Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတော်သမ္မတဦးဝင်းမြင့်မွေးနေ့ NUG ဂုဏ်ပြုဆုတောင်းလွှာ ထုတ်ပြန်

အာဏာရှင်စနစ် အပြီးတိုင်ဖယ်ရှားမယ့် နောက်ဆုံးလက်ကျန်တိုက်ပွဲတွေမှာ တော်လှန်ပြည်သူတရပ်လုံး ပိုစည်းလုံးစွာ ဆက်ပါဝင်ကြဖို့ တိုက်တွန်း

နိုဝင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ၇၅နှစ်ပြည့် မွေးနေ့ မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုဆုတောင်းလွှာ ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတကြီးရဲ့ ၇၅နှစ်ပြည့် စိန်ရတုမွေးနေ့ဟာ မြန်မာ့တော်လှန်ရေးအတွက် အောင်ပွဲအာရုဏ်ဦးနဲ့ မျှော်လင့်ချက်အသစ်များကို ဆောင်ကြဉ်းပေးနိုင်ပါစေလို့ ဆုတောင်းခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ၂၀၂၆ ဧပြီ ၁၇ ရက်မှာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ အခြေအနေကနေ မိသားစုနဲ့ ပြန်လည် ဆုံတွေ့ခွင့်ရခဲ့ပေမဲ့ လက်ရှိအထိ လွတ်လပ်ခွင့် အပြည့်အ၀ မရသေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“သမ္မတကြီးအနေဖြင့် လွတ်လပ်ခွင့်အပြည့်အဝမရရှိသည့် အခြေအနေမှ ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်းနှင့် ချစ်ခင်သော ပြည်သူများနှင့်အတူ အမြန်ဆုံး ပြန်လည်ဆုံတွေ့ကာ စစ်အာဏာရှင်စနစ် ကင်းစင်ပြီး လွတ်လပ်၍ ဂုဏ်သိက္ခာရှိသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးတွင် ရှေ့ဆောင်လမ်းပြအဖြစ် ဆက်လက်ဦးဆောင်နိုင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဆုတောင်း မေတ္တာလွှာ ပေးပို့အပ်ပါသည်။” လို့ NUGရဲ့ ဆုတောင်းလွှာမှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတဦးဝင်းမြင့်ဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဘဝတလျှောက်လုံး စိတ်ဓာတ် မယိမ်းမယိုင်ဘဲ သစ္စာရှိစွာ ပေးဆပ်ခဲ့သူ ဖြစ်ပြီး ပြည်သူလူထုက အပ်နှင်းထားသော ပြည်သူ့အာဏာကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်လျက် အသက်ကိုပဓာနမထားဘဲ မတရားမှုကိုဆန့်ကျင်ခဲ့တဲ့ ရဲရင့်ပြတ်သားသော ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ မတရား ကန့်သတ်ချုပ်နှောင်ခံထားရခြင်းမှ အလုံးစုံ မလွတ်မြောက်သေးသည့်တိုင်အောင် ယိမ်းယိုင်ပြောင်းလဲခြင်းမရှိသော စိတ်ဓာတ်ခွန်အား၊ ပြတ်သားသော နိုင်ငံရေးရပ်တည်ချက်နဲ့ ဒီမိုကရေစီအပေါ်ထားရှိတဲ့ သစ္စာတရားတို့ကို ကမ္ဘာသိ သက်သေပြနိုင်ခဲ့သော ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

“သမ္မတကြီး၏ စွန့်လွှတ်အနစ်နာခံမှုများသည် ယနေ့ နွေဦးတော်လှန်ရေးတွင် အသက်သွေးချွေးများစွာ ပေးဆပ်ဆင်နွှဲနေကြသော တော်လှန်ပြည်သူတစ်ရပ်လုံးအတွက် ကြီးမားသော စိတ်ဓာတ် ခွန်အားတစ်ရပ်ဖြစ်သကဲ့သို့ မျိုးဆက်သစ်များအတွက်လည်း ထာဝရစံပြအဖြစ် သမိုင်းတွင် ကမ္ပည်းတင်ကျန်ရစ်နေမည် ဖြစ်ပါသည်” လို့လည်း ဆုတောင်းလွှာမှာ ပါရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သမ္မတကြီးနဲ့ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုတို့ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာရေးတို့အတွက် အဆုံးထိတိုင် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိသစ္စာပြုကြောင်း ဖော်ပြပါတယ်။

အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားရှင်းလင်းမယ့် နောက်ဆုံးလက်ကျန် တိုက်ပွဲတွေမှာ တော်လှန်ပြည်သူတစ်ရပ်လုံးက ယခုထက်ပို စည်းလုံးညီညွတ်စွာ မမှိတ်မသုန်သော ဇွဲလုံ့လတို့ဖြင့် ဆက်လက် လက်တွဲပါဝင်ကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံရသူအားလုံး ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့က ဦးဝင်းမြင့်နေအိမ်ရှေ့သွားရောက် တောင်းဆို