▪︎ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မလည်တိုက်နယ်တာဝန်ခံ ကိုဗလကြီးနဲ့မေးမြန်းခန်း
ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ နွေဦးတော်လှန်ရေးတစ်လျှောက်ပြည်သူ အများဆုံးသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဆိုးက ဒီနေ့ တစ်လ ပြည့်ပါပြီ။ စစ်ကောင်စီကပဇီကြီးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ရက် နံနက်မှာ လေကြောင်းကနေဖျက်အားပြင်းပေါင်၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီဟာ အလွန်ဖျက်အားပြင်းတဲ့ Vacuum bomb လို့ခေါ်တဲ့ လေဟာနယ်ဗုံးနဲ့ ပဇီကြီးရွာကို တိုက်ခိုက်ခဲ့တာလို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ -HRWက မေလ ၉ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီကတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ အရပ်သားပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ပါတယ်။ ဒီနေ့ တစ်လပြည့်မှာ ပဇီကြီးရွာဒေသခံတွေရဲ့ အခြေအနေတွေကိုကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မလည်တိုက်နယ်တာဝန်ခံ ကိုဗလကြီးကို People’s Spring ကဆက်သွယ်မေးမြန်းထားပါတယ်။



အေးလဲ့/People’s Spring
မေး -ပဇီကြီးရွာကို စစ်တပ်ကလေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်ခဲ့တာ ၁ လပြည့်ခဲ့ပြီ။တစ်လပြည့်ချိန် ဘာပြောစရာရှိနေလဲ။
ဖြေ – တစ်လတော့ ပြည့်ပြီပေါ့ဗျာ။ အဖြစ်အပျက်က ဖြစ်သွားတယ်သာပြောတာ အိပ်မက်မက်နေသလိုပါပဲ။ ကိုယ့်ဆွေမျိုးတွေ၊ ကိုယ့်သားချင်းတွေ အများကြီးပါ သွားခဲ့ကြတော့ သူတို့နေတဲ့နေရာလေးတွေရောက်ရင် ပြန်လှည့်ကြည့်ဖြစ်တယ်။ သေဆုံးသွားတာမဟုတ်ဘဲ ခရီးထွက်သွားသလိုပဲခံစားနေရတယ်။
မေး – သေဆုံးသူတွေအတွက် ဆွမ်းသွပ်သပိတ်ရောလုပ်နိုင်ပြီလား။

Public Service Announcement
ဖြေ- အခုအချိန်ထိ ဘာမှမလုပ်နိုင်သေးပါဘူး။ မြန်မာ့ထုံးတမ်းအစဉ်အလာအရဆိုရင် ရက်လည်ရှိမယ်။ လလည်ရှိမယ်။ ဘာမှမလုပ်ရသေးဘူး။ဘယ်သူမှမလုပ်ရဲကြဘူး။ ကိုယ့်အသက်ကိုတောင်လု ပြေးနေရတာမို့ ဆွမ်းသွပ်ဖို့ဆိုတာကဝေးပေါ့။ အခုဆိုရင် အပစ်ခံရတဲ့နေရာကိုပါ ရှင်းလင်းလိုက်ပါပြီ။ မြင်နေရင် စိတ်မကောင်းဖြစ်နေမှာစိုးလို့။ အကုန်လုံးရှင်းလိုက်ပါပြီ။ လူတွေကရွာထဲလည်းမ ဝင်ရဲကြဘူး။ ရွာပြင်တဲတိုက်တွေမှာပဲအဆင်ပြေသလိုနေနေကြရတာ။ လူစုစုဆိုရင် ဗုံးလာကြဲမှာဆိုးလို့ ဘုန်းကြီးတွေကိုလည်း မပင့်ရဲကြဘူး။ လူလည်း မစုရဲကြဘူး။
မေး – စစ်ဘေးရှောင်နေရသူတွေဘယ်လောက်ရှိလဲ။
ဖြေ- ပဇီကြီးကို လေကြောင်းကပစ်တဲ့ရက်မှာ ရွာ ၆ ရွာလောက်ရှောင်ရတယ်။ မြေပြင်ကနေစစ်ကြောင်းထိုးတော့ ၁၀ ရွာအလောက် ရှောင်ရတယ်။ အခုတော့ တခြားတဲ့ရွာတွေက ပြန်ကုန်ကြပြီ။ ပဇီကြီးကတော့မပြန်နိုင်သေးဘူး။ အားလုံးစုစုပေါင်း အိမ်ထောင်စု ၂၅၀၊အမျိုးသမီး ၄၂၇ဦး၊အမျိုးသားက ၃၂၉ယောက်။ အားလုံးက တဲတိုက်တွေ၊ယာယီတဲတွေမှာ နေနေကြရတယ်။
မေး – အကူအညီတွေရော ရရဲလား။ ဒီမိုးတွင်းကို ဘယ်လို ဖြတ်သန်းကြမလဲ။
ဖြေ – ထိုက်သင့်သ လောက်ရပါတယ်။ လုံလောက်အောင်တော့ မဟုတ်ဘူးပေါ့။ နေဖို့အတွက်ကတော့အခုလောလောဆယ်တိုင်တွ ဝါးတွေစုနေတယ်။စုပြီးရင်တော့ဆောက်ပေးမှာ။ နောက်တစ်ကြိမ်စစ်ကြောင်းထိုးမယ့်အခြေအနေကိုလည်း ကြိုတင်တွက်ဆထားရပါတယ်။ ထိုးလာရင်တော့ တစ်မျိုးပြန်ပြီစီးစဉ်ရမှာပေါ့။
မေး – လက်တလော ဒေသတွင်းစစ်ရေးအခြေအနေဘယ်လိုရှိလဲ။
ဖြေ- ဒီဘက်မှာစစ် ကြောင်းထိုးနေတဲ့ ၃၆၁ စစ်ကြောင်းက ပြန်ထွက်သွားပြီ။ မိုင် ၂၀လောက်တော့ဝေးသွားပြီ။ လောလောဆယ်တော့ငြိမ်လောက်ပြီထင်တာပါပဲ။
မေး- ဒေသခံတွေ အတွက်လက်ရှိ အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
ဖြေ- အခုက ညဆိုရင် မီးတောင် မသုံးရဲဘူး။ လေကြောင်းကို တော်တော်လေးကြောက်နေကြတယ်။ ရိုးရိုးလေယာဥ်သံကြားရင်ကိုကြောက်နေတာ။နောက်ပြီး သေဆုံးသွားတဲ့ မိသားစုဝင်တွေအတွက် ရက်လည်၊လလည်သပိတ်တွေ မလုပ်ရသေးတဲ့ခံစားချက်က ဒေသခံတွေကိုတော်တော်လည်း စိတ်ဆင်းရဲစေတယ်။
မေး- ဒေသအနှံ့ကပြည်သူတွေကိုဘယ်လိုသတင်းစကားပါးချင်လဲ။
ဖြေ – ပဇီကြီးရွာသားတွေ ရင်ဆိုင်နေရတဲ့ဒုက္ခတွေကို ပစ်မထားကြပါနဲ့လို့ပြောချင်ပါတယ်။ သေဆုံးတာကမှတော်သေးတယ်။ ပြေးလွှားနေကြရတာက ကလေးတွေနဲ့ လူကြီးတွေအတွက် မလွယ်ဘူးလေ။မိသားစုဝင်နေသေဆုံးသွားလို့ ဝမ်းနည်းတာကတစ်မျိုး။ ဒီကြားထဲမှာ ထွက်ပြေးနေရပြန်တယ်ဆိုတော့ဒုက္ခတွေကများလှပါတယ်။
မေး- နိုင်ငံတကာအသိုင်းအဝိုင်းကိုရော။
ဖြေ – ဒီလောက်ရက်စက်တဲ့ကိစ္စကြီးကဖြစ်သွားခဲ့ပြီ။ ဒီကောင်တွေ ရှိနေသရွေ့တော့ထားမျိုးဖြစ်နေဦးမှာပဲ။ ဒီလိုယုတ်တဲ့ကောင်တွေ ကျွန်တော်တို့နိုင်ငံမှာရှိကို မရှိသင့်တော့ဘူး။ ဟိုနေရာလည်းဗုံးကြဲ၊ဒီနေရာလည်းဗုံးကြဲနဲ့ လူမျိုးတုံးသတ်နေတာဗျ။ လက်နက်နဲ့အနိုင်ကျင့်တာမဟုတ်တော့ဘူး။ ရှိသမျှလက်နက်အကုန်ထုတ်သုံးပီး ကိုယ့်နိုင်ငံသားတွေကိုပြန်သတ်နေတာ။ ကုလနဲ့ နိုင်ငံတကာအနေနဲ့ ကျွန်တော်တို့ပြည်သူတွေ ဘယ်လောက်သေပေးမှ အရေးယူမှာလဲလို့ မေးချင်တယ်။ လူတွေဒီထက်သေမှ အရေးယူမယ်ဆိုကျွန်တော်တို့ ကိုယ်တိုင် သေပေးသွားမယ်။ ကိုယ့်နိုင်ငံမဖြစ်သေးလို့ လက်ပိုက်ကြည့်နေကြတာလား။ လူသားချင်းစာနာထောက်ထားမှုဆိုတာက ဘယ်ရောက်သွားပြီလဲ။ ဘုရားဆိုတာက ဘာသာတိုင်းမှာရှိတယ်။ ဘုရားဆိုတာရှိမှကယ်နိုင်တာ။ ကျနော်တို့ ဘုရားကိုမယုံတာမဟုတ်ဘူး။ လူလူချင်း တော့ယုံချင်တယ်။ လူသားအချင်းချင်းကတော့ ကယ်တင်ပေးကြပါ။ လူ့အသက်တွေလည်း အများကြီးစတေးခဲ့ပြီးပြီလေဗျာ။
