ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ကရင်နီအမျိုး သားတိုးတက်ရေးပါတီ(KNPP)နှင့် အာဏာသိမ်းစစ်တပ်တို့ ယနေ့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များကြောင်း Karenni Army Center(Kn.A.C)က သတင်းထုတ်ပြန်သည်။
လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့အရှေ့ဘက် ကွန်နားတောင်ပေါ်ရွာနှင့် ဒေါတဟေးရွာအကြား၌ ဇူလိုင် ၁၂ရက် နံနက်နှင့် ညနေပိုင်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“မိမိတို့တပ်နှင့် စကစ(စစ်ကောင်စီ) အကြမ်းဖက်တပ်အကြား ယနေ့မနက် တစ်ကြိမ်နှင့် ညတစ်ကြိမ် ထိတွေ့တိုက်ခုက်မှုဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက် ထိခိုက်သေဆုံးမှုများခဲ့သဖြင့် လက်နက်ကြီးများကို လွိုင်လင်လေး အနီးတ၀ိုက် အပြင် တီးလုံအုပ်စု တ၀ိုက်အထိ မရပ်မနားပဲ အခုအချိန်ထိ တစ်ဖက်သတ် ဆက်လက် ပစ်ခတ်နေပါသည်” ဟု Kn.A.Cက ထုတ်ပြန်သည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်အရေအတွက်မည်မျှ သေဆုံးထိခိုက်သည်ကိုမူ ဖော်ပြမထားပေ။

Public Service Announcement
KNPPနှင့် စစ်ကောင်စီတို့သည် ဇူလိုင် ၂ရက်နှင့် ၃ရက်နေ့များကလည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ယခုလအတွင်း တိုက်ပွဲ ၅ကြိမ်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်များက KNPP ထိန်းချုပ်လှုပ်ရှားနယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း KNPP သတင်းနှင့် ပြန်ကြားရေးဌာန KNICက သတင်းဖော်ပြထားသည်။

















































