Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ခွန်အားဖြည့်မိငယ် သီချင်းလေး ညည်းရင်း ပန်းတစ်ပွင့်နဲ့ စစ်အာဏာရှင်ကို အံတုပြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်”

ပြည်လုံးကျွတ် လူထုသပိတ် ဖော်ဆောင်ခြင်း၏ ရည်ရွယ်ချက်၊ ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်မည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ စစ်အာဏာရှင်ဆန့်ကျင်​ရေး ရန်ကုန်အင်အားစု မှကိုနန်းလင်း ကိုPeople’s Spring သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

ကိုနန်းလင်း
ကိုနန်းလင်း

▪︎ကိုနန်းလင်းနဲ့​မေးမြန်းခန်း

မနက်ဖြန် (ဇွန်လ ၁၉ ရက်)တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်လုံးကျွတ် ပန်းသပိတ်နှင့် Singing Strike လှုပ်ရှားမှု ပြုလုပ်မည် ဖြစ်သည်။ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရသည့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစားအောက်မေ့ခြင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြသည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်းခြင်းတို့အားဖြင့် ယင်းသပိတ်လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြစ်သည်ဟု သပိတ်​ခေါင်း​ဆောင်များက​ပြောသည်။ထိုသို့ ပြည်လုံးကျွတ် လူထုသပိတ် ဖော်ဆောင်ခြင်း၏ ရည်ရွယ်ချက်၊ ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်မည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ စစ်အာဏာရှင်ဆန့်ကျင်​ရေး ရန်ကုန်အင်အားစု မှကိုနန်းလင်း ကိုPeople’s Spring သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

မေး – ပြည်လုံးကျွတ် ပန်းသပိတ်၊ Singing Strike တို့ရဲ့ အဓိပ္ပာယ်နဲ့ ရည်ရွယ်ချက်လေးကို ရှင်းပြပေးပါ ခင်ဗျာ

ဖြေ – လာမယ့် ဇွန်လ ၁၉ လှုပ်ရှားမှုက ပြည်လုံးကျွတ် ပန်းသပိတ်ပဲ ဖြစ်ပါတယ်။ ကြွေးကြော်သံ ခေါင်းစဉ်ကတော့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ ဖြစ်ပါတယ်။ ဇွန် ၁၉ ဆိုတာတော့ အများပြည်သူလည်း သိပြီးသားဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ အခု ပြုလုပ်မယ့် ပန်းသပိတ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အကျဉ်းကျနေကြတဲ့ သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများ အားလုံးကို ဂုဏ်ပြုတယ် လေးစားတယ် ဆိုတာကို ကျွန်တော်တို့ ဖော်ညွန်းမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ လွတ်မြောက်ရေးအတွက်ကို ပြည်သူတွေက တောင်းဆိုပေးနေတယ် ဆိုတာကို ဖော်ညွန်းချင်တာလည်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ နွေဦးတော်လှန်ရေးမှာ ပုံစံပေါင်းစုံ ကဏ္ဍပေါင်းစုံမှာ ပါဝင်ပေးနေတဲ့ အမျိုးသမီးထုကြီးကိုလည်း ဂုဏ်ပြုကြောင်း ရည်ညွန်းတာလည်း ဖြစ်တယ်။ ဒီတော်လှန်ရေးကြီးရဲ့ အနေအထားက ကြမ်းတမ်းမှုတွေ ရှိတယ်။ ခက်ခဲမှုတွေ ရှိတယ်။ ပင်ပန်းဆင်းရဲမှုတွေ ရှိတယ်။ သို့သော် ဘယ်လိုပဲ ဒုက္ခတွေကြုံကြုံ ကျွန်တော်တို့က ပန်းပန်လျက်ပဲ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် လူထုအင်အား၊ လူထုလှုပ်ရှားမှုတွေနဲ့ ရှေ့ဆက်နေတယ် ဆိုတာကို ပြသချင်တာလည်း ဖြစ်တယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာလည်း ပန်းသပိတ်ကို တကျော့ပြန် လူထုလှုပ်ရှားမှုအဖြစ်နဲ့ လုပ်ဆောင်ကြရအောင် လှုံဆော်နေကြတာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီတစ်ခေါက်မှာ ပန်းသပိတ်အပြင် Singing Strike ဆိုတဲ့ သီချင်းသပိတ် လှုပ်ရှားမှုလေးလည်း ရှိပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အင်မတန် ကြိုက်နှစ်သက်တဲ့ ခွန်အားဖြည့်မိငယ် သီချင်း ဖြစ်တယ်။ ဒီသီချင်းကို တေးရေးဆရာ ကိုနေဝင်းက ရေးသားခဲ့ပြီးတော့ အဆိုတော် ခင်မောင်တိုး၊ ကိုရဲလွင်တို့က သီဆိုခဲ့တဲ့ သီချင်းဖြစ်တယ်။ ဒီသီချင်းရဲ့ စာသားတွေကိုက အစ သီဆိုလိုက်တာနဲ့ ခွန်အားရစေတယ်။ သီဆိုတဲ့သူ ကိုယ်တိုင်တင် မဟုတ်ဘဲ နားထောင်တဲ့သူတွေ အနေနဲ့လည်း ခွန်အားရစေပါတယ်။ ကျွန်တော်တို့က ဒီလိုမျိုး သီချင်းတွေကို သီဆိုခြင်းအားဖြင့် အပြန်အလှန်စိတ်ဓာတ်ခွန်အား ရစေအောင်လို့ Singing Strike ဆိုတာလေးလည်း ဖန်တီးထားတယ်။ ကျေးလက်က သပိတ်တွေမှာလည်း လူထုလှုပ်ရှားမှုတွေ လုပ်ရင်း ခွန်အားဖြည့်မိငယ် သီချင်းကို သီဆိုပြီး ပြည်သူတွေ အရှုံးမပေးဖို့ ကြွေးကြော်သံတွေနဲ့ ချီတက်နေကြတယ်။ အွန်လိုင်းမှာလည်း အနုပညာရှင်တွေ၊ လုံခြုံရေးအရ ပါဝင်လို့ အဆင်ပြေတဲ့ ပြည်သူတွေ၊ လွတ်မြောက်နယ်မြေမှာ ရောက်နေတဲ့ ရဲဘော်တွေကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အနေနဲ့ရော ပြည်သူအချင်းချင်း အားပေးတဲ့ အနေနဲ့ပါ ခွန်အားဖြည့်မိငယ်သီချင်းကို ပုံသဏ္ဍာန်မျိုးစုံနဲ့ သီဆိုပြကြမှာ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့လည်း ဒီသီချင်းလေး လိုက်ညည်းရင်း အချင်းချင်း ပြန်လည်ခွန်အားပေးလို့ ရပါတယ်။ ခွန်အားဖြည့်မိငယ် သီချင်းလေး ညည်းရင်း ပန်းတစ်ပွင့်နဲ့ စစ်အာဏာရှင်ကို အံတုပြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ပြည်သူများအနေနဲ့ ကိုယ်ပါဝင်လို့ ရနိုင်တဲ့ ပုံသဏ္ဍာန် ပေါင်းစုံ လူထုသပိတ်မှာ ပါဝင်ပေးကြမယ်လို့လည်း ယုံကြည်ထားပါတယ် ခင်ဗျ။

မေး – ပန်းသပိတ်ကို ဘယ်လိုပုံစံမျိုးနဲ့ ကျင်းပသွားပါမလဲ။ ပြည်သူတွေ ဘယ်လိုပူးပေါင်းပါဝင်နိုင်မလဲ ဆိုတာ အကြံပြုပေးပါလား ။

Public Service Announcement

Public Service Announcement

ဖြေ – လွန်ခဲ့တဲ့ ၂၀၂၁ ဇွန်လတုန်းကလည်း ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်းသပိတ်ကို ဖော်ဆောင်ခဲ့ကြဖူးတယ်။ လူထုတစ်ရပ်လုံးကလည်း ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်နဲ့ ပါဝင်ခဲ့ကြဖူးတယ်။ အဒေါ်ကြီးတွေက အစ ခေါင်းပေါ်မှာ ပန်းတွေဝေအောင် ပန်ပြပြီးတော့ စစ်အာဏာရှင်ကို အံတုပြခဲ့ကြတယ်။ စစ်အာဏာရှင်ကလည်း အခုပန်းသပိတ်လှုပ်ရှားမှုကို ပိတ်ပင်လိမ့်မယ်။ တားဆီးလိမ့်မယ်။ ပြည်သူတွေ မပါရဲအောင် ခြိမ်းခြောက်လိမ့်မယ်။ အမျိုးမျိုး ကောက်ကျစ်ယုတ်မာတဲ့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ကြမှာ ကျိန်းသေပါတယ်။ စစ်ကောင်စီ အဖြစ်ကလည်း အင်မတန်သနားဖို့တောင် ကောင်းတယ်။ ပြည်သူတွေ ပန်းပန်ရင်တောင် သူတို့မှာ ကြောက်နေရတယ်။ ပန်းပန်တာတောင် သူတို့အတွက် ခြိမ်းခြောက်မှု ဖြစ်နေတယ်။ သို့သော် ကျွန်တော်တို့ ပြည်သူတွေက ဒီလှုပ်ရှားမှုမှာ ဘယ်လိုပုံစံ ပါဝင်ရမလဲ ဆိုတာ သိပြီးသား ဖြစ်ကြမယ် ထင်ပါတယ်။ ပန်းဆိုတာက ဘယ်ပန်းပဲ ဖြစ်ဖြစ် အားလုံးနဲ့ လက်တစ်ကမ်းမှာပဲ ရှိတဲ့ ဘယ်ပန်းမဆို သုံးလို့ရပါတယ်။ ခေါင်းမှာပဲ ပန်ပန်၊ ရင်မှာပဲ ပန်းထိုးထိုး၊ အိမ်မှာပဲ ဘုရားပန်း ကပ်ကပ် စသဖြင့် ပုံသဏ္ဍာန်ပေါင်းစုံနဲ့ ဖော်ကျူးလို့ ရပါတယ်။ တီထွင်ဆန်းသစ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ကိုယ် ပါဝင်လို့ အဆင်ပြေတဲ့၊ လုံခြုံတဲ့ ပုံစံတွေနဲ့ ပါဝင်ကြမယ်လို့ ကျွန်တော်တော့ ယုံကြည်ပါတယ်။ သို့သော် ၂၀၂၁ တုန်းကလို ကိုယ် ပါဝင်ဖြစ်တဲ့ ပုံစံကို လူသိရှင်ကြား ထုတ်ဖော်ပြသနိုင်ချင်မှ ပြသနိုင်လိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ပါဝင်မှုကို ကိုယ်ယုံကြည်ရတဲ့ မိတ်ဆွေတွေနဲ့ ဝေမျှပြီးတော့ ဒီနေ့မှာတော့ ပန်းသပိတ်အဖြစ်နဲ့ ပါဝင်ခဲ့ကြောင်းကို တစ်ယောက်နဲ့တစ်ယောက် အားပေးရင်းနဲ့ ပါဝင်ပေးကြဖို့ တောင်းဆိုပါတယ်။ ဇွန်လ ၁၉ ပန်းသပိတ်မှာ လူထုတစ်ရပ်လုံးက ပန်းတစ်ပွင့်နဲ့ စစ်အာဏာရှင်ကို အံတုပြကြလိမ့်မယ် လို့ ယုံကြည်ပါတယ်။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။