော်ပြတာပါ။
ကိုယ့်အတွက် အရမ်းအရေးကြီးတဲ့ဟန်းဆက် တွေကို လက်ရှိမှာ ဟန်းဆက်ထဲက Sim ကို ထုတ်လိုက်သင့်ပါတယ်။ အဲ့ဒီ ဟန်းဆက်ကို မြန်မာအတွင်းမှာ ဆိုရင် ဘယ် sim မှ မထည့်ပဲ WiFi only ပဲ ချိတ်ဆက်အသုံးပြုပါ။ တခြားနိုင်ငံက Sim, e-Sim တွေလည်း မြန်မာနိုင်ငံအတွင်းဆိုရင် အရေးကြီးတဲ့ဟန်းဆက် ထဲကို မထည့်ပါနဲ့။ မြန်မာ နိုင်ငံ မှာ ရှိတဲ့ တာဝါတိုင်ကို ချိတ်ရမှာပဲ ဖြစ်လို့ Register လုပ်ခိုင်းခြင်းကို ရှောင်လွှဲလို့မရပါဘူး။
မေး-အခုစနစ်ကြောင့်ပြည်သူတွေက မှတ်ပုံတင်ထားတဲ့ ဟန်းဆက် အသုံးပြုတာနဲ့ စစ်တပ်က
အဲဟန်းဆက်ထဲက အချက်အလက်တွေကိုပါ
ခြေရာခံလို့ ရနိုင်လား ။
ဖြေ-ဟန်းဆက် ကနေ အထဲက အချက်အလက်တွေ ကို ခြေရာခံလို့တော့မရပါဘူး။ App တွေကိုလည်း ခြေရာခံရလို့မရပါဘူး။ ပြဿနာ ရှိတာက Register မလုပ်ထားတဲ့ handset တွေကို App တွေကနေ OTP မပို့တာနဲ့။ Handset တည်နေရာနဲ့ လူတွဲပြီး tracking လိုက်လို့ရသွားတာပါ။
(အာဏာသိမ်းစစ်တပ်က ပြည်သူတွေကိုအင်တာနက်သုံးစွဲမှု နည်းမျိုးစုံနဲ့ခက်ခဲအောင်လုပ်သလို အင်တာနက်ဖြတ်တောက်တာကို နိုင်ငံဒေသအများအပြားမှာပြုလုပ်နေပေမယ့် ပြည်သူတွေဟာ နေ့စဥ်ဘဝမှာ သတင်းအမှန်တွေကိုသိဖို့ ၊စီးပွားရေး၊ဖျော်ဖြေရေး၊ကျန်းမာရေး၊လူမှုရေးတို့အတွက် အင်တာနက်ကို အဓိကအားထားအသုံးပြုနေကြပါတယ်။ ။ဓါတ်ပုံ-AFP )



















































