ယောနသံ/People’s Spring
စစ်ကိုင်းငလျင်ဘေးကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးပဋိဝေဒမီးတောက်လောင်နေချိန်တွင် ငလျင်ဗဟိုချက်နှင့် မိုင် ၁၀၀ နီးပါး ရှိ ရွာလေးတစ်ရွာမှ ရှိုက်ဖိုငိုကြွေးသံတချို့သည် ရွာစည်းရိုးပြင်ဖက်သို့ မထွက်လာနိုင်ရှာပါ။ ရွာပြင်ပမှ ကြားရသူအချို့သာရှိသည်။ သူတို့ငိုကြွေးသံကို ယခုစာဖတ်သူလည်းသေချာနားထောင်သင့်ပါသည်။
ဖတ်လက်စ ငလျင်သတင်းကိုခေတ္တကျော်စေချင်သည်။ လုပ်လက်စအလုပ်များခဏရပ်စေချင်သည်။ သောက်လက်စကော်ဖီခွက်ကို မိနစ်အနည်းငယ် ဖုံးအုပ်ထားစေချင်သည်။ ကျတော်တို့အားလုံး ငလျင်ကြောပေါ်မှာ ရှိနေသည်ကို သတိမူရင်း ပဇီကြီးရွာသို့ စိတ်ခရီးနှင်ကြရန် တိုက်တွန်းလိုသည်။ ထိုအတွက် ၃ မိနစ်ခန့်သာ အချိန်ပေးရန်လိုပါသည်။
လွန်ခဲ့သော ၂နှစ်တိတိ၊ ဒီကနေ့မနက် ၇ နာရီ ၃၀ မိနစ်ခန့်သည် မြန်မာ့လူ့အဖွဲ့အစည်းထံသို့ စပ်ဆုတ်ရွံရှာဖွယ်သတင်းပေးခြင်းနှင့်အတူ သွေးသံ
ရဲရဲဖြစ်ရပ်မှန်ဇတ်လမ်းကို ဘီလူးစီးနေသော စစ်ကောင်စီက ကပြခဲ့သည်။

Public Service Announcement
ကလေး၊လူငယ်၊ လူကြီးအရွယ်စုံ ရောက်ရှိနေသည့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှ ရုံးဖွင့်ပွဲအလှူကိုစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံထုတ်တိုက်လေယာဉ် YAK-130 ဖြင့် ပေါင် ၅၀၀ ဖျက်အားပြင်းဗုံးနှစ်လုံးကိုကြဲချခဲ့ပြီး MI-35 ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်များဖြင့်ပတ်ချာလည်ပျံသန်းပစ်ခတ်ခဲ့သည်။ ကလေးငယ် ၄၀၊ အမျိုးသမီး ၂၄ ဦးအပါအဝင် အရပ်သား ၁၆၈ဦး သေဆုံးခဲ့သည်။ ၅၀ထက်မနည်းသည် ကိုယ်လက်အင်္ဂါများဆုံးရှုံးခဲ့ပြီး မသန်စွမ်းဘဝရောက်ခဲ့သည်။ မိနစ်ပိုင်းအတွင်း လူရာချီသေဆုံးစေခဲ့သော ထိုအဖြစ်ဆိုးသည် ယနေ့ ၂နှစ်တိတိပြည့်ခဲ့ပြီးဖြစ်သော်လည်း ပဇီကြီးတစ်ရွာလုံး အံကြိတ်နာကျင်နေရဆဲဖြစ်သည်။
မတ်လ ၂၈ ရက်ကဘုမိသိဘမသိ ခါးစည်းခံလိုက်ရသော သမိုင်းတလျှောက် ဖျက်အားအပြင်းဆုံးစစ်ကိုင်းငလျင်ဘေး ကြုံပြီးနောက် လူတိုင်း ငလျင်အကြောင်းပြောနေသည်။ ငလျင်ကြောင့် လူထောင်ချီသေဆုံးခဲ့သည်။ သိန်းချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ နောက်ဆက်တွဲငလျင်များဆက်လှုပ်နေ၍ စက္ကန့်နှင့်အမျှ ထိတ်လန့်တုန်လှုပ်နေကြရသည်။ လူတိုင်းငလျင်ကို ကြောက်နေသည်။ ထိုအခါ ပဇီကြီးရွာအဖြစ်ဆိုးနှင့် ဒေသခံများ၏ ဒဏ်ရာကို မြန်မာလူ့အဖွဲ့အစည်းက အမှုမဲ့အမှတ်မဲ့ဖြစ်သွားသည်။ ၎င်းတို့ကိုမေ့မထားရန် ပဇီကြီးရွာဒေသခံများက မေတ္တာရပ်ခံသည်။
“ငလျင်ဘေးကိုကျနော်တို့လည်းစာနာပါတယ်။ ဘေးသင့်ပြည်သူတွေနဲ့ထပ်တူဝမ်းနည်းရပါတယ်။ ဒီလိုပဲ ကျနော်တို့တွေကိုလည်း ဖေးဖေးမမ ရှိစေချင်တယ်။ ဒီနေ့ဆိုရင် ကျနော်တို့ရင်ထဲမှာ ဆို့နင့်ပြီးပြောမပြတတ်အောင် ပင်ပန်းတယ်”ဟု ပဇီကြီးရွာသားတစ်ဦးကပြောသည်။
၎င်းသည် ယခုစကားပြောခွင့်ရရေးအတွက် ပဇီကြီးရွာမှ ၁၀မိုင်ခန့်အကွာအဝေးအထိ ဆိုင်ကယ်ဖြင့်ခရီးနှင်လာခဲ့ရသည်။
ပဇီကြီးရွာသည် အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၂,၀၀၀ ကျော် ရှိပြီးတောင်ယာလုပ်ငန်းအဓိကလုပ်ကိုင် သောရွာကြီးဖြစ်သည်။စစ်အုပ်စုအာဏာသိမ်းမှုကိုလက်မခံဘဲ သတ္တိရှိရှိ ဆန့်ကျင်ခဲ့ကြသည်။ လေကြောင်းမှတိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် ရွာသည် ယနေ့အထိ ပုံမှန်အခြေနေသူပြန်ရောက်ရန်အလှမ်းဝေးနေဆဲဖြစ်သည်။
“စစ်တပ်ရဲ့အကြမ်းဖက်မှုတွေနဲ့အတူ စစ်ဘေးဒဏ်ခံနေရတော့ သူ့မကယ်နိုင်၊ ကိုယ့်မကယ်နိုင်အနေအထားမှာ ပဇီကြီးရွာဟာ အံကြိတ်ခံနေရတုန်းပါပဲ” ဟုပဇီကြီးရွာ၏ လတ်တလော ဒဏ်ရာဒဏ်ချက်များအကြောင်းကိုကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပြသည်။
ပဇီကြီးရွာဒေသခံများသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာအကူအညီများ လိုအပ်နေသည်။ သို့သော် စစ်အာဏာရှင်တော်လှန်ရေး မပြီးပြတ်သေးသည့်အနေအထားတွင်ပဇီကြီးရွာသည် တိုးတိုးတိတ်တိတ်အံကြိတ်၍သာ နေရှာသည်။ ငိုသည့်ကလေး မုန့်စားရသည်ဆိုသော ပညတ်ချက်သည် ပဇီကြီးရွာအတွက် အကျုံးမဝင်ပေ။သူတို့ အံကြိတ်ပြီး တောင့်ခံနေကြသည်။
လေကြောင်းမတိုက်ခိုက်ခံရမီ စက်ဘီးပြင်ဆိုင်ဖွင့်၍အသက်မွေးခဲ့သူက ယခုအခါ သူ့ဆိုင်လေးကို ပြန်ဖွင့်ထားသည်။ လယ်သမားက နွားကိုဆွဲ၍ လယ်ထဲပြန်ဆင်းသည်။ ဆံပင်ညှပ်ဆိုင်ဖွင့်သူက သူ့ဆိုင်လေး၏ ဝါးကပ်နံရံတွင် ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်၏ ဓာတ်ပုံကို ပြန်ချိတ်ဆက်ပြီး ကပ်ကြေးပြန်ကိုင်သည်။
အပ်ချုပ်သမကလည်း သူ့ဆိုင်လေးကိုပြန်ဖွင့်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစီအမံဖြင့် ထောက်ပံ့မှုအချို့ရရှိထားသော်လည်း ကိုယ်အားကိုယ့်ကိုးရင်း ရုန်းကန်ရပ်တည်နေသည်။ နေရပ်စွန့်ခွာသွားသူအချို့လည်းရှိသည်။ သူတို့အားလုံး တူညီသည်က မိသားစုမစုံလင်တော့ခြင်းနှင့် စိုးရိမ်ထိတ်လန့်မှုများ ကိန်းအောင်းနေကြခြင်းဖြစ်သည်။
၎င်းတို့အား လုံလောက်သောအကူအညီများ ဖြည့်ဆည်းပေးလို့သော်လည်းအဆင်မပြေသေးကြောင်း ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကဝန်ခံသည်။ အကြောင်းက ဒေသတွင်း၌ စစ်ကောင်စီစစ်ကြောင်းများရှိနေသလို စစ်ရေးတင်းမာမှုများရှိနေခြင်းကြောင့်ဟုရှင်းပြသည်။
ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးစစ်ကောင်စီက ကြိုးစားနေပြီး ကားလမ်းဘေးတလျှောက်ကျေးရွာများကို စစ်ကြောင်းထိုးနေသည်။ ဇီးကုန်းနှင့် ကိုးတောင်ဘို့တိုက်နယ်တွင်လည်း စစ်ရေးတင်းမာနေသည်။ မြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်အထိ ရှ်ိနေသည်။ ထိုစစ်ဘေးရှောင်များ၏ စားဝတ်နေရေးကို တော်လှန်ရေးအင်အားစုများကဝိုင်းဝန်းဖြေရှင်းပေးနေကြရသည်။
ထို့ကြောင့် ပဇီကြီးရွာသည်သူ့ဒဏ်ရာကိုဝှက်၍ လောကဓံကို အန်တုရင်ဆိုင်နေသည်။လူ့အဖွဲ့အစည်းထံမှ သူတို့လိုချင်သည်ကစာနာခြင်းတရားနှင့် စစ်အာဏာရှင်၏ရက်စက်ကြမ်းကြုတ်မှုကို မမေ့ပျောက်စေခြင်းသာဖြစ်သည်။
ပဇီကြီးရွာသည် ဧရာဝတီမြစ်ဘေးမြေနုကျွန်းနှင့် ဆက်စပ်တည်ရှိသည်။ငလျင်ဘေးသင့်သူများကိုစာနာရင်း သူတို့၏ ဒဏ်ရာဒဏ်ချက်များအတွက် စာနာစကားကြားလိုသော အာဏာရှင်ဘေးကြုံခဲ့သူပဇီကြီးရွာသားများသည် ထိုမြေနုကျွန်းပေါ်တွင် ရှိနေပါသည်။ ။
