Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကျနော်တို့ဆီ တိုက်ပွဲဝင်ချင်တယ်ဆိုရင်လည်းဒါကတော့ နည်းလမ်းရှာပြီးတော့ ဝင်ရတော့မှာပေါ့”

စစ်ကောင်စီဘက်ကတော့ မီးကုန်ယမ်းကုန် ကြမ်းသထက် ကြမ်းနေတာကတော့ ဒါက ပြောစရာမရှိတော့ဘူး။ အိမ်မီးရှို့တာ အိမ်ခြေပေါင်း ရှစ်သောင်း ကိုးသောင်းဖြစ်သွားတယ်ဆိုတာ လည်း သမိုင်းမှာ တခါမှ မရှိခဲ့ဖူးဘူး။

"ကျနော်တို့ဆီ တိုက်ပွဲဝင်ချင်တယ်ဆိုရင်လည်းဒါကတော့ နည်းလမ်းရှာပြီးတော့ ဝင်ရတော့မှာပေါ့"
"ကျနော်တို့ဆီ တိုက်ပွဲဝင်ချင်တယ်ဆိုရင်လည်းဒါကတော့ နည်းလမ်းရှာပြီးတော့ ဝင်ရတော့မှာပေါ့"

▪︎KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီး၏ရှင်းလင်းချက်

-ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က ထုတ်ပြန်ကြေညာခဲ့သည့် စစ်မှုထမ်းဥပဒေ ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကဦး​ဆောင်လုပ်​နေ​​သော နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအစီအစဥ်တို့နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၏ ရှင်းလင်းပြောကြားချက်များကို People’s Spring က ဖော်ပြလိုက်ပါသည်။

​မေး။စစ်​ကောင်စီက စစ်မှုထမ်းဥပ​ဒေကိုဘာ​ကြောင့် ပြဌာန်တယ်ထင်လဲ ။

ဖြေ။စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းအထူးသဖြင့် ၂၀၂၁ နောက်ပိုင်းအထွေထွေ အကြပ်အတည်းကြီးပေါင်းစုံဖြစ်ပေါ်လာတယ်။ နိုင်ငံရေးရော စစ်ရေးရော အဘက်ဘက်မှာ အကုန်လုံး ချွတ်ခြုံကျပြီးတော့ ယိုယွင်းပျက်စီးသွားတဲ့ဘက်ကိုပဲ ဦးတည်သွားတယ်။ အထူးသဖြင့် နိုင်ငံရေးကတော့ ဘယ်လိုမှ ဖြေရှင်းလို့မရတော့တဲ့ အနေအထားတစ်ခုကို ရောက်သွားတယ်။ ကျနော်တို့ ကြိုးစားခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကလည်းလုံး၀ ပျက်စီးသွားတယ်။ ဒုတိယ အချက်အနေနဲ့ စစ်ရေးနဲ့ပတ်သက်ပြီး အထူးသဖြင့် စစ်အာဏာသိမ်းတဲ့အဖွဲ့က နေပြီးတော့ သူတောက်လျှောက်ပြောနေတာ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီစစ်အာဏာသိမ်းနေတာ ပထမဆုံးမဟုတ်ဘူး တတိယ အကြိမ် ဖြစ်တဲ့အခါကျတော့ သူတို့ တွက်တာကျတော့ ဘာပဲဖြစ်ဖြစ် လေး၊ ငါး ခြောက်လ မခံဘူး။ ဆန့်ကျင်ဘက်လူတွေ အကုန်လုံး ပြိုပျက်သွားမယ် သူ့ရဲ့ဖိနှိပ်မှုကြောင့်ပေါ့နော်။ သူက အဲဒီလို ယုံကြည်မှု တအားလွန်ကဲနေပြီးတော့ နိုင်ငံတကာက သူ့ကို သတိပေးတာတောင် သူက ဘယ်လောက်ထိပြောလဲဆိုတော့ ရတယ် နိုင်ငံ နှစ်နိုင်ငံ ၊ သုံးနိုင်ငံ မိတ်ဆွေနိုင်ခံရှိရင်လည်း သူရပ်တည်နိုင်ဆိုပြီးတော့ သူ အဲဒီလို လုပ်ရင်းနဲ့ပဲ စစ်အာဏာသိမ်းတာ တစ်နှစ်ပြည့်လာတဲ့အခါမှာ ဒီလို သူ့ကို တော်လှန် ဆန့်ကျင်နေတဲ့ အသိုင်းအဝိုင်းတွေ၊ အင်အားစုတွေက မကျဆုံးဘဲနဲ့ ပိုပြီးတော့ အားကောင်းလာတာ ထူးထူးခြားခြား တွေ့နေရတယ်။ ဒါက တော်လှန်တဲ့ အဖွဲ့တွေရဲ့ စုစည်းလာမှုက အရင်ကနဲ့လုံး၀ မတူတော့ဘူးဆိုတာ သွားတွေ့နေရတယ်။ စစ်ကောင်စီဘက်ကတော့ မီးကုန်ယမ်းကုန် ကြမ်းသထက် ကြမ်းနေတာကတော့ ဒါက ပြောစရာမရှိတော့ဘူး။ အိမ်မီးရှို့တာ အိမ်ခြေပေါင်း ရှစ်သောင်း ကိုးသောင်းဖြစ်သွားတယ်ဆိုတာ လည်း သမိုင်းမှာ တခါမှ မရှိခဲ့ဖူးဘူး။ အဲဒီလို အနေအထားမျိုးမှာ သူက မီးကုန်ယမ်းကုန်လုပ်လာတဲ့အပေါ်မှာကတော့ သူ့ရဲ့ နောက်ဆက်တွဲ ပြဿနာက ဘာလဲဆိုတော့ သူ့စစ်တပ်ထဲ ဘယ်သူမှ မဝင်ချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေသတ်တယ်ဗျာ အိမ်တွေ အကုန်လုံး မီးရှို့ပစ်လိုက်တယ်ဗျာ။ ဆိုတော့ ဘယ်သူပဲ ဖြစ်ဖြစ် ဒီနိုင်ငံမှာရှိတဲ့ တိုင်းသူ ပြည်သူ ခံရတဲ့သူတိုင်းက တော်တော်ကြီးကို မုန်းတီးရွံရှာလာတဲ့အခါမှာ ဒီစစ်တပ်ရဲ့ နောက်ထပ်ဝင်လာမယ့် စစ်သည်တော် အသစ် စစ်သားသစ်ဆိုတာ ဘယ်လိုမှ လုပ်လို့မရတဲ့အပိုင်းတွေ ဖြစ်လာတယ်။ တစ်ဖက်ကနေ ပြန်ကြည့်လိုက်တဲ့အခါမှာ နေရာ ဒေသ အသီးသီးမှာ တော်လှန်ပုန်ကန်မှုတွေက ဖြစ်ပွားနေပြီးတော့ အရှေ့ပိုင်းမှာပဲ ကြည့်ကြည့် အနောက်ဘက်မှာပဲကြည့်ကြည့် မြောက်ဘက်မှာပဲ ကြည့်ကြည့် တောင်ပိုင်းမှာပဲ ကြည့်ကြည့် ပတ်ချလည်ပြီး သူက ခွေးရူး အ၀ိုင်းခံနေရသလို ပတ်ပြေးနေရတဲ့ အနေအထားမှာ ရောက်တဲ့အခါကျတော့ စစ်သားဦးရေက တစ်သိန်းလောက်ရှိသည်ထားအုံး အဲဒီ တစ်သိန်းက ဘယ်လိုမှ မလည်ပတ်နိုင်တော့ဘူး။ ဆိုတော့ အဲဒီလို လုပ်ရင်း လုပ်ရင်းနဲ့ နှစ်နှစ်သုံးနှစ်လာတဲ့အခါ ဘာပြောင်းလဲသွားလဲဆိုတော့ ကျနော်တို့ မြင်တာက စစ်ရေးဘက်မှာ ၂၀၂၂ မှာ သူထိုးစစ်တွေ လုပ်နိုင်သေးတယ်ဆိုပေမယ့် ၂၀၂၃ ကူးလာတဲ့အခါမှာ သူထိုးစစ်ဘယ်လိုမှ လုပ်လို့မရတဲ့ အနေအထားတစ်ခုရောက်လာတယ်။ ဆိုတော့ အဲဒီ အပိုင်းမှာ ကျနော်တို့ဘက်က ထိုးစစ်ပြန်ဖြစ်လာတဲ့အခါ သူကိုယ်တိုင်က ခံစစ်ပြန်ဖြစ်လာတယ်။ စခန်းတွေထဲကနေ အပြင်မထွက်ရဲတဲ့ အနေအထား ရောက်သွားတယ်။ တစ်ဖက်ကနေပြီးတော့ ဆုံးရှုံးမှုတွေကလည်း ၁၀၂၇ စစ်ဆင်ရေးတွေ ဖြစ်လာတဲ့အခါမှာ ဆုံးရှုံးမှုတွေက ကြီးသထက်ကြီးတယ် သူက မကြုံဖူးအောင်ဖြစ်လာတယ်။ တပ်သားသစ်တွေကလည်း အစားမထိုးနိုင်။ အဲဒီအခါမှာ ဟိုး ၂၀၁၀က အထူးသဖြင့် ဦးသန်းရွှေခေတ်က ပြဌာန်းထားတဲ့ ဥပဒေကြီးကို ပြန်ပြီးတော့ အသက်သွင်းပြီးတော့ ဒါက အသက်ဝင်လာပြီဆိုပြီး ကြုံမိကြုံရာ ဖမ်းဆွဲလုပ်လာတဲ့အပိုင်းကို မြင်နေရတယ်။

Public Service Announcement

Public Service Announcement

​မေး။ပြည်ပကျူး​ကျော်မှု​တွေ စိုးရိမ်ရတဲ့ အ​​ခြေအ​နေမှာပြဌာန်းတဲ့ စစ်မှုထမ်းဥပ​ဒေကို ​အခုလိုအ​ခြေအ​နေမှာပြဌာန်တဲ့အ​ပေါ်မှာ​​ရော ။

ဖြေ။ ကျနော်တို့ မြင်တာကတော့ အဲဒါက နိုင်ငံတကာ ဥပဒေနဲ့ရော အမျိုးသားဥပဒေနဲ့ရော ဘယ်လိုမှ မအပ်စပ်ဘူး။ ဒါက တိုင်းပြည်တစ်ပြည် နဲ့ တစ်ပြည် ဖြစ်နေတဲ့ စစ်လည်းမဟုတ်ဘူး။ ပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခ။ ဒီပြည်တွင်း ပဋိပက္ခကို အင်အားအလုံးစုံ သုံးပြီးတော့ ကြည်း၊ရေ၊လေ ကုန်အောင်သုံးပြီးတော့မှ မဖြေရှင်းနိုင်ဘူး မဖိနှိပ်နိုင်၊ မနှိပ်ကွပ်နိုင်ဘဲနဲ့ နောက်ဆုံးကျတော့ ကြံမိကြံရာ နိုင်ငံအချင်းချင်း ဖြစ်တဲ့ စစ်မှာ သုံးနေတဲ့ .. ဥပဒေကို ပြန်ပြီးမှ သုံးနေရတာ သူ့မှာ ဘယ်လောက်ထိ ချွတ်ခြုံကျနေတယ်ဆိုတာ ဖော်ပြတာပဲ။ ကျနော်တို့ မြင်တာ အဲဒါလောက်ပဲ။ ကြုံမိကြုံရာ လျှောက်ဆွဲနေတဲ့ အနေအထားမျိုး မှာကျနော်တို့မြင်တာကတော့ နောက်ဆုံးအနေနဲ့ အထူးသဖြင့် ပြည်တွင်းမှာ ရှိတဲ့ လူငယ်လူရွယ်တွေကိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျရာ ကြုံးရုန်းပြီး လျှောက်ပြီးတော့ ဆွဲတော့မှာပဲ။ ဆွဲရင်လည်း သူ့ရဲ့ ပြဿနာကြီးက မသေးသွားတဲ့အပြင် ပိုပြီးတော့ ကြီးလာမယ်လို့ ကျနော်မြင်တယ်။

ဘာဖြစ်လို့လဲဆိုရင် တစ်အချက်က တပ်ထဲမှာ ဖရိုဖရဲ ယိုယွင်းနေပြီးတော့ စိတ်ဓာတ်ရေးရာ ပျက်ပြား အလုံးစုံ မှာ ဆုံးရှုံးမှု ဖြစ်တာနဲ့အညီ နောက်ပြီးတော့ ကျနော်တို့ ပြောပြောနေတဲ့ ဖရဲသီးကိစ္စ သူဘယ်လိုမှ မကိုင်တွယ်နိုင်ဘူး။ အဲဒီမှာ တပ်တွင်းရဲ့ သတင်းပေါက်ကြားမှုဆိုတဲ့ဟာကြီးက အင်မတန်ကို အန္တရာယ်ကြီးတဲ့အနေအထားမှာ သူဘယ်လိုမှ ဖြေရှင်းလို့ မရနိုင်ဘဲနဲ့ အခုက ဒီလို လုံး၀မထင်ထားတဲ့ ဒီဥပဒေကြီးကို သူ အကောင်အထည်ဖော်လိုက်မယ်ဆိုရင် ဒီထက်ပိုဆိုးတဲ့ အခြေအနေပဲ ရောက်လာတော့မှာဖြစ်တယ်။ ကျနော်တို့ မြင်တာကတော့ ဘာပဲဖြစ်ဖြစ် သူလုပ်တော့မယ်။ ဘာလို့ပဲဆို သူလုပ်ရမှာပဲဒီတစ်လမ်းပဲရှိတယ်။ သူ့မှာ ဒီတပ်ထဲကို ဘယ်သူမှလည်း မဝင်ဘူး။ ဆိုတော့ အဲဒီမှာ လုပ်လာတဲ့ အခါမှာလည်း အဲဒီမှာ ဝင်သွားတဲ့သူတွေကလည်း အမျိုးစုံရှိမှာပေါ့။ တချို့ကကျတော့ တော်လှန်ရေးကို လုံး၀ မလုပ်ချင်ဘဲနဲ့ မတက်သာလို့ ပြေးစရာမြေမရှိလို့ ဝင်လုပ်နေရတဲ့ အနေအထားမှာရှိတဲ့အခါမှာကျတော့ ဒါတွေက ဘာမှ စိုးရိမ်စရာမရှိဘူး။ ဒုတိယ အချက်က အကြောင်း အမျိုးမျိုးကြောင့် ဒီတော်လှန်ရေးထဲမှာ မဝင်နိုင်ဘူး။ ကိုယ့်ကိစ္စနဲ့ကိုယ်တော့ ရှိသေးတာပေါ့ မိသားစုအရေးဘာအရေး ညာအရေးရှိသေးတာပေါ့။ အခုတော့ မလွှဲသာလို့ ဝင်လာတဲ့အခါမှာ ဒီလူတွေက ကျနော်တို့မြင်တာက ဒီလူက တကယ်တိုက်ပွဲဝင်သွားတော့မယ့် သူတွေလည်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စကို သူ ကင်းကင်းရှင်းရှင်း နေနိုင်သလောက် နေပါလျက်နဲ့ အခုတော့မှ ဒီလိုဟာမျိုးလုပ်လာတဲ့အခါ သူ့မိသားစုအတွက်လည်း အကျိုးလုံး၀ယုတ်သွားပြီ။ ဆိုတော့ မထူးဇာတ် ခင်းတဲ့ အနေအထားတစ်ခုကို ချောင်ပိတ်မိသွားတော့ ဒီလူတွေက စစ်တပ်ကို ပြန်တိုက်မယ့် အနေအထားတစ်ခု ကျနော်တို့ မြင်နေရတဲ့ဟာတော့ရှိတယ်။ ဘာဖြစ်လို့လဲဆို ဒီလူတွေက အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးကို မဝင်နိုင်ဘူး ဒါပေမဲ့ ဒီလို အကြောင်းမျိုး ဖန်လာတဲ့အခါမှာကျတော့ ဒီစစ်တပ်ထဲ ဝင်လာတဲ့အခါမှာ သူက ဒီအလုပ်ကို လုပ်တော့မယ်ဆိုတာ ကျနော်တို့ ကြိုမြင်နေတယ်။ အဲဒါကတော့ နိုင်ငံရေးအရ ၊ သံတမန်ရေးအရ၊ စီးပွားရေးပိတ်ဆို့မှုအရ အဖက်ဖက်ကနေ ပြည်သူလူထုရဲ့ အုံကြွတော်လှန် မှုတွေကလည်း မရပ်မနား တသဲသဲဖြစ်နေတဲ့အချိန်မှာ ထပ်ပြီးတော့ ဒါမျိုးထပ်လုပ်ပြီဆိုမွေပူရာ ကင်းမှောက်ပြီပေါ့။ ဒါတွေက တစ်ခုပြီး တစ်ခု ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာတော့မယ်ဆိုတာ စစ်ကောင်စီ အပေါ် မနှေးအမြန် ကျရောက်လာတော့မယ်ဆိုတာ မြင်နေရတယ်။ မြင်နေရတဲ့အတိုင်းပဲ ဖြစ်လာမယ့် ကိန်းတွေ တစ်ခုပြီးတစ်ခုပြလာမယ်ဆိုတာ ကျနော်တို့ မြင်နေရတယ်။

​မေး-နိုင်ငံတကာ ဥပ​ဒေ​တွေနဲ​ရော ညီညွတ်မယ်ထင်လား ။

ဖြေ။ ဒါတွေက ကျနော်တို့ စောစောက ပြောထားသလို တိုင်းပြည်တစ်ပြည်နဲ့ စစ်ဖြစ်နေတဲ့အချိန် ၊ ဒါကလည်း နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အရေးအရာတွေဖြစ်လာတဲ့ အနေအထားတစ်ခုတော့ရှိတယ်။ ဒါပေမဲ့ အခုက ပြည်တွင်းမှာ ဖြစ်တဲ့ပြဿနာကို သူက ကြံရာမရ ဖြစ်ပြီးတော့ နောက်ဆုံးမလုပ်လည်း မရတဲ့ အနေအထားတစ်ခုကို မြင်နေရတဲ့အပေါ်မှာ ကျနော်တို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက လုပ်ချင်ရာလုပ်မှာပဲလေ။ ဥပဒေဆိုတာ သူ့ပါးစပ်ထဲမှာရှိတဲ့ဟာ။ လုပ်သင့်လားမလုပ်သင့်လားဆိုတာ ခင်ဗျားသွားပြောလည်းသူက နားထောင်မှာလည်းမဟုတ်ဘူး။သူလုပ်ချင်ရာ သူလုပ်တော့မှာပဲ။ တရားဥပဒေနဲ့ ညီညွတ်လား မညီညွတ်လား ၊နိုင်ငံတကာ ဥပဒေနဲ့ ညီညွတ်လား မညီညွတ်လား သူတွက်မှာလည်း မဟုတ်ဘူး။ သူ့အသက်ရှင်ရပ်တည်ရေးအတွက် သူ့အာဏာ လက်မလွှတ်ရရေးအတွက်သူလုပ်ချင်ရာလုပ်သွားတော့မှာ။ အဲဒါကို ရှင်းရှင်းမြင်တဲ့အခါမှာကျတော့ အဲဒီလို လုပ်သွားတဲ့အပေါ်မှာ ကတော့ သူ့ကို ပြန်ပြီးတော့ တန်ပြန်ရိုက်ခက်လာမယ့် အနေအထားက အမျိုးမျိုးတွေ့နိုင်တယ်ဆိုတာ ကျနော် အဲဒါပဲ မီးမောင်းထိုးပြချင်တယ်။

​မေး-ဒါကို လူငယ်​တွေ ဘယ်လိုမှ​ရှောင်မရခဲ့ရင် ဘယ်လိုဖြစ်နိုင်လဲ ။

ဖြေ။ဒါကတော့ ဒီအပိုင်းမှာကတော့ အကြမ်းအားဖြင့် သုံးပိုင်းတော့ မြင်နေရတယ်။ ပထမတစ်ပိုင်းက စစ်ကောင်စီကို ဆန့်ကျင်ပြီးတော့ မနေနိုင်မထိုင်နိုင် ကျနော်တို့လိုပေါ့ဗျာ ဟိုးအသက်ငယ်ငယ်လေးကတည်းက စစ်အာဏာရှင်စနစ်ကို တော်လှန်ချင်တဲ့သူက ရှိတယ်လေ။ အဲဒါကြောင့် ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လူငယ်လူရွယ်တွေကလည်း ကျနော်တို့လိုပဲ မခံမရပ်နိုင်ဖြစ်ပြီးတော့ ပြတ်ပြတ်သားသားနဲ့ တော်လှန်တာရှိသလို အဲဒီလို မလုပ်ဘဲ တစ်ဖက်ကို ပါသွားပြီး စစ်ကောင်စီဘက်ကို အလေးသာပြီးတော့ စစ်ကောင်စီပဲ အနိုင်ရမယ်ဆိုပြီးတော့ ပါသွားတဲ့ အပိုင်းတွေရှိတယ်။အဲဒါက ဆန့်ကျင်ဘက်အပိုင်းပေါ့။ အဲဒါမဟုတ်ဘဲ နောက်ဆုံးတစ်ဖွဲ့ကတော့ ဟိုဘက်လည်း မပါ ဒီဘက်လည်းမပါ ယောင်တောင်ပေါင်တောင်နဲ့ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့အဖွဲ့တွေကလည်း ရှိနေသေးတယ်။

အဲဒီလို သုံးခြမ်းရှိနေတဲ့အထဲမှာ ဒီလို ဖြစ်လာပြီဆိုရင်တော့ ကျနော်ကတော့ ဘာပဲဖြစ်ဖြစ် ဒီဥပဒေ ထုတ်လိုက်တဲ့အပေါ်မှာ ဒီဥပဒေက အားလုံးကို ဘယ်သူ့အပေါ်မှာမဆို သက်ရောက်မှု ရှိလာတဲ့အခါ ကျနော်တို့ တော်လှန်ရေးလုပ်ထားတဲ့ လူတွေအတွက်တော့ ဘာမှ ပြဿနာမရှိဘူး။ထူးခြားလာမှာ မဟုတ်ဘူး။ ကျနော်တို့အပေါ်မှာ ဘာမှ သက်ရောက်မှုမရှိဘူး။ အဲဒီမှာ ကြားနေမယ့်သူ ဟိုမလုပ် ဒီမလုပ်ချင်တဲ့သူတွေရယ် နောက်ပြီးတော့ စစ်ကောင်စီအောက်မှာ ရှိနေတဲ့သူတွေက အဲဒီ ဥပဒေက သူ့အပေါ်မှာ တန်းတန်းမတ်မတ်ကြီး ဝင်ရောက်လာပြီ။ အဲဒါကြောင့်မို့လို့ သူတို့က စစ်ထဲဝင်ရတော့မယ်။ စစ်ထဲဝင်ချင်နေ ၊မဝင်ချင်နေ ဝင်ရတော့မယ်။ တကယ်လို့ ကျနော်တို့ဆီ တိုက်ပွဲဝင်ချင်တယ်ဆိုရင်လည်းဒါကတော့ နည်းလမ်းရှာပြီးတော့ ဝင်ရတော့မှာပေါ့။ဒါပေမဲ့ တစ်ခုတော့ရှိတယ် ကျနော်တို့က ရှင်းရှင်းလင်းလင်းပြောတယ်။ အချိန်က သုံးနှစ်အတွင်းမှာ ကောင်းကောင်းရရဲ့သားနဲ့ မတက်လာဘဲနဲ့ ဟိုလိုလို ဒီလိုလိုလုပ်လာပြီးမှ ဒီဥပဒေ ကျလာတဲ့အခါမှကျပဲ ရုန်းထွက်မယ်လုပ်လာတဲ့အခါ ရုန်းထွက်မယ့်လမ်းတွေက အကုန်လုံး ပိတ်ဆို့နေတယ် လာလို့ မရတော့ဘူးဆိုရင် ကျနော်တို့ ဘာမှ မတက်နိုင်ဘူး။ တစ်ခုပဲရှိတယ်။ ခင်ဗျားတို့ လုံး၀ လမ်းရှာလို့ မရတော့ဘူး ဝင်စရာရှိ ဝင်ပြီးတော့ ချစရာရှိ ပြန်ချ ဒါပဲ ကျနော်တို့ လမ်းညွှန်လို့ရတယ်။ ကျနော်တို့လည်း ဘာပဲ ပြောစရာရှိလဲဆို ခင်ဗျားတို့ သိတဲ့အတိုင်း ကျနော်တို့က လုပ်စရာရှိတာ လုပ်သွားမှာပဲ။

​မေး-ထိုင်းအစိုးရကဦး​ဆောင်ပြီးစစ်​ကောင်စီနဲ့​ပေါင်းပြီးစစ်​ဘေး​ရှောင် ပြည်သူ နှစ်​သောင်း​လောက်ကိုနယ်စပ်ဖြတ်ကျော်ပြီး ဇုန်တစ်ခုထူ​ထောင်ပြီးလူသားချင်းစာနာမှုအကူအညီပေးမယ်ဆိုပြီးလုပ်​နေတာက KNU နဲ့တိုင်ပင်ပါလား။အဲဒီအစီအစဥ်​​အပေါ်ဘယ်လိုမြင်လဲ ။

ဖြေ။ အဲဒီ အပိုင်းမှာ ကျနော်ပြောရမယ်ဆိုရင် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီကနေ ကျနော်တို့ လူထုတွေကို ပစ်မှတ်ထားပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတာတို့ လက်နက်ကြီးနဲ့ ပစ်တာတို့ တွေ့ကရာ​ကောက်ချတာတို့၊ သတ်ဖြတ်တာတို့ လုပ်လာတဲ့အခါမှာ ကျနော်တို့ ကရင်နယ်မြေထဲမှာ အခုက IDP ဒုက္ခရောက်နေတဲ့ ထွက်ပြေးနေရတဲ့သူ ၇၅၀၀၀၀ ကျော်သွားပြီ။ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ပြောရမယ်ဆိုရင် ၂သန်းကျော်သွားပြီ။ ဆိုတော့ အဲဒီ လောက်များပြားတဲ့ ဦးရေကို ဒီလူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်အပေါ် အကူအညီပေးရေးအပေါ် ကျနော်တို့ တောင်းဆိုလှုပ်ရှားလာတာ အထူးသဖြင့် IHF လို့ ခေါ်တဲ့ Inclusive Humanitarian Forum တစ်ခုကို ကျနော်တို့ ကြိုးစားလုပ်ဆောင်လာခဲ့တယ်။ အထူးသဖြင့် ၂၀၂၂ နောက်ပိုင်းမှာပေါ့နော်။ အထူးသဖြင့် စစ်ကောင်စီနဲ့ အိုချာ(UNOCHA)နဲ့ AHA (AHA Centre) နဲ့ တွဲလုပ်တဲ့ အပိုင်းမှာ ကျနော်တို့ အဲဒီဘက်နဲ့ ဆန့်ကျင်ပြီးတော့ Inclusive Humanitarian Forum တစ်ခုကိုလုပ်ဆောင်လာခဲ့တယ်။ ကျနော်တို့ ဦးတည်ချက်က အဲဒီ ဒုက္ခတွေ့နေတဲ့ လူထုတွေဟာ ကျနော်တို့ချည်းပဲ ဘယ်လိုမှ မနိုင်တော့ဘူး။ အဲဒါကြောင့် နိုင်ငံတကာ ပါဝင်လာဖို့လိုတယ်။ အိမ်နီးချင်းနိုင်ငံတွေကလည်း ပါဝင်လာဖို့ လိုတဲ့အပေါ်မှာ အထူးသဖြင့် အလှူရှင်တိုင်းပြည်တွေ များများစားစား ပါဝင်လာဖို့လိုတယ်ဆိုတာ ကျနော်တို့ ကြိုးစားကြည့်တယ်။ အဲဒီ ကြိုးစားကြည့်တဲ့အခါ အကူအညီပေးတဲ့အခါ ဘယ်မှာ ကူညီမလဲ။ ဒီစစ်ကောင်စီနဲ့ သွားမယ်ဆို ဘာမှ အလုပ်မဖြစ်ဘူးဆိုတာ ကျနော်တို့ ပြောထားတယ်။ အဲဒါကြောင့်မို့လို့ နယ်စပ်ဖြတ်ကျော်ပြီးတော့ ပေးရမယ်ဆိုတာ Inclusive Humanitarian Forum ထဲမှာ ထည့်သွင်းထားတယ် အဆိုပြုချက်ကို။ ဒီအဆိုပြုချက်ကို ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က နေပြီးတော့ တင်သွင်းတာဖြစ်တယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာရော၊ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံမှာ တင်သွင်းပြီးသားဖြစ်တယ်။ ဒါပေမဲ့ အခုထက်ထိ အကောင်အထည်ဖော်လို့မရတဲ့အနေအထားဖြစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့လို့ အခုကျနော်တို့ ပြန်ကြားနေရတာက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကနေပြီးတော့ ဒီဟာတစ်ခုကို အထူးဖြင့် အကူအညီလိုအပ်နေတဲ့ ကျနော်တို့ လူထုဆီကို ကူညီချင်ပါတယ်ဆိုတဲ့အခါမှာ ကျနော်တို့ အဆိုပြုထားတဲ့ Inclusive Humanitarian Forum ထဲက တောင်းဆိုချက် ကျနော်တို့ တင်ပြချက်ဖြစ်တဲ့ အဆိုပြုချက်ဖြစ်တဲ့ နယ်စပ်ဖြတ်ကျော်ပြီးတော့ အကူအညီပေးတာကိုတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အဲဒါကို လုပ်ဆောင်လာတာကို ကျနော်တို့ တွေ့ရတဲ့အခါမှာ ကျနော်တို့လည်း အဲဒါတစ်ချက်ကိုတော့ ဝမ်းသာမိတယ်။ ဒါပေမဲ့ ကျနော်တို့ အဆိုပြုတဲ့အထဲမှာ လုပ်နည်းလုပ်ဟန်တော့ အဲဒါနဲ့မတူတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအပိုင်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတဲ့အခါမှာ ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးရမယ်လေ။ ကျနော်တို့ ကိုယ်တိုင်က ဒီအရာကို ကိုင်တွယ်နိုင်တဲ့သူဖြစ်တယ်။ ကျနော်တို့ လူထုတွေလည်းဖြစ်တယ်။ နယ်မြေအားလုံးက ကျနော်တို့ လက်ထဲမှာ ရှိတဲ့အပေါ်မှာ အဲဒါကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လုပ်မယ့်အစီအစဉ်တစ်ခုက ကျနော်တို့ နဲ့မတိုင်ပင်ပဲဖြစ်သွားတဲ့အခါကျတော့ ဒါက အထောက်အကူဖြစ်မှာလည်း မဟုတ်ဘူးလို့ ကျနော်တို့ ပြောပါရစေ။ဒါက ပထမအချက်ပေါ့။

ဒုတိယ အချက်အနေနဲ့ ဘာပြဿနာရှိလာလဲဆိုတော့ ဒီကိစ္စကို လုပ်တဲ့အခါမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတဲ့အခါမှာ အကောင်အထည်ဖော်တဲ့အပိုင်းမှာ ကျနော်တို့ လူတွေ အထူးသဖြင့် နှစ်ပေါင်း သုံးဆယ်နီးပါးလောက် အတွေ့အကြုုံ ရှိတဲ့ လူထုကို အခြေပြုတဲ့အဖွဲ့တွေက ကျနော်တို့ နယ်စပ်တစ်ကြောမှာ အဖွဲ့ ၂၀၊ ၃၀ထက်မနည်းရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးတာလည်း မရှိဘူး။ အခုအကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်သူနဲ့ သွားလုပ်မလဲဆိုတော့ စစ်ကောင်စီရဲ့ ဩဇာခံဖြစ်တဲ့ MRCS ဖြစ်တဲ့ မြန်မာကြက်ခြေနီနဲ့ သွားလုပ်မယ်ဆိုတော့ ကျနော်တို့ အနေနဲ့ဘယ်လိုမှ လက်ခံလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အဖွဲ့အစည်းက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ လုံးလုံးရှိနေတဲ့အဖွဲ့တွေဖြစ်တယ်။ ကျနော်တို့ သိရသလောက်ဆို ဒီဒုက္ခရောက်နေတဲ့သူတွေအားလုံးဟာ ဘယ်သူ့ကြောင့်လဲဆိုတော့ စစ်ကောင်စီလုပ်ရပ်ကြောင့်ဖြစ်လာတာ ဖြစ်တယ်။ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှု ဘေးဒုက္ခဆိုးကြီး အကြပ်အတည်းကြီးက ဖြစ်ပေါ်လာတာ ဖြစ်တာနဲ့အညီ ဒီဟာကို ကိုင်တွယ်ပြီးတော့ လက်နက်သဖွယ်အသုံးပြုတာဆိုလိုတာက လူသားချင်းစာနာထောက်ထားမှု အကူအညီကို လက်နက်သဖွယ်သုံးပြီးတော့ သူကိုယ်တိုင်က ကယ်တင်ရှင်ပြန်ဖမ်းတယ်။ သူကိုယ်တိုင်က တိုင်းပြည်ကို ကောင်းအောင်လုပ်မယ့်သူဆိုပြီးတော့ အဲဒီလို သရုပ်သဏ္ဍန်တွေကောင်းအောင်ဆည်မယ်ဆိုတဲ့အနေအထားကိုတော့ ကျနော်တို့ လုံး၀ခွင့်မပြုနိုင်ဘူး။ အဲဒါကတော့ ရှင်းရှင်းလင်းလင်းပြောရမယ့်အပိုင်းတွေဖြစ်တယ်။ ဆိုတော့ ကျနော်တို့ ပြောချင်တာကတော့ ဘာပဲဖြစ်ဖြစ် ဒီလို နယ်စပ်ဖြတ်ကျော်လာပြီးတော့ အကူအညီပေးမယ့်ဟာကို ကျနော်တို့ ကြိုဆိုတယ်ဆိုပေမယ့်လို့ လုပ်နည်းလုပ်ဟန်ပိုင်းအရတော့ ကျနော်တို့ မတိုင်ပင်ဘဲနဲ့ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းနဲ့ သွားလုပ်မယ်ဆိုရင်တော့ ကျနော်တို့ ဘယ်လိုမှ သဘောတူနိုင်မှာမ ဟုတ်ဘူး။ နောက်တစ်ချက်က နယ်မြေအသီးသီးမှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့သူတွေအားလုံးက ကျနော်တို့ လက်ထဲမှာပဲရှိတယ်။ နယ်မြေတစ်ခုလုံးကို အကုန်လုံးကို ကျနော်တို့ လွှမ်းမိုးထားတာဖြစ်တယ်။ စိုးမိုးထားတာဖြစ်တယ်။ ဒီစစ်ကောင်စီက လက်ရှိ အနေအထားအရ မြ၀တီဆိုရင် မြို့ပေါ် ကွက်ကွက်လေးမှာပဲရှိတယ်။ ကော့ကရိတ်ဆိုလည်း မြို့ပြင်မထွက်ရဲတဲ့ အနေအထားမှာရှိတယ်။ ဘယ်နေရာ မှ အပြင်ကို မထွက်ရဲဘူး။ ၂၀၂၃ ကနေစပြီးတော့ ခံစစ်အနေအထား နေလာတဲ့အဖွဲ့အစည်းနဲ့ သွားပြီးတော့ အလုပ်လုပ်ပြီး အကူအညီပေးမယ်ဆိုတာဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။

လူထုကလည်း သူ့ကို လုံး၀ လက်မခံဘူးဆိုတော့ အဲဒီအနေအထားမျိုးမှာ ဒီအကူအညီကို ဘယ်လိုပေးမလဲဆိုတော့ ကျနော်တို့ မြင်တာက ဒီအကူအညီကို ပေးချင်တယ်ဆိုရင် ကျနော်တို့နဲ့ စကားပြောပါ။ လာပြီးတော့ စကားပြောမယ်ဆိုရင် အထူးသဖြင့်လုပ်ရည်ကိုင်ရည်ရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းနဲ့ ကျနော်တို့ ချိတ်ဆက်ပြီးတော့ ဒီဟာကို အများကြီးအ ကျိုးရှိအောင်လုပ်နိုင်မယ်ဆိုတာပဲ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်မယ့်အပိုင်းက အထူးသဖြင့် ကျနော်တို့ လိုလားနေတဲ့ စစ်ကောင်စီကို တိုက်ရိုက်မသွားဘဲနဲ့ နယ်စပ်ဖြတ်ကျော်ပြီးလာမယ်ဆိုတာ ဒါက တော်တော်ကောင်းတဲ့အချက်ပဲ။ ဒါပေမဲ့ လုပ်နည်းလုပ်ဟန်ပိုင်းကျတော့ ကျနော်တို့နဲ့ လက်တွဲပြီးတော့ လုပ်ဆောင်ဖို့တော့လိုပါတယ်လို့ အဲဒါပဲ ပြောချင်ပါတယ်။

​မေး။လုပ်နည်းလုပ်ဟန် လွဲ​နေ​တယ်ဆို​တော့ ထိုင်းအစိုးရကို ဘယ်လိုအကြံ​ပေးချင်လဲ ။

​ဖြေ။ကျနော်တို့ အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံအစိုးရကိုရော ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကိုရော ကျနော်တို့ အများကြီးကျေးဇူးတင်တယ်။ ကျနော်တို့အပေါ်မှာလည်း အများကြီး ကူညီလုပ်ဆောင်ပေးတဲ့အပိုင်းတွေ ကျနော်တို့ အသိအမှတ်ပြုတယ်။ နားလည်းလည်တယ်။ ဒါပေမဲ့ ဒီအပိုင်းမှာ ဒီလိုမျိုး လုပ်သွားနိုင်ရေးအတွက်ဆိုရင်တော့ကျနော်ထပ်ပြီး ပန်ကြားလိုတာက ဆွေးနွေးတိုင်ပင်ပြီးတော့ ညှိညှိနှိုင်းနှိုင်းလုပ်သွားမယ်ဆိုရင်တော့ ဒီကိစ္စဟာ ဒီလောက်လည်း ကြီးကြီးကျယ်ကျယ် ဖြစ်စရာမလိုဘူး။ နောက်ပြီးတော့ အခု ထိုင်းနိုင်ငံခြားရေးဌာနက ကမကထ လုပ်ပြီး လုပ်နေတဲ့အပိုင်းကို ကျနော်တို့ ဆန့်ကျင်ကန့်ကွက်တာလည်းမဟုတ်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာကို ကျနော်တို့နဲ့ ပြေပြေလည်လည်ဖြစ်လာနိုင်ဖို့အတွက် ကျနော်တို့ ပြန်ပြီးတော့ လမ်းကြောင်း တည့်မတ်စရာရှိတာ ပြန်ပြီးတော့ တည့်မတ်တဲ့အပိုင်းပဲရှိပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနလုပ်သွားတဲ့ အပိုင်းကို ကျနော်တို့ အားရဂုဏ်ယူမိတယ်။ ဆက်လက်လုပ်သွားရမယ့်အပိုင်းတော့ရှိတယ်။ ကျနော်တို့လည်း လက်တွဲချင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။