▪︎ဒေါက်တာတေဇာဆန်း နဲ့ မေးမြန်းခန်း
မနက်ဖြန် (ဇွန်လ ၁၉ ရက်)တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်လုံးကျွတ် ပန်းသပိတ်နှင့် Singing Strike လှုပ်ရှားမှု ပြုလုပ်မည် ဖြစ်သည်။ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရသည့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစားအောက်မေ့ခြင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြသည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်းခြင်းတို့အားဖြင့် ယင်းသပိတ်လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြစ်သည်ဟု သပိတ်ခေါင်းဆောင်များကပြောသည်။ထိုသို့ ပြည်လုံးကျွတ် လူထုသပိတ် ဖော်ဆောင်ခြင်း၏ ရည်ရွယ်ချက်၊ ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်မည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကို People’s Spring သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

မေး – ပြည်လုံးကျွတ် ပန်းသပိတ်၊ Singing Strike တို့ရဲ့ အဓိပ္ပာယ်နဲ့ ရည်ရွယ်ချက်လေးကို ရှင်းပြပေးပါ ခင်ဗျာ။
ဖြေ – လာမယ့် ဇွန်လ ၁၉ ရက် ၂၀၂၃ ဆိုရင် အဓမ္မဖမ်းဆီးခံထားရတဲ့ ပြည်သူများ လေးစားချစ်ခင်မြတ်နိုးရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၈ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ စစ်အာဏာရူးတွေက လက်နက်အားကိုးပြီး တစ်နိုင်ငံလုံးက ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ နှစ်သောင်းကျော်လောက် အထိကို အဓမ္မဖမ်းဆီး အကျဉ်းချထားပါတယ်။ ဒါ့အပြင် စစ်တပ်က ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ဖိအားပေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။ အဓိကကတော့နွေဦးတော်လှန်ရေးတွေ ပြည်သူတွေ မပါဝင်ရဲအောင် ကြောက်သွားအောင် လုပ်တဲ့ သဘောပါပဲ။ သို့သော်လည်း ကျွန်တော်တို့ ပြည်သူတွေက မကြောက်ဘူး ခင်ဗျ။ မကြောက်တဲ့အပြင် ဖိလေကြွလေ ဆိုတဲ့အတိုင်း တော်လှန်ရေးမှာ နည်းလမ်းမျိုးစုံနဲ့ ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။ အခု ဒီဇွန် ၁၉ မှာလည်းပဲ ပြည်သူတစ်ရပ်လုံးက မကြောက်တရားကို ဆွဲကိုင်ထားဆဲဖြစ်တယ်။
ကျွန်တော်တို့ တော်လှန်ပန်းတွေ ဖွေးဖွေးလှုပ်အောင်ပွင့်နေဆဲ ဖြစ်တယ် ဆိုတာကို ပန်းသပိတ်လှုပ်ရှားမှုကြီးနဲ့ ပေါ်လွင်အောင် ဖော်ညွန်းသက်သေပြကြမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ဆင်နွှဲကြမယ့် ပန်းသပိတ် လှုပ်ရှားမှုက ဘာကိုရည်ရွယ်သလဲလို့ ဆိုရရင် အဓမ္မ ဖမ်းဆီးခံထားရတဲ့ ၇၈ နှစ်ပြည့် မွေးနေ့ရှင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသူ၊အကျဉ်းသားအားလုံးရဲ့ ဂုဏ်ရည်ကို လေးစားတဲ့ အဓိပ္ပာယ် ဖော်ဆောင်တာဖြစ်ပါတယ်။တော်လှန်ခရီးအဆက်ဆက်မှာ ရှေ့တန်းကနေ ပါဝင်တဲ့ တော်လှန်အမျိုးသမီးထုကိုလည်းဖော်ညွန်းတာ ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ ဆိုရရင်တော့ တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး အသိပါပဲ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပန်းလေးတွေနဲ့ တွဲပြီး မြင်တတ်ကြပါတယ်။ ဒါ့ကြောင့် လာမယ့် ဇွန် ၁၉ မှာတော့ တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်လုံးကျွတ် နိုင်ငံလုံးကျွတ်ပန်းသပိတ် လှုပ်ရှားမှုကြီးကို ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်း နှိုးဆော်ခြင်း ဖြစ်ပါတယ်။
မေး – ပန်းသပိတ်ကို ဘယ်လိုပုံစံမျိုးနဲ့ ကျင်းပသွားပါမလဲ။ ပြည်သူတွေ ဘယ်လိုပူးပေါင်းပါဝင်နိုင်မလဲ ဆိုတာအကြံပြုပေးပါလား။
ဖြေ – ပန်းသပိတ်လှုပ်ရှားမှုမှာ ပြည်သူလူထုတစ်ရပ်လုံးက နည်းနာပုံစံမျိုးစုံနဲ့ ပါဝင်ဆင်နွှဲလို့ရပါတယ်။ ဘောင်တွေ ကန့်သတ်ထားတာ မရှိပါဘူး။ ပန်းအမျိုးအစားတွေ အသွေးအရောင်တွေ၊ အချိန်နာရီတွေ ကန့်သတ်ထားတာလည်း မရှိပါဘူး။ လာမယ့် ဇွန် ၁၉ နေ့မှာ မိုးလင်းကနေ မိုးချုပ် တတ်စွမ်းတဲ့ ပုံစံ၊ ထိုးတွင်းကြံဆတဲ့ မတူဆန်းပြားတဲ့ နည်းနာတွေနဲ့ ပါဝင်ဆင်နွှဲလို့ရပါတယ်။ ဥပမာ ကိုယ့်အိမ်တွင်းမှာ ဘုရားပန်းအိုး၊ စားပွဲတင်ပန်းအိုး အသစ်လဲတာ၊ အသစ်ပူဇော်ဆပ်ကပ်တာတွေလည်း လုပ်လို့ရပါတယ်။ ကိုယ့်နေ့စဉ် အလုပ်ခွင်သွားတဲ့အချိန်မှာ ပန်းလေးတွေ ပန်တာ၊ပန်းလေးတွေ ရင်ဘတ်မှာထိုးတာ၊ပန်းအသုံးအဆောင်တွေ သုံးစွဲကြတာ အစုံပါပဲ လုပ်လို့ရပါတယ်။ ဒီလို ဖော်ဆောင်တဲ့အခါမှာ အဓိကကတော့ လုံခြုံရေးအသိ၊လုံခြုံရေးသတိကတော့ အင်မတန် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့ကြီးပြကြီးတွေမှာ ဆိုရင် ရန်သူစစ်တပ်ကလည်းပဲ ဖိနှိပ်ဖို့ အကွက်ချောင်းနေမှာပါပဲ။ ဒီတော့ ကိုယ့်ရဲ့ လုံခြုံရေးကိုတော့ မပေါ့ဆဖို့ အရေးကြီးပါတယ်။ ဉာဏ်နဲ့ ရှင်ပြီးတော့ ပညာသားပါပါနဲ့ ပါဝင်ဆင်နွှဲကြဖို့ လိုပါတယ်။ တော်လှန်ရေးဘက်က စိုးမိုးတဲ့ လွတ်မြောက်တဲ့ နယ်မြေတွေမှာတော့ အုံနဲ့ကျင်းနဲ့ ထုနဲ့ထည်နဲ့ လူထုတစ်ရပ်လုံးက အုံးအုံးကြွတ်ကြွတ် ပါဝင်လို့ ရပါတယ်။ ဆိုလိုတာကတော့ ပါဝင်လို့ရမယ့် နည်းနာတွေက ပန်းအမျိုးအစား၊ အချိန်နာရီ ကန့်သတ်ထားတာ မရှိပါဘူး။ ဘောင်ကျယ်ကျယ်ထားထားပါတယ်။ မိမိတို့ အလျင်းသင့်တဲ့ နည်းနာပုံစံမျိုးစုံနဲ့ ပန်းသပိတ် လှုပ်ရှားမှု ပန်းတဲ့ ဆက်စပ်တဲ့ တော်လှန်ပုံရိပ်၊ တော်လှန်နိမိတ်တွေကို ပါဝင်ဆင်နွှဲကြဖို့ပဲ ဖြစ်ပါတယ်။
မေး – လက်ရှိ ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ စစ်တပ်က စစ်ဆေးမှုတွေ တင်းကြပ်နေတဲ့အတွက်ပန်းသပိတ်မှာ လူထုက ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်မယ် မျှော်လင့်ထားလဲ။
ဖြေ – ပန်းသပိတ်မှာ ပါဝင်ကြတယ် ဆိုတဲ့အခါမှာ မလိုအပ်ရင် မျက်နှာတွေ ဖော်စရာ မလိုဘူး။ နေရာတွေ ဖော်ညွန်းစရာ မလိုပါဘူး။ ဒါတွေက ဖျောက်ထား ဝါးထားပြီးတော့မှ လူမှုကွန်ယက်မှာ တင်လို့ ရပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်လူမှုကွန်ယက်ကနေလည်း မတင်ပဲနဲ့ သတင်းမီဒီယာတွေရဲ့ တဆင့် အခြား ပလက်ဖောင်းတွေ မျိုးစုံကနေတဆင့် ဖော်ထုတ်ပြသလို့ ရပါတယ်။ အဓိကကတော့ အွန်လိုင်း၊ Offline အဆင်ပြေသလို နည်းလမ်းနည်းနာ အစုံနဲ့ ဖော်ထုတ်ပြလို့ ရပါတယ်။ အထူးသဖြင့် ရန်ကုန်၊ မန္တလေးတို့လို ရန်သူအကြမ်းဖက် စစ်ကောင်စီ စိုးမိုးထားတဲ့ နေရာတွေက ပြည်သူတွေ အနေနဲ့ ဉာဏ်နဲ့ ယှဉ်ပြီး ပါဝင်ဆင်နွှဲပေးကြပါ။ တော်လှန်ရေး စိုးမိုးတဲ့ နယ်မြေတွေမှာတော့ လွတ်လွတ်လပ်လပ် ထုနဲ့ထည်နဲ့ ဖော်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
မေး – အခုနောက်ပိုင်းပြည်သူအချို့က သပိတ်တွေထက်စာရင် လက်နက်ကိုင်တော်လှန်ရေးကို ပိုအားပေးလာကြတယ်။ လူထုသပိတ်ရဲ့ အရေးကြီးပုံကိုလဲ ပြောပြပေးပါဦး။
ဖြေ – တော်လှန်ရေးက အချိန်တစ်ခု ရောက်လာတဲ့အခါမှာ နည်းလမ်းမျိုးစုံနဲ့ တော်လှန်ဖို့ လိုပါတယ်။ အရေးကြီးတဲ့ လက်နက်ကိုင် ခုခံစစ် တွန်းလှန်တာလည်း ရှိမယ်။ တချိန်ထဲမှာပဲ လက်နက်မဲ့ လူထုနည်းနာတွေ ဖြစ်တဲ့ ရုံးမတက်ဘဲ ရုံးထွက်တဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ CDM မဏ္ဍိုင်ရှိမယ်။ လူထုသပိတ်တိုက်ပွဲ၊ လူထုလှုပ်ရှားမှုတွေ ရှိမယ်။ စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်မယ့် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုတွေလည်း ရှိမယ်။ စစ်ကောင်စီကို စီးပွားရေးအရ အရေးယူဖို့ ထိုးနှက်တိုက်ခိုက်ဖို့ တချိန်ထဲမှာပဲ နိုင်ငံတကာအလယ်မှာ စစ်ကောင်စီကို နေရာဝင်မှု မရဖို့ ပြည်သူ့အစိုးရ NUG တရားဝင်မှု ရဖို့ စတာတွေလည်း ရှိပါမယ်။ ပြောချင်တာက တော်လှန်ရေးရဲ့ ထောက်တိုင်၊ မဏ္ဍိုင်တွေက ဒီလိုမျိုး ရှိနေပါတယ်။ ဒါတွေအားလုံးက ဟန်ချက်ညီ ချီတက်နေဖို့ အင်မတန် အရေးကြီးပါတယ်။ အခုတော်လှန်ရေး ၂ နှစ်ကျော်လာတဲ့ အခါမှာ ခရီးအတိုင်းအတာ တစ်ခုထိ ရောက်ခဲ့တယ် ဆိုတာကလည်း အခုလို ဟန်ချက်ညီ တော်လှန်ရေး ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးသည် နည်းနာတစ်ခုထဲ အပေါ်မှာပဲ အားပြုထားတာ မဟုတ်ပါဘူး။ နည်းနာအစုံ ထောက်တိုင်အစုံ ဘက်ပေါင်းစုံကနေ ဟန်ချက်ညီ သွားနေခြင်း ဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင် ခုခံတော်လှန်စစ် မဏ္ဍိုင်က အရေးပါသလို ကျန်တဲ့ နည်းနာတွေကလည်း အင်မတန် အရေးကြီးပါတယ်။ လက်ရုံးရည်၊ နှလုံးရည်အပြည့်နဲ့ အဖက်ဖက်ကနေ နည်းနာအစုံနဲ့ ချီတက်နေတဲ့ တော်လှန်ရေး ဖြစ်တယ် ဆိုတာကို လူထုကို သတင်းစကားပါးလိုပါတယ်။
မေး – နောက်ဆုံးမေးခွန်းအနေနဲ့ ပြည်သူတွေမျှော်လင့်နေတဲ့တော်လှန်ရေးအောင်နိုင်ခြေဘယ်လိုရှိလဲဆိုတဲ့အပေါ်အမြင်ကိုပြောပေးပါဦး။
ဖြေ – ပြည်သူ့နွေဦးတော်လှန်ရေးက ပြည်သူကို အခြေခံပြီးတော့ ချီတက်ဖြတ်သန်းလာတာ ဖြစ်ပါတယ်။ အချိန် ၂ နှစ်ကျော် ၃ နှစ်ထဲကို ဝင်လာပါပြီ။ ဒီတော်လှန်ရေး ဘယ်ကစလဲ။ အထူးသဖြင့် ခုခံတွန်းလှန်စစ်မှာဆိုရင် အင်မတန်မှ ပေါ်လွင်ပါတယ်။ ကျွန်တော်တို့ ခြေဗလာ လက်ဗလာနဲ့ စခဲ့တာပဲဗျ။ သုညက စခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။ သို့သော် အဲဒီ့အနေအထားကနေ အခု ကျွန်တော်တို့ ဘယ်ကိုရောက်နေပြီတုန်း။ အခုကြည့်လိုက်ပါ။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အစစအရာရာ အဖက်ဖက်ကနေ အထွေထွေအကြပ်အတည်းဆိုက်နေတယ်လို့တောင် ပြောလို့ရပါတယ်။ နိုင်ငံရေး မျက်နှာစာ ကြည့်မလား ၊စစ်ရေးမျက်နှာစာကြည့်မလား ၊ နိုင်ငံတကာ မျက်နှာစာ ကြည့်မလား၊ စီးပွားရေး မျက်နှာစာ ကြည့်မလား အကုန်လုံးပေါ့ဗျာ။ စစ်တပ်က အဖက်ဖက်ကနေ ကျဆင်းယိုယွင်း နိမ့်ပါးလာတဲ့ အခြေအနေကို ကောင်းကောင်းကြီး မြင်နေရပါတယ်။ ပြောချင်တာက ကျွန်တော်တို့ှ ရှေ့ဆက်သွားလေ တော်လှန်ရေးက အတက် အကြမ်းဖက်စစ်မိစ္ဆာတွေက အကျ ဖြစ်နေပါပြီ။ အင်မတန်ထင်ရှားပါတယ်။ သို့သော် ကျွန်တော်တို့အမြဲတမ်းပြောပါတယ်။ ဒီတော်လှန်ရေးသည် ပေါ့ပေါ့တန်တန် တွေးလို့မရဘူး။ ဒီခရီးက တာတိုခရီးမဟုတ်ဘူး။ အနိမ့်ဆုံး တာလတ်ခရီးဖြစ်မလား။ သို့မဟုတ် တာရှည်ခရီးဖြစ်မလား မသိနိုင်ပါဘူး။ ဒါလည်း ပြည်သူ့အားကို အခြေခံတယ်လို့ပဲ ပြောရမှာပဲ ဖြစ်ပါတယ်။ တာတိုခရီးမဟုတ်တာကြောင့် သက်လုံတို့ ခံနိုင်ရည်တို့ အင်မတန်အရေးကြီးပါတယ်။ သက်လုံလို့ ပြောရရင်တော့ ရုပ်ပိုင်း စိတ်ပိုင်း နှစ်ခုလုံး ပါပါတယ်။ ပြည်သူတစ်ရပ်လုံးက သက်လုံနဲ့ ခံနိုင်ရည် အားကောင်းသထက်ကောင်းအောင် ပြင်ဆင်ထားဖို့ မျှော်လင့်ထားဖို့ အင်မတန်အရေးကြီးပါတယ်။ သေချာတာကတော့ ဒီပွဲသည် အကြမ်းဖက်စစ်အာဏာရှင်တွေအနေနဲ့ဘယ်လိုမှနိုင်စရာအကြောင်းမရှိပါဘူး။ ပြည်သူ့ဘက်က အမှန်တရားဘက်က မုချနိုင်မယ့်ပွဲ ဖြစ်တယ် ဆိုတာကို ခုချိန်မှာ ရဲရဲကြီး ပြောနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး လုံး၀ လုံး၀ သွေးမအေးကြေး၊ သွေးမကွဲကြေး၊ သွေးမကြောင်ကြေး အောင်ပွဲကလက်တကမ်းမှာရှိတယ်။ အောင်ပွဲသည်သည် ပြည်သူ့အတွက်သာ ဖြစ်တယ်။ ပြည်သူ့အားကို ဘယ်အရာမှ ဟန့်တားလို့ မရဘူး ဆိုတာကို ပြောချင်ပါတယ်။ ။
