Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“သူတို့(ဟားခါးမှစစ်တပ်)ကတော့ အစကတည်းကိုက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ရစရာမရှိတော့လောက်အောင်ကို စိတ်ဓာတ်ကျတယ်။ တိုက်ချင်ခိုက်ချင်စိတ်ကမရှိတော့ဘူး”

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) အပါအဝင် ချင်းဒေသရှိ တော်လှန်ရေးတပ်များသည် ချင်းပြည်နယ်ဟားခါးစစ်ဗျူဟာသို့ ရိက္ခာ၊ လက်နက်ခဲယမ်း၊ စစ်အင်အားလာရောက်ပို့ဆောင်သည့် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ယာဉ်တန်းတစ်ခုလုံး ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။

CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီ
CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီ

▪︎CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့မေးမြန်းခန်း

သံချပ်ကာတင်ယာဉ် ၂စီး(အ​ပေါ့စားတင့်ကား ၂စီး) အပါအဝင် ယာဉ် အစီး (၃၀) ဝန်းကျင်ပါတဲ့ စစ်တပ်ထောက်ပို့ယာဉ်တန်းဟာ မတ်လ ၇ရက်မှာ စစ်ကိုင်းတိုင်း ကလေးမြို့က စတင်ထွက်ခွာလာတာဖြစ်ပြီး ဟားခါးကို လာတဲ့ လမ်းတလျှောက်လုံးမှာ တိုက်ခိုက်ခံရာဖြစ်ပါတယ်။ ဟားခါးမြို့ အနီးချွန်ကျုံးရွာကိုရောက်ရှိတဲ့အခါ ယာဉ်တန်းပါ သံချပ်ကာ ယာဉ် ၂စီးအပါအဝင် ယာဉ်အားလုံးကို ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ကလေး-ဟားခါးလမ်းဟာ ပုံမှန်အခြေအနေမှာကားနဲသွားမယ်ဆို တစ်ရက်ခန့်သာ ကြာပေမယ့် ချင်းပူးပေါင်းတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ယာဉ်တန်းဟာ တစ်လကျော်ကြာတဲ့အထိ ဟားခါးကို မရောက်နိုင်ဘဲ​နောက်ဆုံးမှာ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။ စစ်တပ်ယာဥ်တန်းတစ်ခုလုံးကို ချင်းပူး​ပေါင်းတပ်​တွေက တိုက်ခိုက်ဖျက်ဆီးနိုင်တာ ဒါပထမဆုံးဖြစ်ပါတယ်။စစ်တပ်ယာဉ်တန်းကို ချင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို People’s Spring ကဆက်သွယ်မေးမြန်းခန်းကို​ဖော်ပြလိုက်ပါတယ်။

အနု/People’s Spring

​မေး-စစ်ကောင်စီတပ်ယာဉ်တန်း ကလေးကနေ ဟားခါးစစ်ဗျူဟာကို တက်လာမယ်ဆိုတာကို ကြိုတင်သတင်းရခဲ့တာပါလား။

​ဖြေ- အဲဒါက မတ်လ ၇ရက်နေ့မတိုင်ခင်ကလေးမြို့မှာအဲဒီလိုမျိုးယာဉ်တန်းကြီးစုနေတယ်ဆိုတဲ့ဟာတော့ ကျနော်တို့ သတင်းကြိုတင်ရထားတယ်။ ကလေးကနေ စထွက်တာကလည်း ၇ရက်နေ့က စထွက်တယ်လို့ ပြောရမှာပေါ့။

Public Service Announcement

Public Service Announcement

မေး-ဒီလိုထွက်လာတဲ့အခါဒီယာဉ်တန်းကိုတိုက်ခိုက်တားဆီးဖို့ အစကတည်းကကြိုတင်ပြင်ဆင်ခဲ့တာလား။

​ဖြေ-ကျနော်တို့ CNF/CNA အနေနဲ့ကတော့ အဲဒီ ယာဉ်တန်းကြီးက အဓိက ဘာအတွက်လဲပေါ့။ သူတို့က စစ်အင်အားဖြည့်တင်းတာလား ရိက္ခာဖြည့်တာလား စသဖြင့်ပေါ့။ ပြီးတော့ ဘာတွေသယ်လာနိုင်သလဲ ၊ ဘာကားတွေလဲကစအ အဲဒါတွေလေ့လာပြီး ဟားခါးဗျူဟာအထိ မရောက်နိုင်အောင် ကျနော်တို့ ဘယ်လို စစ်ရေးကိုအကောင်အထည်ဖော်မလဲဆိုတဲ့ဟာ အတက်နိုင်ဆုံးပြင်ဆင်မှုလုပ်ထားတာပေါ့။

​မေး-ဒီတစ်ခေါက် စစ်​ကောင်စီတပ်ကအရပ်ဘက်ယာဉ်တွေသုံးလာတဲ့အပေါ် ဘယ်လိုမြင်မိပါသလဲ။

​ဖြေ- ကျနော်တို့အနေနဲ့ မြင်တာက ၁၂ဘီးကားတွေ ၆ဘီးတွေ အရပ်သားယာဉ်တွေ သုံးတဲ့အခါ အဲဒီမှာ ရိက္ခာနဲ့ လက်နက်နဲ့ ကျည်ဆံကတော့ ပိုပြီးတော့ သယ်လာမယ့်အနေအထား ကျနော်တို့ သုံးသပ်တယ်။ နောက်ပြီးတော့ အဲဒီ ယာဉ်တန်းတွေကို ကျနော်တို့က တိုက်ခိုက်ပြီးတော့ ပျက်စီးမှုတွေရှိရင်လည်း အဲဒါက ပြည်သူလူထုဟာ ဖြစ်တဲ့အတွက် စစ်ရေးအရ စစ်ယာဉ်မဟုတ်တဲ့အတွက် သူတို့က ပြည်သူလူထုဟာကို အဲဒီလိုမျိုး အလွဲသုံးစားလုပ်ပြီးတော့မှ ပျက်ရင် ပျက်ပါစေဆိုတဲ့ စိတ်ပေါ့။ တကယ်တော့ စစ်တပ်ဆိုတာ သူတို့ စစ်သုံးယာဉ်ကို အသုံးပြုရမှာဖြစ်တယ်။ ပြည်သူလူထုဟာ သုံးကတည်းက ကိုယ်က သူတို့က ပြည်သူလူထုကို လူသားဒိုင်းသဖွယ်ပြုလုပ်တာ။ ကျနော်တို့က ပြည်သူလူထုဥစ္စာကို မတိုက်ခိုက်ရဲအောင် ကြိုပြီးကာတဲ့သဘောပေါ့။

​မေး-အခုယာဉ်တန်းမှာ ချင်းတိုင်းရင်းသားတွေရဲ့ ယာဉ်တွေဆိုတာမျိုးတွေ့ရတယ်နော်။

​ဖြေ-အဲဒီမှာကတော့ ကားသမားတွေက ချင်းတိုင်းရင်းသားတွေပိုများတဲ့ သဘောရှိတယ်။ ဗမာတိုင်းရင်းသားတွေလည်းရှိတာပေါ့။အဓိကတော့ ယာဉ်ပိုင်ရှင်တွေက အဲဒီနေရာတွေက ချင်းတိုင်းရင်းသားတွေ နေတဲ့နေရာဆိုတော့ ချင်းတိုင်းရင်သားတွေယာဉ်ကို သုံးမှာပေါ့။ ချင်းပဲ ဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် အဲဒါ ပြည်သူက ပြည်သူပဲ။ပြည်သူ့ယာဉ်ကို စစ်ရေးမှာ အသုံးပြုကတည်းက ပြည်သူလူထုကို တစ်ဖက်လှည့်နဲ့ သူတို့က လူသားဒိုင်းသဖွယ်အသုံးပြုပြီး လုပ်တာပဲ။ စစ်ရာဇဝတ်မှုတစ်ခုပေါ့။

​မေး-အဲဒီယာဉ်တန်းမှာ ယာဉ်အစီးရေ ၃၀လောက်၊ သံချပ်ကာ ယာဉ် ၂စီးလောက်ပါတယ် စစ်သားအင်အား ၂၀၀လောက်ပါတယ်ဆိုတော့ တိုက်ခိုက်မှု​တွေကြောင့် သူတို့ သေဆုံးထိခိုက်မှုအခြေအ​နေသိရပါသလား။

​​ဖြေ- အဲဒီမှာ ကလေးမြို့ကနေ ထွက်လာကတည်းက တိုက်ပွဲက စနေပြီပေါ့။ အဲဒီမှာ ကလေးက အထွက်ဆိုရင် အဲဒီ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ CDM SIYIN ဒေသကာကွယ်ရေးတပ်ဖွဲ့က စတိုက်တာပေါ့။ အဲဒီ တလျှောက်လုံးနယ်မြေခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်းတိုက်တယ်။ အဲဒီလိုနဲ့ တလျှောက်လုံးတိုက်ခဲ့တာဖြစ်တယ်။ အဲဒီမှာ အကျအဆုံးက အင်အား ၂၀၀ လောက်ခန့်မှန်းတဲ့အထဲမှာ နောက်ဆုံးရောက်တဲ့နေရာမှာ အင်အားက ၄၀ လောက်ပဲ ခန့်မှန်းတယ်။ အဲဒီမှာ အကျအဆုံးပဲ မဟုတ်ဘဲ ဒဏ်ရာရတဲ့ သူတွေလည်းပါတယ်။ ပြီးတော့ နေထိုင်မကောင်းတဲ့ သူတွေလည်းပါတယ်။ ကျနော်တို့ဘက်ကို ကားသမားတချို့ထွက်ပြေးတိမ်းရှောင်လာတာရှိတယ် သူတို့ဆီကနေ အဲဒီလို သိရတာ။ ပြီးတော့ တိုက်ပွဲ အခြေအနေ ကြည့်ပြီးတော့မှပေါ့။ အကျအဆုံးကတော့ ပိုများတာပေါ့။ အကျအဆုံးကတော့ ၂၀၀ ထဲက တစ်ဝက်ကျော်ကျော်ကျတယ်လို့ ပြောလို့ရပါတယ်။

​မေး-လက်နက်ခဲယမ်းသိမ်းဆည်းရတာမျိုးရောရှိပါသလား။

​ဖြေ- ကျနော်တို့ ဒီတစ်ခါတော့ သူတို့ရဲ့ စစ်သုံးဆိုလို့ တင့်

ကား ၂စီးကို ဖျက်ဆီးလိုက်နိုင်တယ်ပေါ့။ ပြီးတော့ ကျန်တဲ့ လက်နက်တွေကတော့ မီးလောင်တဲ့ အထဲမှာ ပါသွားတဲ့ဟာလည်းရှိတာပေါ့။ ကျနော်တို့က ဒရုန်းနဲ့ ဗုံးကြဲတာရှိတယ်။ လက်နက်ရတာမျိုးတော့မရှိဘူး။ ဘာလို့လဲဆို တိုက်ပွဲကို နယ်မြေရှင်းလင်းမှု မလုပ်နိုင်သေးတာလည်းပါတယ်။ သူတို့က ကား ဗုံးကြဲခံရတော့ အဲဒီကားက မပျက်သေးတဲ့ ပစ္စည်းတွေကို ရှေ့ကားတွေကို တင်လိုက်တယ် ပြောင်းလိုက်ရွှေ့လိုက်လုပ်နေတဲ့အခါကျတော့လက်နက်တွေကိုယ်တိုင် သိမ်းဆည်းတာမျိုးတော့မရှိဘူး ဖျက်ဆီးတာတော့ရှိတာပေါ့။

​မေး-ကလေး- ဟားခါးလမ်းတလျှောက် တိုက်ပွဲ ဘယ်နှစ်ကြိမ်လောက်ရှိမယ်လို့ခန့်မှန်းရပါသလဲ။

​ဖြေ-ခန့်မှန်းရသလောက်တော့ အနည်းဆုံး ၃၀ ကြိမ်တော့ ဖြစ်တာပေါ့။ တိုက်ပွဲကြီး ၊တိုက်ပွဲငယ်။

​မေး-တိုက်ပွဲမှာ ပါဝင်တဲ့ ချင်းပူးပေါင်းတပ်ဖွဲ့ ဘယ်နှစ်ဖွဲ့လောက်ရှိပါသလဲ။ ချင်းပူးပေါင်းတပ်ဖွဲ့က ကျဆုံးဒဏ်ရာရ အခြေအနေကို ပြောပြပေးပါလား။

​ဖြေ-ကျနော်တို့ ချင်းအမျိုးသားတပ်မတော်အပါအဝင် အဲဒီမှာ ၇ဖွဲ့လောက်ရှိတယ်။ CDM SIYIN လည်းပါတယ်။ CNDF လည်းပါတယ်။ ပြီးတော့ CDF ဟွာငိုလည်းပါတယ်။ ပြီးတော့ ဟားခါးနဲ့ထန်တလန် -CDF တို့ ပူးပေါင်းတိုက်တာဖြစ်တယ်။ ကျနော်တို့ဘက်က အားလုံး ၈ဦး တိုက်ပွဲမှာ ကျတာပေါ့။ ၁၀ဦး ဒဏ်ရာရတယ်ပေါ့။

​မေး-ကျနော်တို့ အနေနဲ့ကတော့ သူတို့ အလာ ကို နေရာယူပြီး စောင့်တဲ့အနေအထား တလျှောက်လုံးမှာ နေရာကောင်းရထားတာတွေလည်းပါတာပေါ့။နောက်ပြီး ကျနော်တို့က မိုင်းနဲ့ ဒရုန်းကို ပိုပြီး အသုံးချနိုင်တယ်။ မြေပြင်တိုက်ပွဲက သူတို့ ယာဉ်တန်းကြီးကို လမ်းဘေးဝဲယာ ရှေ့နောက် လုံခြုံရေးယူတဲ့ သူတွေကို အနီးကပ်တိုက်တာဖြစ်တယ်။ ယာဉ်တန်းကြီးကို ကျနော်တို့ မကပ်နိုင်ခဲ့တဲ့အခါ ဒရုန်းတွေရယ် ရော့ကတ်တွေရယ် မိုင်းတွေရယ် အဓိက ချတာဖြစ်တဲ့အတွက် ပြီးတော့ နေရာက ကိုယ့်ဒေသ ကိုယ့်နယ်မြေဆိုတော့ နယ်မြေကျွမ်းကျင်မှုအရ ကျနော်တို့ဘက်က အသာစီးရနေတာဖြစ်တော့ ကျနော်တို့ ဘက်က အထိအခိုက်အသေအပျောက်နည်းရခြင်းဖြစ်တယ်။

​မေး-စစ်ယာဉ်တန်းကို အောင်မြင်အောင် တားဆီးနိုင်ခဲ့တာ အဓိက ဘယ်လိုကြောင့်လို့မြင်ပါသလဲ။ ဒီအတွက် တပ်ဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားခဲ့ရလဲ။

​ဖြေ-အဲဒါက ကျနော်တို့ဘက်က ပြင်ဆင်မှုကိုတော်တော် လုပ်ခဲ့ရတယ်ပေါ့။ ပြီးတော့ အဲဒီနေရာက စစ်ယာဉ်တန်း တက်လာတိုင်း တိုက်ပွဲအမြဲတမ်းဖြစ်တဲ့နေရာ။ သူတို့ဘက်ကတော့ တပ်တွေက အမြဲတမ်း အပြောင်းအလဲလုပ်တာဆိုတော့ ထုတ်နုတ်အင်အားနဲ့ဆိုတော့ အဲဒီ ဂွင်တကြောမှာ အတွေ့အကြုံ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဆိုတာ မရှိဘူးပေါ့။ နယ်မြေကျွမ်းကျင်မှုမှာ။ သူတို့က အသစ်တွေနဲ့ လုပ်ထားတာ ကျနော်တို့ကျတော့ အဲဒီနေရာက ကျနော်တို့ရဲ့ ကျင်လည်ကျက်စားရာနယ်မြေဖြစ်တယ် တိုက်ပွဲအတွေ့အကြုံလည်းရှိပြီးသားဖြစ်တဲ့အတွက်ပေါ့။ ဒီစစ်ယာဉ်တန်းကြီး အင်အားအလုံးအရင်းနဲ့ ဒီချင်းတောင်ကြီးကို တက်မလာနိုင်အောင်က ကျနော်တို့ တားဆီးနိုင်ဖို့က အဓိက အချက်ဖြစ်တာပေါ့။

​မေး-လမ်းတလျှောက်မှာ စစ်ကောင်စီကနေအိမ်တွေမီးရှို့တာရှိတော့ ထိခိုက်ပျက်စီးမှု အခြေအနေပြောပြပေးပါလား။

​ဖြေ-လမ်းတလျှောက်ကတော့ သူတို့ ရောက်တဲ့နေရာတိုင်းပေါ့။ အခုလည်း နောက်ဆုံးရောက်တဲ့ ချွန်ကျုံးရွာလည်း အိမ်တွေ မီးရှို့တာပေါ့ ဟားခါးက စစ်ကူလာတဲ့အဖွဲ့တွေလည်း ဟားခါးအထွက် လက်ရှိ မြို့သစ်မှာလည်း အဲဒီလို မီးရှို့တာတွေရှိနေတယ်။ ဖလမ်းကနေ အဲဒီ အထိဆိုရင် မီးလောင်တာ အိမ်ခြေ ၁၀၀နားကပ်နေပြီ။ ရွာကတော့ ၇ရွာလောက်ပါသွားတာပေါ့။

​မေး-ယာဉ်တန်းကို တားနိုင်တဲ့အောင်ပွဲအတွက် ဘယ်သူတွေကို အဓိကချီးကျူးဂုဏ်ပြုသင့်ပါသလဲ။

​ဖြေ-အဓိကတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေအားလုံးရယ် ပြီးတော့ နယ်မြေခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ ပြီးတော့ ဒီတခါတော့ ဒရုန်းနည်းပညာကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်ပေါ့။ ဒရုန်း Teamတွေကိုလည်း ချီးကျူးပါတယ်။ သူတို့ရဲ့ ကြိုးစားမှု သူတို့ကို နည်းပညာပေးတဲ့ သင်တန်းဆရာတွေကအစ ပေါ့နော် ပြီးတော့ အဲဒါတွေဖြစ်လာဖို့ ငွေကြေးအားဖြင့် ပံ့ပိုးနေတဲ့ ပြည်ပရောက်ချင်းပြည်သူတွေ ပြီးတော့ နည်းပညာပိုင်းအရ ပံ့ပိုးတဲ့ အဖွဲ့အစည်းအားလုံးကိုတော့ အထူးသဖြင့် ကျေးဇူးတင်ချင်တယ်။

​မေး-ဟားခါးကို ဒီထောက်ပို့ယာဉ်တန်းမရောက်နိုင်တော့ဘူးဆိုတော့ စစ်ကောင်စီအနေနဲ့ ဘာတွေလုပ်လာနိုင်ပါသလဲ။

​ဖြေ-အကြမ်းဖက်စစ်တပ်အနေနဲ့ အဲဒါတွေအဲဒီလို ဖြစ်လာပြီဆိုရင်တော့ သူတို့ကတော့ ချင်းတောင်မှာ နယ်မြေစိုးမိုးနိုင်ဖို့ သူတို့အင်အား ပြန်တည်ဆောက်နိုင်ဖို့ကတော့ ပိုပြီးတော့ သူတို့ အင်အားရှိရင်တော့ လုပ်လာမယ့်အနေအထားမှာရှိတယ်။ ဒုတိယက ပြည်သူလူထုအပေါ်လည်း ပိုပြီးတော့ အကြမ်းဖက်နှိပ်စက်တာမျိုးတွေ အဲဒါတွေတော့ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်အဆိုင်း ဆက်ပြီးတော့ လုပ်မှာပဲ။ ဘာလို့လဲဆိုတော့ သူ့မှာ အဲဒါမလုပ်ခင် ကြိုတင်ပြင်ဆင်မှုလုပ်ပြီးသား ဒါကဘာလဲဆိုတော့ ဒီဒေသကို စစ်အုပ်ချုပ်ရေးကြေညာထားတာ။ နောက်မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း သူတို့ရဲ့ တပ်မွေးနေ့မှာ ပြောထားပြီးတော့ ကျနော်တို့ကို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူမယ် ပြောပြီးသားဆိုတော့ အဲဒါမျိုးလုပ်လာမယ့်အနေအထားမှာတော့ရှိပါတယ်။ ဒါပေမဲ့ ဒါကတော့ သူက အဲဒီလိုမျိုးသူ့ဘက်ကနေ ဘလိုင်းကြီး လုပ်နိုင်မယ်လို့ ထင်ရင်တော့ သူမှားသွားမှာပေါ့။ ကျနော်တို့မှာ လုပ်စရာတွေ ပြင်ဆင်စရာတွေ ကျနော်တို့ ကြိုတင်ပြင်ဖို့အတွက် နိုင်ငံတကာကအစ အချိတ်အဆက်ကောင်းကောင်းနဲ့ လုပ်ဖို့တော့ ကျနော်တို့မှာလည်း တာဝန်ရှိသလို ဆက်ပြီးတော့လုပ်သွားမှာပဲ။

​မေး-စစ်တပ်ယာဉ်တန်း ဟားခါးမရောက်သွားဘူးဆိုတော့ ဟားခါးမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုသက်ရောက်နိုင်ပါသလဲ။

​ဖြေ-သူတို့(စစ်​ကောင်စီတပ်)ကတော့ အစကတည်းကိုက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ရစရာမရှိတော့လောက်အောင်ကို စိတ်ဓာတ်ကျတယ်။ တိုက်ချင်ခိုက်ချင်စိတ်ကမရှိတော့ဘူး။ ပြီးတော့ ကျနော်တို့နဲ့ ချင်းတောင်ဒေသကို တိုက်ပွဲတွေဖြစ်လာပြီဆိုရင် အတွေ့အကြုံမရှိသေးတဲ့ ရဲဘော်က လွဲလို့ အတွေ့အကြုံရှိတဲ့ ရဲဘော်တွေက တော်တော်လေး ကြောက်စိတ်ဝင်သွားမှာပဲ။ ဒါက ဘယ်လိုမှ တားလို့ဆီးလို့မရဘူး။ စစ်တပ်ပိုင်းမှာ သူတို့ အထက်အရာရှိလောက်သာ သူတို့ရဲဘော်တွေကို အဲဒီလို တိုက်နိုင်ခိုက်နိုင်အောင်ဆိုပြီး တွန်းပို့နေပေမယ့် ရဲဘော်တွေကတော့ တိုက်ချင်ခိုက်ချင်စိတ်တော်တော်ကျသွားမှာပဲ။ နောက်တစ်ခုက သူတို့မှာ အရေးယူမှုရှိတယ် အဲဒီလို ယာဉ်တန်းတွေဘာတွေ ဆုံးရှုံးပြီဆိုရင် သူတို့တပ်ထဲမှာ အရေးယူမှုတော့ သူတို့လုပ်မှာပဲ။ လုပ်ကိုလုပ်မှာပဲ။ အဲဒါတွေကနာတာကတော့ အောက်လက်ငယ်သားတွေ အဲဒီမှာ တာဝန်ရှိတဲ့ သူတွေကို သူကတော့ လုပ်မှာပဲ။ အဲဒါတွေကို ဒီ စစ်ကောင်စီတပ်တွေကို အဲဒါကိုသိစေချင်တယ်။

​မေး-ချင်းပူးပေါင်းတပ်တွေနဲ့ လက်ရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် လက်ရှိအခြေအနေမှာ ဘာတွေလိုအပ်ပါသလဲ။

​ဖြေ-ကျနော်တို့ကတော့ တိုက်ပွဲဖြစ်ပြီဆိုကတည်းကိုက အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့မှာနေ့စဉ်လူမှု ဒုက္ခအခက်အခဲကတော့ ရှိနေတာပေါ့။ ဒါတွေက ဒီစစ်ကောင်စီကို အပြုတ် မတိုက်နိုင်မချင်း ဒီစစ်ရေးက ရှိနေမှာပဲ။ သူတို့မှာ အခက်အခဲကတော့ အခုလိုမျိုးဆိုရင် သူတို့မှာ စစ်ဘေးရှောင်ဘ၀နဲ့ ယာယီရှောင်ထားတဲ့အနေအထားရှိတယ်။ သူတို့နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့တွေတော့ ရှိလာမှာပေါ့။ ဒါတွေအခက်အခဲက သိတဲ့အတိုင်းပဲ စစ်ရဲက အနိဌာရုံ တစ်ခုအောက်မှာ ကြုံရတဲ့ဟာဆိုတော့ အားလုံးက အခက်အခဲတော့ရှိတာချည်းပါပဲ။

​မေး-ချင်းပြည်သူတွေအပါအဝင် တစ်နိုင်ငံလုံးက ပြည်သူတွေကို ဘာတွေပြောလိုပါသလြ။

​ဖြေ-ဒီနွေဦးတော်လှန်ရေးဆိုတာ ပြည်သူ့တော်လှန်ရေးကြီးပါ။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေရယ် အခု PDF တို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့သာ လုပ်တဲ့ တော်လှန်ရေးမဟုတ်ဘူး။စစ်ကောင်စီကို အမြစ်ပြတ်လှန်ပြီးတော့ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးစနစ်ကြီးကို တည်ဆောက်ချင်တာဖြစ်တဲ့အတွက် ပြည်သူ့တော်လှန်ရေးကတော့ ပြည်သူတွေရဲ့ သားသမီးတွေဖြစ်တဲ့ ကျနော်တို့ နွေဦးတော်လှန်ရေးဘက်တော်သားအားလုံး ပြည်သူအတွက် တိုက်ပွဲဝင်နေသလို ပြည်သူလည်း ဆက်လက်ပြီးတော့ ပံ့ပိုးဖို့ ကျနော် အနူးအညွတ် မေတ္တာရပ်ခံချင်တယ်။ ဒီအရေးတော်ပုံကြီးအောင်မြင်တဲ့အထိ ပြည်သူနဲ့အတူ တိုက်ပွဲဝင်ကြမယ်။ ကျနော်တို့ အတက်နိုင်ဆုံး ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်သွားမှာပါလို့ ပြောချင်ပါတယ်။ အဲဒါနဲ့ တဆက်တည်းပဲ ပြည်သူကလည်း စစ်ကောင်စီ အနေအထားကို သဘောပေါက်ဖို့လိုတယ်။ ဒီနေ့ဒီအချိန် စစ်ကောင်စီ လုပ်ငန်းယန္တရားကို ပံ့ပိုးနေတဲ့ လုပ်ရပ်မှန်သမျှကို ပြည်သူတွေ ရပ်တန့်ပေးကြပါ။ ကိုယ့်တစ်ဦးတစ်ယောက်တည်းအကျိုးကို မကြည့်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာ အကျိုးစီးပွားကို ငဲ့ကွက်ပြီးတော့ ကျနော်တို့တွေ အတူတူ တိုက်ပွဲဝင်ဖို့ပဲလိုပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။