Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်တဲ့ ကိစ္စက စစ်ပွဲမဖြစ်ခင်။ အဲဒါ သူတို့(စစ်​ကောင်စီတပ်) လုပ်ပြီးမှ တိုက်ပွဲက ဖြစ်တာ”

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြိုကနယ် မိုဆိုကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားပြည်သူ ၃၅ဦးထက်မနည်းကို ဒီဇင်ဘာ ၂၄ ရက်ကမီးရှို့သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သက်သေအထောက်အထားများစု​ဆောင်း​နေမှု ၊ စစ်ကောင်စီတပ်က သက်သေများဖျောက်ဖျက်ရန်ကြိုးစား​နေမှု စသည်တို့ကို ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို People’s Spring သတင်းဌာနက ယ​နေ့(ဒီဇင်ဘာ ၂၇ တွင်)မေးမြန်ထားသည်ကို​ဖော်ပြလိုက်ပါသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က ပြည်သူ အနည်းဆုံး ၃၅ ဦးပါဝင်​သောကားကို ကား​ရောလူများကိုပါ မီးရှို့ သတ်ဖြတ်သဖြင့် ကားမီးလောင်​နေစဥ်)

ပြည်သူ၃၅ဦးကိုအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုအပေါ် KNDF ပြောရေးဆိုခွင့်ရှိသူနှင့် မေးမြန်းခန်း

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြိုကနယ် မိုဆိုကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားပြည်သူ ၃၅ဦးထက်မနည်းကို ဒီဇင်ဘာ ၂၄ ရက်ကမီးရှို့သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သက်သေအထောက်အထားများစု​ဆောင်း​နေမှု ၊ စစ်ကောင်စီတပ်က သက်သေများဖျောက်ဖျက်ရန်ကြိုးစား​နေမှု စသည်တို့ကို ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို People’s Spring သတင်းဌာနက ယ​နေ့(ဒီဇင်ဘာ ၂၇ တွင်)မေးမြန်ထားသည်ကို​ဖော်ပြလိုက်ပါသည်။

​မေး-ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ဖြစ်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကိစ္စကို စစ်ကောင်စီဘက်က သက်သေ ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ KNDFက ထုတ်ပြန်ထားတာ​တွေ့ရပါတယ်။စစ်​ကောင်စီကဘယ်လိုသက်​သေ​ဖျောက်ဖို့ကြိုးစား​နေတာလဲ။

​ဖြေ- အခုက သူတို့ မီးရှို့လိုက်တဲ့ လူထုတွေအလောင်းတွေကို သယ်ထုတ်ဖို့ နောက်ပြီးတော့ မှတ်တမ်းတွေယူနိုင်ဖို့ ကျွန်တော်တို့လုပ်တယ်။ သေသွားတဲ့လူထုတွေအလောင်းတွေကိုလည်း သူ့ရဲ့ ပြာပဲဖြစ်ဖြစ် ကျွန်တော်တို့ သယ်ထုတ်ပြီးမှ သူ့ရဲ့ဆွေးမျိုးသားချင်း အချို့ပေါ့နော် သိရတဲ့ သူတွေကို ပြန်ပြီးမှ သူတို့ ဘာသာရေးအရ ဖြစ်ဖြစ် ရိုးရာအရ ဖြစ်ဖြစ်ပြန်ပြီးမှ လုပ်နိုင်အောင် ကြိုးစားတာပေါ့။ ဒါပေမဲ့ စစ်ကောင်စီကတော့ အဲဒီလို ကျွန်တော်တို့ မယူနိုင်သေးတာကို သိတော့ သူတို့က တောက်လျှောက်စစ်ကြောင်းထိုးတာပေါ့။ ကျွန်တော်တို့ ဝင်လို့မရအောင် ပြီးတော့ မီးရှို့ထားတဲ့ ကားတွေအလောင်းတွေကို ဖျက်ဆီးပစ်ဖို့ တောက်လျှောက် လုပ်နေတာပေါ့။ အဲဒီနေရာကို ကျွန်တော်တို့ ဝင်လို့မရအောင်လုပ်နေတာပေါ့။

Public Service Announcement

Public Service Announcement

​မေး-စစ်ကောင်စီတပ်​ရော အဲဒီနေရာကို ဝင်နိုင်တဲ့အလားအလားရှိလား။

​ဖြေ-အဲဒါတော့ ကျွန်တော်တို့လည်း တရားသေပြောလို့မရဘူး။ သူတို့ အင်အားအလုံးအရင်းနဲ့ လက်နက်ကြီးတွေ နောက် လေကြောင်း ပစ်ကူတွေလာမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း တားနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအခြေအနေ ပုံမှန်အနေအထားအရဆိုရင် ကျွန်တော်တို့လည်း ဝင်လို့မရသလို သူတို့လည်း ဝင်လို့ မရဘူးဆိုတဲ့ အခြေအနေမျိုးတော့ ဖြစ်နိုင်တာပေါ့။

​မေး- အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်လိုက်တယ်လို့ KNDFက ထုတ်ပြန်ပြီးတဲ့နောက်မှာ စစ်​ကောင်စီတပ်က အဲဒီနေရာကို ထပ်ပြီး စစ်ကြောင်းထိုးထားတာလား။

​ဖြေ- တောက်လျှောက်ပဲ။ ဒီ ၂၄ရက်နေ့မှာ ဖြစ်တယ်။ ပြီးရင် ၂၅ရက်နေ့ရော ၂၆ရက်နေ့ရော ဒီ ၂၇ရော တောက်လျှောက် သူတို့ တောက်လျှောက်တက်လာတာပေါ့။ ကျွန်တော်တို့လည်း တက်နိုင်သလောက် ဒီအလောင်းတွေမှတ်တမ်းတွေ ယူနိုင်ဖို့ ကြိုးစားနေတာပေါ့။

​မေး-ကနဦးတုန်းက သူတို့တွေ ဒီလိုကျူးလွန်ပြီးထားသွားတယ်။ နောက် သတင်းတွေထွက်တဲ့အပေါ်မှာ ပြန်ဝင်လာတဲ့ သဘောလား

​ဖြေ-အဲဒီလိုလည်း ပြောလို့ရတယ်။ သူတို့ဘက်ကလည်းမီဒီယာကို ပြန်အသုံးပြုပြီးတော့မှ အမှောင်ချနိုင်ဖို့ သူတို့လည်း လုပ်မှာပဲလေ။ ဒီကိစ္စကလည်း ဂျီနိုဆိုက်ကိစ္စလေ။ အစုလိုက် အပြုံလိုက် သတ်တဲ့ကိစ္စ ဖြစ်တယ်။ အခုကလည်း နိုင်ငံတကာမှာလည်းပေါက်နေတော့ ဒီသတင်းကို ပြောင်းပြန်လှန်နိုင်ဖို့ ကြိုးစားနေသလို မှန်းဆလို့ရတာက သူတို့က တက်နိုင်သလောက် မြို့တွေရဲ့အနီးတ၀ိုက်ကို နယ်မြေရှင်းလင်းရေး လုပ်နိုင်ဖို့ သူတို့ အားဖြည့်တာမျိုးလည်း ဖြစ်မယ်။

မေး-စစ်ကောင်စီကတော့ အခုလို ကျူးလွန်လိုက်တာ ဒါပေမဲ့ ဒီသတင်းတွေက ပြန့်သွားတဲ့အပေါ် သက်သေဖျောက်ဖို့ ကြိုးပမ်းနေတယ်ဆိုတယ်ဆိုတာမျိုးလား။

​ဖြေ-ဒါကတော့ သူတို့ လုပ်နေကြ အလုပ်ပဲလေ။ တကယ်လို့ ဗူးပေါ်သလို ပေါ်တာတောင်မှ ဗြောင်လိမ်ဗြောင်စားလုပ်တာပဲလေ။ ဒါသူတို့ လုပ်နေကြ အလုပ်ပဲလေ။ ဒီထက်လည်း ပိုပြောစရာမရှိပါဘူး။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ အသိုင်းအ၀ိုင်းမှာကတော့ စစ်ကောင်စီက ဒီလိုမျိုး အကျင့်ရှိတယ် ဒီလိုမျိုး လုပ်တက်တယ်ဆိုတာ အားလုံးတော့ နားလည် သဘောပေါက်ထားကြာတာပဲ။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ဘယ်လိုမြင်လဲ မပြောတက်ဘူးပေါ့။သူတို့(စစ်ကောင်စီ)ကတော့ သက်သေဖျောက်ဖျက်လို့ ရရင်ရ မရလို့ရှိရင် ဗြောင်လိမ်မှာပဲ။ ဒါထက်ပိုမှာမှ မဟုတ်တာ။

​မေး-KNDF ကသက်သေအထောက်အထား​တွေစု​တယ်လို့သိ့ရ​တော့ သက်​သေအ​ထောက်အထားရရှိမှုနဲ့ပတ်သက်ပြီး ပြောပြလို့ရတာ ရှိရင် ပြောပေးပါလား

​ဖြေ- သက်သေအထောက်အထားကတော့ ကားအမျိုးအစားနဲ့ ကားပုံစံတွေ ၊ ကားနံပတ် ဖော်ထုတ်တဲ့ ကိစ္စတွေ၊ နောက်တစ်ခုက အသတ်ခံရတဲ့ မိသားစုထဲက မိသားစုဝင်တွေက ပြီးတော့ ဘယ်နေ့ ဘယ်ရက်ဘယ်အချိန်မှာ သူတို့ထွက်သွားပြီး ဘယ်နေရာမှာ ရောက်နေတယ်ဆိုတာကို အချိတ်အဆက်မိတာမျိုးတွေရှိတဲ့သူတွေကိုတော့ ကျွန်တော်တို့ အတည်ပြုလို့ရတာမျိုးရှိတာပေါ့။ နောက်တစ်ခုကလည်း ဖြစ်တဲ့အချိန်တုန်းက မိုဆိုရွာ တစ်၀ိုက်က စစ်ရှောင်တော့ ရှိတယ် ဒါပေမဲ့ အကုန်လုံးတော့ ရှောင်တာမဟုတ်ဘူး နည်းနည်း လမ်းသွားလမ်းလာ ပုံစံမျိုး တွေ့ခဲ့ရတယ်ဆိုတဲ့ ပုံစံမျိုး အချို့ရှိတယ်။ နောက်ပြီး အဲဒီ အခင်းမဖြစ်ခင်မှာ အသတ်ခံရတဲ့ သူတွေ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှု လုပ်နေတဲ့ အချိန်မှာ တွေ့တဲ့သူ ရှိတယ်ဆိုတဲ့ဟာမျိုးတွေပေါ့။

​မေး-ဒီလို ရက်ရက်စက်စက် လုပ်ဆောင်သွားတဲ့အပေါ် ဘာပြောလိုပါသလဲ။

​ဖြေ-ဒါကတော့ နှစ်ပေါင်းများစွာ ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေတွေမှာက ကြုံရစမြဲဖြစ်တယ်ပေါ့။ အရင်တုန်းက မှတ်တမ်းပဲပြောပြော မီဒီယာပဲပြောပြော ကျွန်တော်တို့မှာ ဘာမှ မရှိခဲ့တော့ ဘယ်သူမှ မသိဘူးဆိုတဲ့ ပုံစံမျိုးဖြစ် တာပေါ့။ အခုကတော့ ITခေတ်မှာတော့ IT ခေတ်လို့ ပြောပေမယ့် ကျွန်တော်တို့ ဒေသအခြေအနေက မီဒီယာပိုင်း အများကြီးအားနည်းသေးတယ် နောက်ပြီးတော့ ရုပ်သံမှတ်တမ်း ပြုစုတဲ့အခါမှာလည်း အားနည်းတာရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့က ဘာမှ မပြင်မဆင်ဘဲ ဒီတော်လှန်ရေးကို ဆင်နွှဲနေကြ တဲ့သူတွေဖြစ်တော့ ကျွန်တော်တို့ရဲ့ အားနည်းချက်ကြောင့် တချို့ကိစ္စတွေမှာက နိုင်ငံတကာ အသိုင်းအ၀ိုင်း ပဲဖြစ်ဖြစ် ၊တစ်နိုင်ငံလုံး အသိုင်းအ၀ိုင်းပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ အစုအဖွဲ့ သို့မဟုတ် အစိုးရ အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ် အသိပေးနိုင်မှု သေချာတဲ့ သတင်းအချက်အလက် ပေးနိုင်မှုကလည်း အားနည်းတာမျိုးရှိသလို တစ်ဖက်ကလည်း ဒီလိုမျိုး ဖြစ်အောင် နည်းမျိုးစုံနဲ့ လုပ်နေတာမျိုးတွေ အများကြီးရှိတာပေါ့။ ဥပမာ အခု ဖုန်းလိုင်းတွေဆိုရင် တစ်နာရီ တစ်ခါ တစ်နာရီ တစ်ခါလောက်ကို လိုင်းကျကျသွားတယ်။ အဲဒီလို ဖြစ်တယ်။ခြိမ်းခြောက်မှုတွေကလည်း မျိုးစုံပေါ့။ တစ်ပြည်နယ်လုံး အတိုင်းအတာ စစ်ကြောင်းတွေ ထိုးလာတာမျိုးတွေ တောက်လျှောက်လုပ်လာတာ။ တကယ်ထိုးမထိုးတော့ မပြောတက်ဘူး စစ်ရေးပြတာမျိုးတွေ တောက်လျှောက်ဖြစ်နေတာပေါ့။

​မေး-ဒီဇင်ဘာ ၂၄ ရက်​နေ့ကတော့ အဲဒီနားမှာ တိုက်ပွဲဖြစ်တယ် လူထုတွေကို စစ်ကောင်စီက ဖမ်းဆီးတယ်။ BGF တပ်ဖွဲ့ဝင် လေးဦးက ပြန်လွှတ်ပေးဖို့ သွားညှိနှိုင်းတာကို မလွှတ်ပေးတဲ့အပြင် အဲဒီ တပ်ဖွဲ့ဝင် ၄ဦးကို သတ်လိုက်တယ်။ ပြည်သူတွေကိုလည်း မီးရှို့သတ်ဖြတ်လိုက်တယ် အဲဒီလိုမျိုးလား။

​ဖြေ-မဟုတ်ဘူး။ သူက အရင်ထွက်လာတယ်။ထွက်လာပြီးတော့မှ ဒေသအခြေအနေကို မသိတဲ့ ပြည်သူတွေ သွားလာလှုပ်ရှားတာမျိုးတွေရယ် နောက် သတင်းကြားလို့ စစ်ရှောင်ဖို့ ပြင်ဆင်နေတဲ့ လူထုတွေရယ် အဲဒါမျိုး လူတွေပါတယ်။ ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်တဲ့ ကိစ္စက စစ်ပွဲမဖြစ်ခင်။ အဲဒါ သူတို့ လုပ်ပြီးမှ တိုက်ပွဲက ဖြစ်တာ။

​မေး-ဟုတ်ကဲ့ Save The Children ကလည်း သူတို့ ဝန်ထမ်းတွေ ပျောက်တယ်ဆိုတာမျိုး ထုတ်ပြန်ထားတာပေါ့။ ကရင်နီဒေသခံအဖွဲ့တွေပြောတော့လည်း အဲဒီဝန်ထမ်းနှစ်ဦးက စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်လိုက်တဲ့ အထဲမှာ ပါသွားတယ်လို့ ဆိုတယ်။ အဲဒီ ဝန်ထမ်းတွေ မီးရှို့ခံရတဲ့အထဲ ပါမပါ အတည်ပြုလို့ရပါပြီလား။

​ဖြေ-နာမည်တော့ မပြောဘူးလေနော်။ ဒါပေမဲ့ ပါတယ်ဆိုတဲ့ အခြေအနေက ရာခိုင်နှုန်းက များသွားပြီ။ သူတို့ ဝန်ထမ်းပါတယ်ဆိုတာ သေချာတယ်လို့ ပြောလို့ရသွားပြီပေါ့။

​မေး-ဒီအခြေအနေတွေကို ကုလအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်တာမျိုးရော ရှိပါသလား။

​ဖြေ-ကျွန်တော်တို့ KNDFကနေရော နောက် ကရင်ပြည်အတိုင်ပင်ခံကောင်စီ KSCCကနေရော နောက် KSCC အောက်က လူ့အခွင့်အရေး ဆိုင်တဲ့ ကော်မတီတို့ နောက်လူသားချင်းစာနာထောက်ထားမှု ကော်မတီတို့ စတဲ့ ကော်မတီကနေပြီးတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ UNတွေအထိ ချိတ်ဆက်နိုင်ဖို့ ချိတ်ဆက်နေကြတယ်။ နောက် NUG ဖြစ်ဖြစ် NUCC ဖြစ်ဖြစ် တောက်လျှောက်ချိတ်နေတယ် လုပ်နေတယ်။ ဒီ နိုင်ငံတကာ အသိုင်းအ၀ိုင်း ကို သက်သေ သက်ကာယ အပြည့်အစုံနဲ့ တကယ့်ဟုတ်မှန်တဲ့အကြောင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်တယ် ဆိုတဲ့အကြောင်း သေချာနိုင်သလောက် သေချာအောင် လုပ်နေတာပေါ့။ သက်သေသက်ကာယ လုံး၀ ရာနှုန်းပြည့် ခိုင်လုံနိုင်အောင် ကျွန်တော်တို့က ကြိုးစားနေတာပေါ့။ အခုလက်ရှိ အခြေအနေမှာတော့ ခိုင်လုံမှု ရှိပြီပြောလို့ရ တာပေါ့ ။ဒါပေမဲ့ သက်သေပြချက် ပြနိုင်ဖို့ လုပ်နေတုန်းပဲ။ သူတို့က သတ်ပြီးမှ မီးရှို့တာလား သို့မဟုတ်ရင် အရှင် လတ်လတ် မီးရှို့တာလား၊ သို့မဟုတ် ဗုံးခွဲပြီး သတ်တာလား သို့မဟုတ်ရင် ဘယ်လိုမျိုး သတ်လဲ အဲဒါကို တိတိကျကျ ဖြစ်အောင်လုပ်နေတာပေါ့။ ဓာတ်ဆီနဲ့ လောင်းပြီးတော့မှ မီးရှို့တာလား စသဖြင့်ပေါ့ အဲဒါကို သေချာအောင် ကျွန်တော်တို့ သိတက်နားလည်သူတွေနဲ့ ကျွန်တော်တို့အဲဒါတွေ လုပ်နေတာပါ့။

​မေး-ဖမ်းထားတဲ့​ဒေသခံလူထုတွေကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းတဲ့နယ်ခြား​စောင့်တပ် ကလလတ(ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-KNPLF) က သူ့တပ်ဖွဲ့ဝင် ၄ဦးကိုလည်း စစ်ကောင်စီက သတ်လိုက်တာရှိတော့ အဲဒီ နယ်ခြားစောင့်တပ်က စစ်ကောင်စီအောက်ကပဲမဟုတ်လား။

​ဖြေ- နယ်ခြားစောင့်တပ်ကတော့ စစ်ကောင်စီအောက်ကပဲ။ ဒါပေမဲ့ သူက ဘယ်လိုမျိုးဖြစ်လဲဆိုတော့ အရင်တုန်းက ၉၄-၉၅ နောက်ပိုင်းက စပြီး ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးစဖြင့်ပေါ့အရင်တုန်းက စစ်အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်ပြီး ဘက်ပြောင်းလာတာပေါ့။ တချို့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ပြည်သူ့စစ် အနေနဲ့ ခံယူပြီးမှနေတယ်။ တချို့က နယ်ခြားစောင့်တပ်နဲ့နေတယ်အဲဒီလိုမျိုးပေါ့။ တကယ်တန်း ပြောရမယ်ဆိုရင်တော့ သူ့လက်အောက်က တပ်ဖွဲ့လို့ ပြောလို့ရတာပေါ့။ နောက်တစ်ခုက သူ့လက်အောက် အဖွဲ့အစည်းဆိုပေမယ့် လက်နက်ကိုင်အဖွဲ့တစ်ခုက ဘက်ပြောင်းလာတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တယ်ပေါ့။ သူတို့ကဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲ အဲဒါတော့ ပြောလို့မရဘူးပေါ့။

​မေး-ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)အနေနဲ့ သူတို့ ရဲဘော် ၄ဦးကို စစ်ကောင်စီက သတ်ဖြတ်တာနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်တာရှိပေမယ့် စစ်ကောင်စီကို ပြန်ခုခံဖို့ ရှိ၊မရှိဆိုတာ မျိုးတေ့ာ မပါဘူးပေါ့။ သူတို့ အဖွဲ့ကို ဘာတိုက်တွန်းလိုပါသလဲ။

​ဖြေ-ကလလတအဖွဲ့အစည်း အနေနဲ့တော့ ဒီအချိန်မှာကတော့ ပြတ်သားဖို့လိုတာပေါ့။ ဘယ်သူ့အတွက် ရပ်တည်ပြီး အလုပ်လုပ်မလဲဆိုတာတော့ ပြတ်ပြတ်သားသားလုပ်ဖို့လိုအပ်လာပြီပေါ့။

​​မေး-စစ်ကောင်စီက အခုလို လူထုတွေအပေါ် ကျူးလွန်တာ ကြုံရတော့ အကိုတို့စိတ်ထဲမှာ ဘယ်လို ဖြစ်သွားလဲ။

ကျွန်တော်တို့ အနေနဲ့ ဒီကိစ္စကို လုံး၀ လက်မခံနိုင်ဘူး။ နောက် ယူကြုံးမရဖြစ်တယ်ပေါ့။ဒီထက် ဆိုးတဲ့ သန်းခေါင်းထက် ညပိုနက်တာ မရှိတော့ဘူးပေါ့။ ကျွန်တော်တို့ အခြေအနေက ကျွန်တော်တို့လူထုတွေ ကျွန်တော်တို့ ဒီပြည်နယ်မှာရှိတဲ့ ပြည်သူ ပြည်သားတွေ အားလုံးကတော့ ဒီထက်ပိုပြီးတော့မှ ကြေကွဲ ဝမ်းနည်းစရာ တွေ ထပ်ကြုံရင်လည်း ကြုံနိုင်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ကြိုပြီးတော့ ပြင်ဆင်ဖို့ လိုတယ်။ ကျွန်တော်တို့ လူထုတွေကလည်း ဒီလို အဖြစ်မျိုး ထပ်မကြုံရအောင် အဓိက ပြင်ဆင်ရမယ်။ ကျွန်တော်တို့ KNDF အနေနဲ့လည်း သေချာတာ တစ်ခုက စစ်ကောင်စီကို ဒီ စစ်အာဏာရှင်တွေကို အမြစ်ပြတ် ချေမှုန်းဖို့ ဖြစ်ပေါ်လာတဲ့ တပ်ဖွဲ့တစ်ခု ဖြစ်တဲ့အတွက်ကြောင့် ဒီထက်ပိုပြီးတော့မှ ဂရုစိုက်ရမယ်။ ပြီးရင် ပြင်ဆင်မှုတွေ ပိုလုပ်ရမယ်။ ရန်သူတွေကို ကျွန်တော်တို့ တက်နိုင်သလောက် တွန်းလှန်ပြီးတော့ ဒီစနစ်ဆိုးကြီးကိုအမြစ်ဖြတ် ချေမှုန်းဖို့က တစ်ဖက်ကနေ ကျွန်တော်တို့ ကြေကွဲဝမ်းနည်းစရာ ဖြစ်သလို တစ်ဖက်ကနေလည်း ဒီအပေါ်မှာ အားယူပြီးတော့မှ ဒီထက်ပို ကြိုးစားပြီး လုပ်ဖို့လိုတယ်ဆိုတဲ့ဟာ ကြောင့် ကျွန်တော်တို့ကို တွန်းအား ဖြစ်စေပါတယ်။ အားနည်းချက်ကနေ အားသားချက် ဖြစ်အောင် ကျွန်တော်တို့ ပိုပြီးတော့မှ ရုန်းကန်ရမယ်ဆိုတဲ့ အသိတွေ ပိုပြီး ရလာတယ်လို့ပြောရမှာပေါ့။

​မေး-တစ်နိုင်ငံလုံးက ပြည်သူလူထုတွေကိုရော ဘာပြောလိုပါသလဲ။

​ဖြေ-တစ်နိုင်ငံလုံးက လူထုတွေကတော့ လေလိုင်းပေါ်ကနေပြီးတော့မှ နောက်ကနေပြီးတော့မှ ချ၊လုပ် ငါတို့ အားပေးမယ် ငါတို့ ရှိနေတယ်ဆိုတာထက် ပိုပြီးမှ ကျွန်တော်တို့တွေ ဘာလုပ်နိုင်မလဲ ဆိုတဲ့ အခြေအနေကနေ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်း ဖြစ်ဖြစ် အစုအဖွဲ့ဖြစ်ဖြစ် မြို့နယ် တိုင်း ပြည်နယ်ပဲ ဖြစ်ဖြစ် စစ်အာဏာရှင်ကို ဒီလိုမျိုးတွန်းလှန်တယ် လက်နက်ကိုင်တာ တစ်ခုတည်းမဟုတ်ဘဲနဲ့ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်း တစ်ပိုင် တစ်နိုင်လုပ်နိုင်တဲ့ ကိစ္စတွေ အင်အားအပြည့်အ၀နဲ့ သေသေချာချာ စနစ်ကျကျနဲ့ လုပ်ဆောင်ဖို့လိုတယ်ဆိုတာကို ပြောချင်တယ်။နောက်တစ်ခုကလည်း NUGပဲဖြစ်ဖြစ်၊ CRPHပဲဖြစ်ဖြစ်၊ NUCC ပဲဖြစ်ဖြစ် ရှိနေတဲ့ နိုင်ငံကို ကိုယ်စားပြုနေတဲ့ တိုင်းကို ပြည်နယ်ကို ကိုယ်စားပြုနေတဲ့ အစုအဖွဲ့တွေက လုပ်လိမ့်မယ် ဆိုတဲ့ စဉ်းစားချက်မျိုး လုံး၀ မဝင်မိစေဘဲ တစ်ဦးတစ်ယောက်ချင်းစီက ကိုယ်တိုင် ပါဝင်ဖို့ တိုက်တွန်းချင်တာပေါ့။

​ဖြေကြား​ပေးတာကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။