Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှီကျင့်ဖျင်ကို လေဆိပ်ထိဆင်းပြီး ထရမ့်ကြိုဆို၊ B-1 ဗုံးကြဲလေယာဉ်တွေပါ ဂုဏ်ပြု ပျံသန်းစေခဲ့

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

ဒါဟာ ရှီက ဆယ်စုနှစ် တစ်ခုကျော် ကာလအတွင်း အမေရိကန်ရဲ့ မြို့တော်ဆီ ပထမဆုံး ခြေချခြင်းလည်း ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေအရ ထရမ့်ဟာ ဧည့်သည်တော် နိုင်ငံခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံလေ့ ရှိပေမယ့် သူ့ရဲ့ စူပါပါဝါ ပြိုင်ဘက်ကိုတော့ အန်ဒရူးစ် လေတပ်စခန်းထိ သွားရောက် ကြိုဆိုခဲ့တာပါ။

စက်တင်ဘာ ၂၃ ရက်နေ့တုန်းက လေတပ်စခန်းဆီ ရှီရဲ့ လေယာဉ်ဆင်းသက်လာတဲ့နောက် ရှီနဲ့ ဇနီးဖြစ်သူ ပန်လိယွမ်တို့ကို ကော်ဇောနီခင်း၊ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တာပါ။ ထရမ့်နဲ့ ဇနီးဖြစ်သူ မယ်လာနီယာ ထရမ့်တို့ဟာ လေယာဉ်ရဲ့ လှေကားနားထိ သွားရောက်ပြီး ဧည့်သည်တော် သမ္မတ ဇနီးမောင်နှံကို နှုတ်ဆက်ခဲ့ကြပါတယ်။

ပြီးတော့ အဲဒီအချိန်မှာပဲ လေတပ်စခန်းရဲ့ အထက် ကောင်းကင်ယံမှာ B-1 ဗုံးကြဲလေယာဉ်ကြီး နှစ်စီးကလည်း ရှီကို ဂုဏ်ပြု ပျံသန်းပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝါရှင်တန် ဒီစီကို ရှီရောက်ရှိလာတဲ့ နေ့မှာပဲ အမေရိကန်နဲ့ တရုတ်တို့ဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး ပြိုင်ဆိုင်မှုတွေ ဆိုင်းငံ့ထားမယ့် ကာလကို ဇန်နဝါရီ ၁၀ ရက်နေ့ထိ သက်တမ်း ထပ်တိုးလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။ မူလတုန်းက အဲဒီသဘောတူညီမှုဟာ နိုဝင်ဘာမှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။

လေဆိပ်မှာ ရှီကို ထရမ့်က ကိုယ်တိုင်လာကြိုခဲ့ပေမယ့်လည်း ဝါရှင်တန် ဒီစီကို သွားရောက်ချိန်မှာတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ သီးခြားယာဉ်တန်းတွေနဲ့ ထွက်ခွာသွားပါတယ်။ သူတို့နှစ်ဦးဟာ မေလတုန်းက ဘေဂျင်းမှာ နောက်ဆုံးအကြိမ် လူချင်းတွေ့ခဲ့ပြီး အဲဒီတုန်းကလည်း ရှီက ထရမ့်ကို တခမ်းတနား ကြိုဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက နှစ်နိုင်ငံ ဆွေးနွေး ညှိနှိုင်းမှုတွေဟာ မျှော်လင့်ထားသလောက် ထရမ့်အတွက် အကျိုးမဖြစ်ထွန်းခဲ့ကြောင်း ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနကတော့ ထရမ့်က ရှီကို ခေါင်းဆောင်ကောင်း တစ်ဦးလို့ ညွှန်းဆိုခဲ့ပြီး သူ့ရဲ့ ခရီးစဉ်ကိုလည်း ခမ်းနားတဲ့ အခိုက်အတန့် တစ်ခုအဖြစ် ချီးကျူးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ရှီကလည်း အင်္ဂလိပ်နဲ့ တရုတ် နှစ်ဘာသာ ပါဝင်တဲ့ ထုတ်ပြန်ချက်မှာ တရုတ်နဲ့ အမေရိကန်တို့ဟာ ပြိုင်ဘက်တွေအစား မိတ်ဖက် နိုင်ငံတွေ ဖြစ်နေသင့်တာလို့ ရေးသားထားခဲ့ကြောင်း ရှင်ဟွာက ဆိုပါတယ်။

ရှီဟာ ဝါရှင်တန်ဒီစီမှာ ၃ ရက်ကြာ နေထိုင်ဖို့ စီစဉ်ထားပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ အိမ်ဖြူတော်မှာ သူ့ကို ထရမ့်က အခမ်းအနားနဲ့ ကြိုဆိုမှာဖြစ်ပြီး အဲဒီနောက်မှာတော့ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေး၊ နိုင်ငံတကာ ပဋိပက္ခတွေနဲ့ ဉာဏ်ရည်တု နည်းပညာ (AI)ဆိုင်ရာ ကိစ္စတွေအတွက် သမ္မတနှစ်ဦး တံခါးပိတ် ဆွေးနွေးမှာပါ။ ညနေပိုင်းမှာတော့ ထရမ့်က ရှီကို ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီမှာ ရှိနေချိန် အတောအတွင်း ရှီဟာ အမေရိကန် အမျိုးသား မော်ကွန်းတိုက်ဆီ သွားရောက် လည်ပတ်ဖို့လည်း စီစဉ်ထားပါတယ်။

ရှီရဲ့ ခရီးစဉ်ဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ ကျင်းပနေချိန်နဲ့လည်း တိုက်ဆိုင်နေပေမယ့် ရှီကတော့ အဲဒီညီလာခံကို တက်ရောက်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာ အကဲခတ်တွေကတော့ UNမှာ မိန့်ခွန်းပြောတာထက် ဝါရှင်တန် ဒီစီကို တိုက်ရိုက် သွားရောက်ခြင်းဟာ တရုတ်က အမေရိကန်နဲ့ အင်အား တန်းတူရှိတယ်ဆိုတဲ့ သတင်းစကားမျိုးကို ပြသရာ ရောက်တာကြောင့် ရှီက အခုလို စီစဉ်ခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကို တရားရုံး တစ်ခုက ကြားဝင် တားမြစ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

Facebook