Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“သပြေညိုစစ်ဆင်ရေးမှာ သူတို့(စစ်​​ကောင်စီတပ်)ဘက်က တော်တော်ကို အံ့ဩပြီး တုန်လှုပ်သွားတဲ့ဟာမျိုးရှိတယ်”

မန္တ​လေးPDF စစ်ဦးစီးအဖွဲ့ ဝင်ကိုမုန်တိုင်း ကိုPeople’s spring ကအထူး​မေးမြန်းခန်းကဏ္ဍက​နေ ​မေးမြန်း​တင်ဆက်လိုက်ပါတယ်။

▪︎ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(မန္တ​လေး-PDF)စစ်ဦးစီးအဖွဲ့၀င် ကိုမုန်တိုင်းနဲ့မေးမြန်းခန်း

စစ်​ကောင်စီတပ်က​မြေပြင်မှာအင်အား​တစ်​​ထောင်​ကျော်၊ ရုရှားထုတ် SU တိုက်​လေယာဥ်၊YAK-130 အပါအဝင်တိုက်လေယာဥ်မျိုးစုံ ၊လက်နက်ကြီး​ပစ်ကူ​တွေအများကြီးသုံးထိုးစစ်ဆင်ခဲ့​ပေမယ့် စစ်​တပ်ကအရာရှိ​တွေအပါအဝင်​သေဆုံးဒဏ်ရာရသူအများအပြားနဲ့စစ်​ကောင်စီတပ်ပဲထိနာခဲ့ပါတယ်။ ရက်သတ္တပါတ်သုံးပါတ်​ကျော်ကြာခဲ့တဲ့တိုက်ပွဲမှာစစ်တပ်ကိုအထိနာ​အောင်တိုက်ခိုက်ခဲ့တာက ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​လေး(MDY-PDF)တပ်ဖွဲ့ဖြစ်ပါတယ်။ စတင်တည်​ထောင်တာ ၂ နှစ်ခန့်အတွင်းမှာပဲစစ်တပ်ကို အကြိမ်​ကြိမ်အထိနာ​အောင်တိုက်ခိုက်နိုင်တယ်အထိမန္တ​လေးPDF ကအလျင်အမြန်အင်အား​တောင့်တင်းလာတာဖြစ်ပါတယ်။ဒါ​ကြောင့် မန္တ​လေးPDF စစ်ဦးစီးအဖွဲ့ ဝင်ကိုမုန်တိုင်း ကိုPeople’s spring ကအထူး​မေးမြန်းခန်းကဏ္ဍက​နေ ​မေးမြန်း​တင်ဆက်လိုက်ပါတယ်။

မန္တ​လေး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MDY PDF
မန္တ​လေး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MDY PDF

-ဒီပ/People’s Spring

​▪︎မေး-ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တလေး(MDY-PDF)ကို​လေ့လာတဲ့အခါ ၂၀၂၁ ​အောက်တိုဘာလမှာ​ဖေစ်ဘွခ်​ပေချ်စ​ထောင်တာ​တွေ့ရတယ်။ အ​စောပိုင်းမှာစစ်သင်တန်း​တွေတက်​ရောက်​​လေ့ကျင့်နေတဲ့အဆင့်​တွေ့က​နေ တစ်နှစ်ခွဲ​လောက်ရှိလာတဲ့အခါ ရာ၊​ထောင်နဲ့ချီတဲ့စစ်​ကောင်စီတပ်ကိုအကြိမ်​ပေါင်းများစွာအထိနာလာ​အောင်တိုက်ခိုက်နိုင်တယ်အထိကြီးထွားလာတာ​တွေ့ရတယ် ။ အခုလိုအင်အား​တောင့်တင်းလာ​အောင်ဘယ်လိုကြိုးစားတည်​ဆောက်ခဲ့ကြတယ်ဆိုတာပထမဆုံးရှင်းပြ​ပေးပါလား ။

Public Service Announcement

Public Service Announcement

⦿ ဖြေ- ကျွန်တော်တို့ မန္တလေး PDFကတော့MDY-PDF လို့ မလုပ်ခင် Mandalay Special TaskForce(MSTF)

ဆိုပြီးတော့ မန္တလေးမြို့ပေါ်မှာ မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေ စတင်လုပ်ဖြစ်ပါတယ်။သပိတ်အင်အားစုမှ ပေါက်ဖွားလာတဲ့ တပ်မတော်တစ်ရပ်ဖြစ်တယ်လို့ အကြမ်းဖျဥ်းပြောရင် ရပါတယ်။ ကျွန်တော်တို့တတွေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လကုန်လောက်မှာ လူထုတိုက်ပွဲတွေ၊ ငြိမ်းချမ်းသောနည်းနဲ့ လူထုတိုက်ပွဲတွေ ဆင်နွှဲလာတဲ့အခါမှာ ဖေဖော်ဝါရီလကုန်လောက်မှာ ဒီလောက်နဲ့တော့ မရတော့ဘူး။ ကျွန်တော်တို့တတွေ စကစက ငြိမ်းချမ်းသာနည်း၊ သပိတ်တိုက်ပွဲတွေနဲ့တင်မရတော့ တော်လှန်ရေးရဲ့ နောက်တဆင့်တော့ မြှင့်ဖို့လိုအပ်တယ်ဆိုပြီးတော့ စဥ်းစားတဲ့အခါမှာ လက်နက်ကိုင်လမ်းစဥ်ကို လုပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ကျပါတယ်။ အဲဒီလိုလုပ်တဲ့အခါ ကျွန်တော်ကလက်နက်ကိုင်နည်းကိုလုပ်ဆောင်ဖို့ အဓိက တာ၀န်ယူလိုက်ပါတယ်။ တာ၀န်ယူပြီး တစ်နိုင်ငံလုံး ERO တွေနဲ့ ချိတ်ဆက်လုပ်ကိုင်တယ်။ သင်တန်းတွေ ပို့တယ်။ သင်တန်းတွေ ပို့ပြီး မန္တလေးမြို့ပေါ်ကို ပြန်လာကြတယ်။ UG တွေအနေနဲ့ ပြန်လာပြီး မြို့ပေါ်လှုပ်ရှားမှုတွေကို မတ်လထဲမှာ စတင်လုပ်ဆောင်တယ်။ အဲဒီနောက်ပိုင်း မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေနဲဲ့ မရတော့ဘူး။ တပ်ရင်း တပ်မစုဖွဲ့မှုတွေနဲ့ လုပ်ဆောင်မှု၊ ဗျူဟာမြောက်တိုက်ပွဲတွေ ဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ စဥ်းစားချက်မျိုးရှိလာတဲ့အခါမှာ ကျွန်တော်လည်း ၄ လပိုင်းကုန်၊ ၅ လပိုင်းထဲမှာပဲ ရှမ်းမြောက်မှာရှိနေတဲ့ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)ဘက်မှာ စုဖွဲ့မှုတွေ၊ ပြင်ဆင်မှုတွေ၊ သင်တန်းတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါ ကျွန်တော်တို့ စတင်ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဥ်အကျဥ်းလေးပါဗျ။

မန္တ​လေး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MDY PDF
မန္တ​လေး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MDY PDF

▪︎​မေး-မန္တ​လေးPDF မှာ ဘာသာစုံ ၊လူမျိုးစုံ ၊အသက်​မွေးဝမ်း​ကျောင်းနဲ့ ​ပညာ​ရေး​နောက်ခံ အစုံက လူငယ်​တွေစုစည်းထားတယ်လို့သိရပါတယ်။MDY-PDF ရဲ့ အဓိက ထူးခြားချက်က ဘာဖြစ်မလဲ ။

⦿​ဖြေ- မန္တလေး PDF ကတော့ အဓိကကတော့စနစ်တကျစုဖွဲ့မှုဆိုတဲ့ ခေါင်းစဥ်အောက်မှာ ကျွန်တော်တို့ အဓိကထားပြီး အထိုင်တပ်ရင်း တပ်မ စုဖွဲ့မှုကို အဓိကထား လုပ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ညွှန်ကြားမှုနဲ့ ကွပ်ကဲမှုအောက်မှာလည်း လှုပ်ရှားဆောင်ရွက်နေတဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လည်း ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ စနစ်တကျစုဖွဲ့မှုဆိုတဲ့ ခေါင်းစဥ်အောက်မှာ တပ်တည်ဆောက်ရေး လုပ်ငန်းစဥ်တွေ၊ .. အဓိကထားပြီး တည်ဆောက်ခဲ့ပါတယ်။ ဒီလိုတည်ဆောက်လာပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာပဲ ဂွေပင်တိုက်ပွဲဆိုပြီး ပထမဆုံးတိုက်ပွဲကို ဆင်နွှဲဖြစ်ပါတယ်။ အဓိက ဆိုလိုချင်တာက ဘာလဲဆိုတော့ စတင်လုပ်ဆောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ၅ လပိုင်း၊ တိုက်ပွဲဖော်ဖြစ်တာ ၂၀၂၂ ဖေဖော်ဝါရီလ။ အဲဒီလို တိုက်ပွဲတွေဖော်ပြီး တောက်လျှောက် ၂၀၂၂ ထဲမှာ တိုက်ပွဲငယ်တွေ ဖော်ဖြစ်ခဲ့ပါတယ်။ အဓိကကတော့ စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုတွေ၊ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှ စစ်ဘက်ဆိုင်ရာ သတင်းလုံခြုံမှုက အရေးကြီးတာဖြစ်တဲ့အတွက်ကြောင့် တတ်နိုင်သမျှ သိုသိုသိပ်သိပ်နဲ့ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ လိုအပ်တဲ့၊ ကျွန်တော်တို့ လိုချင်တဲ့ ပြင်ဆင်မှု၊ ရန်သူကို ခုခံနိုင်လောက်တဲ့ အနေအထားအဆင့်မျိုးမရောက်ခင် ကျွန်တော်တို့ လိုချင်တဲ့ target တွေ မပြည့်မီခင်မှာ တတ်နိုင်သမျှ သတင်းသိုသိပ်မှုကိုထိန်းပြီး သေချာစုဖွဲ့ပြင်ဆင်မှုတွေကို အဓိက လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့တပ်ရဲ့ ထူးခြားချက်လို့ ပြောမယ်ဆိုရင် နံပတ် ၁ ကတော့ လက်နက်ကိုင်တော်လှန်ရေးမှာ အရေးကြီးတာက CoC နှစ်ရပ် အသက်ဝင်ရေး၊ CoC နှစ်ရပ် အသက်ဝင်ရေးကို အလေးပေးပြီးတော့ စနစ်တကျစုဖွဲ့မှုဆိုတဲ့ ခေါင်းစဥ်အောက်မှာ အဆင့်ဆင့်ကွပ်ကဲမှု သဘောတရားတွေနဲ့ ပီပြင်အောင်တည်ဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဘာပဲပြောပြော ၂ နှစ်ခွဲသောကာလအတွင်းမှာ ကျွန်တော်တို့တတွေ အမိန့်နာခံမှု အားကောင်းတယ်။ စစ်စည်းကမ်းတွေ၊ ကျင့်ဝတ်တွေ နာခံမှု အားကောင်းတဲ့ တပ်မတော်တစ်ရပ်ဖြစ်နေပြီလို့ ပြောရင် ရပါတယ်။ နံပတ် ၂ ကတော့ ကျွန်တော်တို့အများစုက လူငယ်အများစုပါဝင်တယ်။ အဲဒီလူငယ်အများစုက မြို့ပြကို အခြေခံပြီးတော့မှ လာရောက်ကြတာဖြစ်တဲ့အတွက် ခေတ်ပညာတတ်လူငယ်တွေ အများစုပါဝင်ပါတယ်။ ဒါက အားသာချက်လည်းဖြစ်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့အဖွဲ့အစည်းကို စနစ်တကျစုဖွဲ့မှုခေါင်းစဥ်အောက်မှာ ကြိုးစားတည်ဆောက်လာတဲ့အခါမှာ နိုင်ငံရေးအသိပညာမဲ့ လက်နက်ကိုင်တော်လှန်ရေးမဖြစ်ရအောင် နိုင်ငံရေးအသိပညာကိုလည်း အလေးပေးပြီးတော့ အခြေခံနိုင်ငံရေးကအစ အပတ်စဥ် တစ်ခုတိုင်း တစ်ခုတိုင်းမှာ စနစ်တကျ လေ့ကျင့် သင်ကြားပေးတာပြုလုပ်ခဲ့ပါတယ်။ အဲဒီတော့ အကြမ်းဖျဥ်းပြောရရင်တော့ ကျွန်တော်တို့ရဲ့ MDY-PDFထဲမှာ ရှိနေတဲ့ လူငယ်အများစုက ခေတ်ပညာတတ် လူငယ်အများစု ပါဝင်နေတာဖြစ်သလို အခြေခံ နိုင်ငံရေးသဘောတရားရေးရာအပိုင်းမှာ ကျေလည်ကြတဲ့သူ အများစုရှိတယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ချက်ကတော့ မန္တလေးသားတွေ ဖြစ်နေတာကလည်း ထူးခြားချက်လို့ ပြောလို့ရပါတယ်။ မန္တလေးသားတွေချည်းပဲဆိုတော့လည်း မဟုတ်ပါဘူး။​ အထက်ဗမာပြည်မှာ ရှိတဲ့ အင်အားစုတော်တော်များများ ပါဝင်ကြပါတယ်။ ပြီးရင် diverse ဖြစ်တယ်လို့ပြောလို့ရပါတယ်။ ရန်ကုန်ဘက်ကလူတွေလည်းပါတယ်။ ဘာသာစုံ၊ လူမျိုးစုံ နယ်ပယ်ဒေသပေါင်းစုံကနေ လာကြတဲ့သူတွေ အများစုဖြစ်ပါတယ်။ ဒါကိုကလည်း အားသာချက်ဖြစ်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။ အဓိကကတော့ ကျွန်တော်တို့ထဲမှာ ဗုဒ္ဓဘာသာရော၊ အစ္စလာမ်ရော၊ ခရစ်ယာန်ရော၊ အသက်မွေးဝမ်းကြောင်းအစုံ မတူညီတဲ့ သူတွေပါပါတယ်။ လက်လုပ်လက်စားကနေ တကယ်ကို ပိုက်ဆံရှိတဲ့၊ တကယ်ကို မထင်ထားနိုင်လောက်တဲ့ လူမျိုးတွေအထိ ပါပါတယ်။ လုံးဝ diverse ဖြစ်တယ်။ မတူညီတဲ့ ရောင်စုံပန်းခင်းကြီးထဲ ရောက်နေသလို ဒါက မတူကွဲပြားမှုကို လက်ခံနိုင်တဲ့ သဘောတရားတွေရှိကြတယ်။ အဲဒီတော့ အားသာချက်၊ ထူးခြားချက်ဖြစ်မယ်လို့ ထင်ပါတယ်။

Public Service Announcement

Public Service Announcement

သ​ပြေညိုတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရမိ​သော ပစ္စည်းများနဲ့ စစ်သားရုပ်​အ​လောင်းအချို့ ။ဓါတ်ပုံ-MDY-PDF
သ​ပြေညိုတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရမိ​သော ပစ္စည်းများနဲ့ စစ်သားရုပ်​အ​လောင်းအချို့ ။ဓါတ်ပုံ-MDY-PDF

▪︎​မေး- လူငယ်​တွေများတဲ့အတွက် အဓိကအားသာချက်နဲ့ စိန်​​ခေါ်ချက်​တွေက ဘာ​တွေဖြစ်မလဲ

⦿​ဖြေ- အားသာချက်ကတော့ ရှင်းပါတယ်။ စစ်ပွဲတစ်ပွဲတိုက်မယ်ဆိုရင် ဘယ်ပေါ်မှာ အဓိကထားပြီး အခြေခံကြလဲပြောကြရင် လျှင်မြန်သွက်လက်မှုအပေါ်မှာ တိုက်ပွဲတွေ အောင်ခြင်း မအောင်ခြင်းက အများကြီး အရေးပါပါတယ်။ အဲဒီတော့ လျင်မြန်ဖျက်လက်မှုတို့၊ သွက်လက်မှုတွေဟာ ဘယ်အပေါ်မှာ ပြန်အခြေခံလဲဆိုတော့ ငယ်ရွယ်နုပျိုမှုအပေါ်မှာ အများကြီး အခြေခံပါတယ်။ ရန်သူ့တပ်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် ရန်သူ့တပ်က အရေအတွက်အားဖြင့် သာချင်သာလိမ့်မယ်၊ လက်နက်ကြီးပိုင်း သာချင်သာလိမ့်မယ်။ လေကြောင်းတိုက်ခိုက်မှု သာကောင်းသာပါလိမ့်မယ်။ ဒါပေမဲ့ ရန်သူ့တပ်က အိုနာကျိုးကန်းက များတယ်။ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ ပါဝင်နေသူတွေက ဒုက္ခတတွေကအစ အသက်အရွယ်ကြီးရင့်သူတွေ။ disable တွေကို ခွဲခြားချင်တာ မဟုတ်ဘူး။ သူတို့မှာ အင်အားမရှိတော့ ရှိတာတွေ ဆွဲထုတ်သုံးရတဲ့သဘောကို ဆိုလိုချင်တာပါ။ ရန်သူ့တပ်က အသက်အရွယ်ကြီးရင့်သူအများစုဖြစ်တယ်။ ဒီစစ်ပွဲထဲမှာ မပါသင့် မပါထိုက်တဲ့ မသင့်လျှော်သူတွေ ထည့်သွင်းပြီးတော့မှ အသုံးချနေတာမျိုး တွေ့ရတယ်။ ဒါ ကျွန်တော်တို့ PDF မှာရော၊ အခြား PDF မှာရော ဒီအားသာချက်က အတူတူပဲဖြစ်မယ်ထင်ပါတယ်။ ကျွန်တော် PDF မှာ အများစုက ငယ်ရွယ်နုပျိုမှု၊ လူငယ်အများစုဖြစ်နေတယ်။ ဒါက စစ်ပွဲတစ်ပွဲရဲ့ အောင်ခြင်း၊ အောင်မြင်ဖို့အတွက် တကယ်ကို ၇၀ ရာခိုင်နှုန်းလောက်အထိ အလေးပေး၊ အလေးပါနေတဲ့ ရာခိုင်နှုန်းတစ်ခုပါ။ ဒါက ငယ်ရွယ် နုပျိုမှုက အားသာချက်တစ်ခုဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့တတွေမှာ ဒီတိုက်ပွဲက အောင်ကို အောင်မယ်။ အောင်စိတ်နဲ့တိုက်နေတာဖြစ်လို့ တကယ်ကို ယုံကြည်ချက်။ ဒီတော်လှန်ရေးက ငါတို့ နိုင်ကို နိုင်မယ်ဆိုတဲ့ ယုံကြည်ချက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်းထန်တဲ့သူတွေပေါ့။ ဒီစကစကို အမြစ်ပြတ်မောင်းထုတ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက် ချထားတဲ့သူတွေ။ ဒီလိုစိတ်ဓာတ်ခိုင်မာတဲ့ သူတွေ ရှိနေတာကလည်း အားသာချက် တစ်ခုဖြစ်ပါတယ်။ အဲဒီလိုပဲ နောက်တစ်ချက်က ကျွန်တော်တို့က သွေးဆာနေလို့ တပ်ထောင်ကြတဲ့သူတွေ မဟုတ်ဘူး။ အများစုက ဒီတော်လှန်ရေးဟာ တကယ် ထိုက်တန်တဲ့ ငါတို့လိုချင်တဲ့ ငြိမ်းချမ်းတဲ့ သာယာဝပြောတဲ့ ဖက်ဒရယ်ပြည်ထောင်စုဒီမိုကရေစီကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးဆိုတာက လွယ်လွယ်နဲ့ ရနိုင်တာမဟုတ်ဘူး။ တကယ်ကို စကစကို အပြတ်သတ်ချေမှုန်းပြီးတော့မှ ရအောင် လုပ်ကြမယ်ဆိုတာမျိုး။​ ဆိုလိုချင်တာက အသိပညာမဲ့ လက်နက်ကိုင်နေကြတာမဟုတ်ဘူး။​ အသိပညာရှိကြတဲ့သူအများစု ဒါကလည်း အားသာချက်တစ်ခု။ ဒါပေမဲ့ အားနည်းချက်တော့မဟုတ်ဘူး စိန်ခေါ်မှုပေါ့။ စိန်ခေါ်ချက်က ဘာဖြစ်မလဲဆိုတော့ အများစုက ရောက်လာကြတာက လူငယ်တွေဖြစ်တယ်။ စည်းမျဥ်းစည်းကမ်းတွေ အမိန့်တွေကို မကြိုက်ကြဘူး။ အခု generation z လို့ပဲ ပြောပြော၊ y လို့ပဲ ပြောပြော ဒါတွေ အများစုက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနောက်မှာ ရှင်သန်ကြီးထွားလာတဲ့သူ အများစုဖြစ်တဲ့ အတွက်၊ ပွင့်လင်းတဲ့ခေတ်မှာ ရှင်သန်လာကြတဲ့သူတွေဖြစ်တဲ့အတွက် လွတ်လပ်မှုကို ကောင်းကောင်းထိတွေ့ခံစားခဲ့ကြတဲ့ မျိုးဆက်တွေဖြစ်တယ်။ အဲဒီတော့ လွတ်လပ်မှုအရသာကို တကယ်ကိုခံစားလာတဲ့သူတွေ ဖြစ်တဲ့အတွက် တပ်မတော်တစ်ရပ်အနေနဲ့ သွားတဲ့အခါ စစ်စည်းမျဥ်း စည်းကမ်းတွေနဲ့ နေရတဲ့အခါမှာ တော်တော်လေးအဆင်မပြေကြဘူး။ ဒါကို ပြန်ပြီးထိန်းကျောင်းရတဲ့ ကိစ္စက အင်မတန်မှကို ခက်ခဲပါတယ်။ အဲဒီတော့ အများစုပြောကြတာက ဟိုက အမိန့်မကြိုက်လို့မှ အာဏာရှင်ကို ပြုတ်ကျဖို့ ကြိုးစားနေတာ အမိန့်နဲ့ တွေ့နေတယ်။ ဒါက တစ်ခု။ နံပတ် ၂ စိန်ခေါ်မှုက မြို့ပြ ပညာတတ်အရေခွံကို မချွတ်နိုင်ကြဘူး။ အဲဒီလို မချွတ်နိုင်တာက ခုနက ပြောသလို ပညာတတ်အများစု ရောက်လာကြတာဖြစ်တဲ့အတွက်ကြောင့် စစ်တပ်တစ်ခုကို တည်ဆောက်ရတဲ့အခါ အမိန့်နာခံမှု တရားမျှတတဲ့ အမိန့်ဆိုပြီး လိုက်နာရမယ်။ ဒီတော်လှန်ရေးအတွက် အကျိုးဖြစ်စေမယ့်အမိန့်တွေကို လိုက်ကိုလိုက်နာရမယ်။​ မလိုက်နာတဲ့အခါ ထိုင်ဆိုထိုင်၊ ထဆိုထ ဆိုတာမျိုး လုပ်ရတဲ့အခါ အပြင်မှာ မာစတာဘွဲ့တွေ၊ Ph.D ဘွဲ့ တွေ ရတာရှိပါလိမ့်မယ်။ ဒါပေမဲ့ စစ်တပ်ထဲမှာ အဲဒါတွေအကုန်လုံးက တန်းလျားမှာပဲ ချိတ်ထားခဲ့ရမှာပေါ့။ ဘာကြီးပဲတတ်လာ တတ်လာ၊ ရဲဘော်က ရဲဘော်။ အမိန့်နာခံမှုနဲ့ လုပ်ရတယ်။ ပညာတတ်အရေခွံကို မချွတ်နိုင်တဲ့အခါ အမိန့်နာခံမှုကိစ္စက နံပတ် ၁ စိန်ခေါ်မှု တော်တော်လေးကြုံရပါတယ်။ နောက်တစ်ခု နံပတ် ၃ အနေနဲ့ ဘာလဲလို့ ပြောရင် မြို့ပြအရိပ်။ မြို့ပြအရိပ်က ဘာလဲလို့ ပြောရင် ပေါများမှု။ မန္တလေးမြို့မှာပဲ နေနေ၊ ဘယ်မှာပဲ နေနေ အဓိကကတော့ လွယ်လင့်တကူ ရနေတဲ့နေရာတွေက လာတဲ့သူတွေ။ အဲဒီတော့ တောထဲ တောင်ထဲမှာ ခက်ခက်ခဲခဲ ကျဥ်းထဲကျပ်ထဲ ခြွေခြွေတာတာနဲ့ ရှင်သန်လှုပ်ရှားရတဲ့အခါ ထမင်းကအစ ရှူးရှဲတစ်ထုပ်၊ လျှာဂျွမ်းပြန်တစ်ထုတ်လောက်နဲ့ စားသောက်ရတဲ့အခါ တော်တော်လေး ခက်ခက်ခဲခဲ ရင်ဆိုင်ရပါတယ်။ လွတ်လွတ်လပ်လပ် သွားချင်တယ်၊ လာချင်တယ် ဒါမျိုးတွေကအစ ကျွန်တော်တို့ ထိန်းချုပ်ရပါတယ်။ အဓိကကတော့ တတ်နိုင်သမျှ ကျွန်တော်တို့က စစ်သားတွေ ဖြစ်တဲ့ အတွက်ကြောင့် သတင်းလုံခြုံမှုကလည်း အရေးကြီးတဲ့အတွက် ဟိုသွားဒီသွားလုပ်လို့ မရဘူး။ ဒါမျိုးတွေ ရင်ဆိုင်ရတဲ့အခါ ကန့်သတ်မှုတွေလုပ်တဲ့အခါ အများစုက မြို့ပြကလာတာဖြစ်လို့ ဒီစိန်ခေါ်မှုကို တကယ့်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ရပါတယ်။ တွေ့ရပါတယ်။

▪︎မေး- ၂ နှစ်အတွင်းမှာ တိုက်ပွဲပေါင်း ဘယ်လောက်လောက်ဖော်ပြီးသွားပြီလဲ။ တိုက်ပွဲတွေ မှာ ရန်သူ ဘယ်လောက်လောက်ကို သုတ်သင်နိုင်ခဲ့လဲ။ ကိုယ့်ဘက်က ရဲဘော်ကျဆုံးမှု အခြေအနေ ဘယ်လိုရှိလဲဆိုတာ ရှင်းပြပေးပါလား။

⦿​ဖြေ-ကျွန်​​တော်တို့ စတင်ပြီး စုဖွဲ့ပြီးနောက်ပိုင်းမှာ ကျွန်​တော် စောစောက ပြောခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ မိုးကုတ်မြို့ အနောက်ဘက်ခြမ်း ဂွေးပင်တိုက်ပွဲပေါ့ အဲဒါ ပထမဦးဆုံး ထိုးစစ် စတင်ဆင်နွှဲခဲ့ပါတယ်။ ရန်သူ့စခန်းကို သုံးပုံ ၊နှစ်ပုံခွဲလောက်အထိ သိမ်းဆည်းနိုင်ခဲ့တယ်။ စစ်ကူပေးတာ အရမ်း မြန်တော့ စခန်းကုန်းကို မရခဲ့ဘူး။ အဲဒီစခန်းကုန်းမှာ ရန်သူ့ဘက်က တပ်ရင်းမှူး ကျတဲ့အဆင့်ထိရှိတယ်။ ကျွန်​တော်တို့ ရဲဘော်တစ်ဦးကျတယ်။ ဂွေးပင်တိုက်ပွဲပြီးနောက်ပိုင်း စဉ့်ကူးတိုက်ပွဲ။ စဉ့်ကူးတိုက်ပွဲလို့ ပြောတဲ့အခါ တစ်ပွဲတည်းတော့ မဟုတ်ဘူး။ တိုက်ပွဲတွေလေး၊ငါးရက်ဆက်တိုက်ဖြစ်တဲ့ပွဲတွေရှိတယ်။ အဲဒီလိုနဲ့ မတ္တရာမြို့နယ်ထဲကို ထိုးဖောက်ဝင်ရောက်တယ်။မတ္တရာတိုက်ပွဲဖြစ်တယ်။ အဲဒီနောက်မှာတော့ ကျနော်တို့ အော်ပရေးရှင်း “၀ိုင်” ဆိုတဲ့ စစ်ဆင်ရေးတစ်ရပ်ကို ထပ်ပြီးဆင်နွှဲဖြစ်တယ်။ အဲဒီနောက်မှာတော့ သပြေညိုစစ်ဆင်ရေးဆိုပြီး ဆင်နွှဲဖြစ်ပါတယ်။ စုစုပေါင်းဆိုရင် တိုက်ပွဲက သပြေညိုစစ်ဆင်ရေး တိုက်ပွဲဖြစ်ခဲ့တဲ့ အကြိမ်မပါ စုစုပေါင်း တိုက်ပွဲအကြိမ်ရေ ၃၀ကျော်ပြီလို့ အကြမ်းဖျဉ်းပြောလို့ရတယ်။

သပြေညို စစ်ဆင်ရေးက ကျနော်တို့ရဲ့ အထူးခြားဆုံးစစ်ဆင်ရေးလို့ပြောလို့ရတယ်။ အရင် စစ်ဆင်ရေးအများစုက ပထမဆုံး ဂွေးပင်တိုက်ပွဲကလွဲလို့ ကျန်တဲ့ဟာတွေ အများစုက ထိုးစစ်ဆိုတာထက် ခံစစ်ပဲ ကစားပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သပြေညို စစ်ဆင်ရေးကတော့ ကျနော်တို့ စစ်ဆင်ရေးထဲမှာ တန်ပြန်ထိုးစစ်လည်းဟုတ်တယ်။ထိုးစစ်လို့ပြောလို့လည်းရတယ်။ ဒါပထမဦးဆုံး ထိုးစစ်ဆင်တဲ့ အနေအထား။ တိုက်ပွဲတွေ စုစုပေါင်းဆိုရင် ၃၀ကျော်လောက်ရှိတယ်။ ရန်သူဘက်ကတော့ ကျရှုံးမှုကတော့ အရေအတွက် ကိန်းဂဏန်းနဲ့ပြောရင်တော့ နည်းနည်းလေး ထင်ယောင်ထင်မှား ဖြစ်စရာရှိပါတယ်။ စုစုပေါင်း တိုက်ပွဲ ၃၀ကျော်အတွင်းမှာ ကျဆုံးက ကျနော်တို့ ခန့်မှန်းအနေနဲ့ မျက်မြင်အတည်ပြုတာ သပြေညို စစ်ဆင်ရေးအပါအဝင် အနည်းဆုံး ၂၀၀ကျော်ရှိပြီလို့ ယူဆရပါတယ်။ ရန်သူဘက်က တပ်ရင်းမှူး ကျတာက သပြေညို စစ်ဆင်ရေးမှာ ဆိုရင် တပ်ရင်းမှူး ၂ယောက်၊ ဒုတိယ ဗိုလ်မှူးကြီးအဆင့်နှစ်ယောက်ကျတယ်။ ခလရ(၁၄၇)က ဒုဗိုလ်မှူးကြီးကျတယ်။ ခလရ(၁၁၅) နောင်ချိုမြို့စောင့်တပ်က တပ်ရင်းမှူး ကျတယ်။ ပြီးရင် ကျနော်တို့နဲ့ရင်ဆိုင်ဖို့အတွက် ရန်သူ့ဘက်က ဗျူဟာမှူးက လက်တဖက်ပြတ်ဒဏ်ရာရတယ်။ အဲဒီလိုပဲ သပြေညို စစ်ဆင်ရေးမှာ အရာရှိအရာခံတွေ အများကြီးကျပါတယ်။ အဲဒီလိုပဲ ဂွေးပင်တိုက်ပွဲမှာလည်း သူတို့ရဲ့ တပ်ရင်းမှူး ကျတဲ့ သဘောရှိတယ်။ ရန်သူဘက်က အရာရှိကျဆုံးတာ ကျနော်တို့နဲ့ ရင်ဆိုင်တဲ့အခါ တော်တော်များနေပြီ။ အရေအတွက်တောင် မခန့်မှန်းတက်တော့ဘူး။ ကျနော်တို့ဘက် ထိခိုက်ဒဏ်ရာရတဲ့ဟာတွေလည်း များတယ်လို့ ပြောလို့ရပါတယ်။ စုစုပေါင်းဆိုရင် ၁၅ယောက်ကျော်လောက်တော့ရှိပါတယ်။

▪︎​မေး- မန္တ​​လေး PDF ရဲ့တိုက်ပွဲ​တွေထဲမှာ ပြီးခဲ့တဲ့ဧပြီလ၅ ရက်ကစခဲ့တဲ့ ၂၃ ရက်ကြာခဲ့တဲ့ သ​ပြေညို စစ်ဆင်​ရေး တိုက်ပွဲက​တော့ပြည်သူ​တွေရင်တမမနဲ့ ​စောင့်ကြည့်ခဲ့ရတဲ့ ရက်ရှည်တိုက်ပွဲဖြစ်ခဲ့တယ်။စစ်​ကောင်စီတပ်က ​နေရာတစ်​နေရာတည်းကို အင်အား​ထောင်ချီသုံးပြီး ကြည်း​ကြောင်း၊​လေ​ကြောင်း၊လက်နက်ကြီးပစ်ကူ​တွေအများကြီးနဲ့ အပြင်းအထန်ထိုးစစ်ဆင်တာကို ​​အောင်​အောင်မြင်မြင် ခုခံတိုက်ခိုက်နိုင်တာက ​နွေဦး​တော်လှန်​ရေးမှာဆိုရင် ကရင်နီမှာ ကရင်နီတပ်​ပေါင်းစု​တွေရယ်တို့ ၊ကရင်ပြည်နယ်ကတိုက်ပွဲ​တွေမှာရယ်စတဲ့​နေရာအချို့မှာပဲ​တွေ့ခဲ့ရ​ပါသေးတယ်။ စုစည်း​လေ့ကျင့်ထားတာ ၂ နှစ်​လောက်ပဲရှိ​သေးတဲ့ မန္တ​လေးPDF က အင်အားအများအပြားနဲ့စစ်​ကောင်စီရဲ့ထိုးစစ်ဆင်တာကိုဘယ်လို ​အောင်မြင်​​အောင် ခုခံတိုက်ခိုက်နိုင်ခဲ့တာလဲ ။အဲဒီအတွေ့အကြုံလေး တစ်ချက်လောက်မျှပေးပါလား။

⦿​ဖြေ- အဓိကတော့ ကျွန်​တော်ထင်ပါတယ် စစ်ပွဲတစ်ပွဲ အောင်မြင်ရတဲ့ အကြောင်းအချင်းအရာတွေက အများကြီးရှိကောင်းရှိပါလိမ့်မယ်။အားသာချက်တွေလည်း အများကြီးရှိပါတယ်။ ပထမဆုံး ကနဦး ပြောချင်တာတော့ ကျွန်​တော်တို့ တိုင်းရင်းသားညီအကိုတွေကိုပဲဦးစွာပထမ ကျေးဇူးတင်ချင်ပါတယ်။ နံပါတ်(၂)က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း ကျေဇူးတင်ရမယ်။ အဓိကတော့ ကျွန်​တော်တို့ကို အိမ်ရှင်အနေနဲ့လက်ခံထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ရဲ့ ကူညီပံ့ပိုးမှုတွေ အများကြီးပါတယ်။ အဓိက ဆိုလိုချင်တာက ကျနော်တို့ကို လေ့ကျင့်ပေးတဲ့ကိစ္စရယ် ၊ကျွန်​တော်တို့ကို သူတို့နဲ့အတူ ပူးတွဲပြီး ခေါ်ဆောင်ပေးတယ်။ ပိုပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့တပ်မတော်တစ်ရပ်ဖြစ်လာအောင် တကယ့်ကို စစ်သားကောင်းတွေဖြစ်လာအောင် လေ့ကျင့်ပေးတာက ကျွန်​တော်တို့ မဟာမိတ်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ပေါ့။ အဲဒီတော့ သူတို့ရဲ့ ကူညီပံ့ပိုးမှုမပါဘဲနဲ့ ဒီလိုမျိုး ပြင်ဦးလွင်မြို့နဲ့ နာရီဝက်လောက်ပဲ သွားလို့ရတဲ့နေရာမှာ တိုက်ပွဲဖြစ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီနှစ်နှစ်ကျော်ကာလအတွင်းမှာ တည်ဆောက်ထားတဲ့ တပ်မတော်တစ်ရပ်အနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဓိက ဆိုလိုချင်တာက ကျွန်​တော်တို့ကို အဓိက ကူညီပေးတဲ့ ပံ့ပိုးမှုတွေပေးတဲ့ နည်းပညာအရရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရရော လေ့ကျင့်မှုတွေ ဒီလက်နက်ခဲယမ်းကအစ ကူညီပံ့ပိုးမှုကအစ လုပ်ပေးတဲ့အတွက်ကြောင့် ဒီတိုက်ပွဲကို ရက်ရှည်ဆင်နွှဲနိုင်ခဲ့တယ်လို့ အကြမ်းဖျဉ်း ပြောရင်ရပါတယ်။ ဒါက အားသာချက်တစ်ခုပေါ့။

နောက်ထပ်တစ်ခုကတော့ ကျွန်​တော်ထင်ပါတယ်စောစောက ပြောပြီးသားပါ။ ကျွန်​တော်တို့အဖွဲ့အစည်းက အဓိက လူငယ်အများစုဖြစ်နေတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ပြတ်ပြတ်သားသား ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ လူငယ်အများစုနဲ့ တည်ဆောက်ထားတာဖြစ်တယ်။ ဒါက စစ်ပွဲတစ်ပွဲမှာ ရုပ်နဲ့ နာမ်နဲ့နှစ်ခုလုံးအားကောင်းမှ တိုက်ပွဲတွေက အများစုနိုင်ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရလည်းပြတ်ပြတ်သားသားရှိတယ်။ တကယ့်ကို ယုံကြည်ချက်ခိုင်ခိုင်မာမာ ပြင်းထန်တဲ့ လူငယ်အများစုနဲ့ ပေါင်းပြီး စုဖွဲ့ထားတော့ ရန်သူက ဘယ်လောက်ပဲ ထုနဲ့ ဒီ သပြေညိုစစ်ဆင်ရေးမှာဆိုရင်ထုအားနဲ့ စစ်ဆင်လာပေမယ့်လည်း စိတ်ဓာတ်ခိုင်မာ ပြတ်သားကြတဲ့ လူငယ်အများစုဖြစ်တဲ့အခါကျတော့ ကောင်းကောင်း ကြံ့ကြံ့ခံရင်ဆိုင်နိုင်တယ်။ ဒါကနံပါတ်(၂)ပေါ့။ နံပတ်(၃)အားသာချက်အနေနဲ့က ထပ်ပြီးပြောရရင် ကျနော်တို့က MDY-PDFက ခေတဲ့ တပ်မဟုတ်ဘူးလို့ အရပ်စကားပြောရမှာဖြစ်တယ်။ ဘာလို့လည်းဆိုရင် ကျွန်​တော်တို့ရဲဘော်တိုင်းက လက်နက်ငယ်လူတိုင်း ရှိတယ်။ တပ်ဆင်ထားပြီးဖြစ်တယ်။ အခြေခံစစ်သင်တန်းပြီးပြီးသား လူတိုင်းကို လက်နက်ငယ် တပ်ဆင်ထားပေးပြီးသားဖြစ်တယ်။ ကျွန်​တော်တို့ အခြေခံသင်တန်းဆိုရင် EROတွေဆီမှာ သင်တန်းယူတယ်။ သုံးလတိတိ အခြေခံစစ်သင်တန်းတက်ရပါတယ်။ အခြေခံစစ်သင်တန်း ပြီးတဲ့သူတိုင်းကို ရိုင်ဖယ်သေနတ်တွေ တပ်ဆင်ထားပြီးဖြစ်တယ်။ အဲဒီတော့ ရန်သူတစ်ချက်ပစ်ရင် ကျွန်​တော်တို့လည်း တစ်ချက်ပစ်နိုင်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ အဲဒီတော့ ရန်သူကတော့ ကျွန်​တော်တို့ထက်လူအင်အား အမြောက်အများ သုံးနိုင်ရင် သုံးနိုင်လိမ့်မယ်။ လက်နက်ကြီးတွေ အများကြီး သုံးနိုင်ချင်သုံးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာပဲပြောပြော ရန်သူက ကျွန်​တော်တို့ MDY-PDFကို ရင်ဆိုင်တဲ့အခါမှာသူတို့ လည်းရင်ဆိုင်ရတာ တော်တော်ကို ခဲယဉ်းပါတယ်။ ကျွန်​တော်တို့ သူတို့ဆီက သုံ့ပန်းတစ်ချို့လည်း ဖမ်းမိထားတာရှိတယ်။ ပြန်ပြီး ကြားရတာတွေလည်း ကျွန်​တော်တို့ သိသလောက်တော့ ဒီသပြေညို စစ်ဆင်ရေးမှာ သူတို့ဘက်က တော်တော်ကို အံ့ဩပြီး တုန်လှုပ်သွားတဲ့ဟာမျိုးရှိတယ်။ ခြောက်ခြားသွားတဲ့ဟာမျိုးရှိတယ်။အရာရှိတွေက တော်တော်ကိုကျဆုံးတာ ဖြစ်တဲ့အတွက် သူတို့တော်တော်လေးလန့်တယ်ပေါ။ အဓိကကတော့ အင်အားဆို ၁၅၀၀ နဲ့ ၂၀၀၀ ကြားလောက်နဲ့ ကျွန်​တော်တို့ကို စစ်ဆင်ရေးလုပ်တယ်။ ကျွန်​တော်တို့နဲ့ ရင်ဆိုင်ရတဲ့နယ်မြေဆို ကျဉ်းကျဉ်းလေးရယ်။ အဲဒီကျဉ်းကျဉ်းလေးထဲကို တစ်ကယ့်ကို အမြောက်အများနဲ့ ထုနဲ့ စစ်ဆင်ရေးလုပ်တယ်ပေါ့။ အဲဒီတော့ ထုနဲ့စစ်ဆင်ရေးလုပ်ပေမယ့် ကျွန်​တော်တို့ ကောင်းကောင်း ဗျူဟာမြောက်ပြန်ပြီးတုံ့ပြန်နိုင်ခဲ့တယ်။ စစ်ကစားနိုင်တယ်။ အဲဒီအချိန်မှာ ဘာပဲပြောပြော အောင်မြင်မှုတွေရတယ်။ ဆိုလိုချင်တာက အားသာချက်တွေကတော့ အများကြီးရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ သိသာထင်ရှားတဲ့ အားသာချက်ကို ပြောပါဆိုရင်တော့ကျွန်​တော်တို့ မဟာမိတ်အဖွဲ့အစည်းရဲ့ ကူညီပံ့ပိုးမှုတွေ အမျိုးသာညီညွတ်ရေးအစိုးရရဲ့ ကူညီပံ့ပိုးမှုတွေ မပါဘဲနဲ့ ကျွန်​တော်တို့တွေ ဒီလောက်ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ကျွန်​တော်တို့ ရဲဘော်တွေရဲ့ စိတ်ဓာတ်နဲ့ လေ့ကျင့်ရေးပြည့်၀မှုကလည်း တာသွားတယ်။ နောက်တစ်ခုက လက်နက်ပိုင်းဆိုင်ရာ တပ်ဆင်ထားမှုကအစ အားသာချက်တစ်ခုအနေနဲ့ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ အဓိကတော့ ပြန်ပြီးချုပ်ရရင်စနစ်တကျ စုဖွဲ့မှုဆိုတာရဲ့ရလဒ်ပေါ့ဗျာ။ စနစ်တကျ ပြင်ဆင်စုဖွဲ့ထားပြီးနောက်ပိုင်းမှာ တကယ့်ကို ကောင်းကောင်းပြင်ဆင်နိုင်မှုတွေလုပ်လာနိုင်ပြီးနောက်ပိုင်းမှာ ကောင်းကောင်းရင်ဆိုင်နိုင်သွားပါပြီ။

▪︎​​မေး-သပြေညိုတိုက်ပွဲမှာ မီဒီယာတွေမှာလည်း တော်တော်လေး ဖော်ပြပြီး ပြည်သူတွေကြားမှာ ပြောစမတ်ဖြစ်သွားတာက စစ်ကောင်စီတပ်ဘက်ကအရာရှိတစ်ယောက် ကားနဲ့ထွက်ပြေးတာကိုရလိုက်တဲ့ဖြစ်ရပ်မလား။

⦿​ဖြေ- ဒီလိုဗျ။တကယ်တန်းကစကစက အလုံးအရင်းနဲ့ကျွန်​တော်တို့ကို စစ်ဆင်ရေးလုပ်နေတဲ့အချိန် ထိုးစစ်ပြန်လုပ်တယ်။ ပြန်လုပ်တဲ့အချိန် ရန်သူကုန်းတစ်ခုကို တက်ပြီးတော့ ထိုးစစ်ဆင်သိမ်းတယ်။ဖြစ်ချင်တော့ အဲဒီကုန်းပေါ်မှာ ရန်သူက ထွက်ပြေးသွားတယ်လို့ ပြောကြပါစို့။ အဲဒီမှာကျွန်​တော်တို့ အဲဒီကုန်းပေါ်က ပြန်ဆင်းလာတဲ့အချိန် နေတောင်နည်းနည်းမြင့်နေပြီ။ အဲဒီအချိန်မှာ လှုပ်လှုပ်လှုပ်လှုပ်တော့ ဖြစ်နေတာ။ ဒီကောင်တွေလည်း ကားတွေနဲ့ ထွက်ပြေးကြတာ။ ကားလေးစီးတန်းလျက်ထွက်ပြေးတာ။ ထွက်ပြေးတဲ့အခါဖြစ်ချင်တော့ နောက်ပိတ်ထားခဲ့တဲ့ အဖွဲ့နဲ့တွေ့တာပေါ့။ ပထမဆုံး တစ်ယောက်က ဒီကားကိုတားတာ။ မှန်တွေပိတ်ပြီးတော့ မောင်းတော့ တားတာ မရပ်ပေးဘူး။ မရပ်ပေးလို့ စက်ပေါက်တော့ နောက်ပိတ်က အဲဒီကားတန်းကို ပစ်ပစ်ပစ်ဆိုတော့ ပစ်တဲ့အချိန်မှာ ကားတစ်စီးပဲရလိုက်တယ်။ ကျန်တဲ့ သုံးစီးက ထွက်ပြေးသွားနိုင်တယ်။အဲဒီတော့ ထွက်ပြေးသွားနိုင်ပေမယ့် ဒုတိယမြောက်ကားကတော်တော်လေးကို ဒုတိယနဲ့ တတိယမြောက်ကားက ကောင်းကောင်းလေး ပစ်လိုက်နိုင်တယ်။ ပစ်လိုက်နိုင်တော့ ဗျူဟာမှူး လက်ဖြတ်ရတယ်။ တပ်ရင်းမှူး ကျတယ်ဆိုတာက အဲဒီကားတန်းက ပါသွားတဲ့သူ။ ကျနော်တို့က အလောင်းက တစ်လောင်းပဲရလိုက်တယ်။ ဒါပေမဲ့ တကယ်တန်းကတော့ကားမောင်းတဲ့သူက မသေတဲ့အခါ ဗျူဟာမှူးနဲ့ တပ်ရင်းမှူးရဲ့အလောင်းမရလိုက်ဘူး။ အမှန်တကယ်က အဲဒီကားတွေအတန်းလိုက်ဆိုတော့ အများကြီးရလိုက်ရမှာ။ ကားမောင်းတဲ့ ဒရိုင်ဘာက မသေတဲ့အခါ အကုန်မောင်းပြေးသွားတော့ အဲဒီမှာ ၁၁၅ တပ်ရင်းမှူးက ဆေးရုံမှာပဲ ဆုံးတယ်ဆိုတာ သိရတယ်။ ဗျူဟာမှူးက လက်ဖြတ်ရတယ်ဆိုတာ သိရတယ်။ နောက်ထပ်တပ်ရင်းမှူးကတော့ မစိုးရိမ်ရဒဏ်ရာနဲ့ အခုတော့ပြန်ကောင်းသွားတယ်လို့ အဲဒီလိုမျိုးပေါ့။ ကျသွားတာ ဒုဗိုလ်မှူးကြီးမြတ်မင်းထွန်း။ ကားရလိုက်တဲ့နေရာမှာတင်ကျတာ။ ကျန်တဲ့ကားက ဒရိုင်ဘာမသေဘူး။ ကားတစ်စီးလုံးဖွာနေပြီပစ်တာ။ ကျွန်​တော်ထင်ပါတယ် ဒဏ်ရာရလျက်နဲ့ မောင်းပြေးသွားတာ။ ကားဆိုတော့ မလိုက်နိုင်ဘူးဖြစ်သွားတာ။

(​မေးမြန်းခန်းကိုဆက်လက်​ဖော်ပြပါမယ်)