သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ မတရားဖမ်းဆီးမှုတွေ အပါ အဝင်အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အပေါ် ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်နေဆဲပါ”လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Eri Kaneko က ထုတ်ပြန်ပါတယ်။
အထက်ပါတောင်းဆိုမှုမတိုင်ခင် တစ်ရက်မှာ မြန်မာ စစ်တပ်ဟာ သတင်းထောက်အချို့အပါအဝင် အာဏာ သိမ်းမှုကိုဆန့်ကျင်ဆန္ဒပြသူ နှစ်ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ စစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကစလို့ မတရားဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ငါးထောင်ကျော်ရှိနေဆဲပါ။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပေမယ့် ငါးလကျော်လာချိန်အထိ အထောက်အထားမပြနိုင်သေးဘဲ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းကာ တရားစွဲဆိုထားပါတယ်။