ကပ်ရောဂါကာလ ပြည်သူများကြပ်တည်းနေချိန်တွင် ကုန်ပစ္စည်းများကို စျေးနှုန်းများ အဆမတန်တင်မရောင်းကြရန်နှင့် လူသားစိတ်အပြည်ဖြင့် အချင်းချင်းရိုင်းပင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက မေတ္တာရပ်ခံပန်ကြား သည်။
ယာယီသမ္မတ ဒူဝါလရှီးလ၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် ပြည်သူသို့ ပန်ကြား ချက် အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်သည်။
ကျွန်တော်ချစ်ခင်လေးစားရတဲ့ နိုင်ငံသူ နိုင်ငံသား ပြည်သူလူထု အပေါင်းတို့ခင်ဗျာ လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ပြန့်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါ COVID-19 နဲ့ ပတ်သက်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စား ပြည်သူလူထုကို အမှာစကား ပြောကြားလိုပါတယ်။
ယခုလက်ရှိ နိုင်ငံအတွင်းမှာ ပြန့်ပွားနေတဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါ တတိယလှိုင်းဟာ ဆိုရင် ထိန်းချုပ်လို့ မရနိုင်တော့လောက်အောင် ကူးစက်ပြန့်ပွားနေပြီဆိုတာတွေ့ရပါတယ်။
ယခင် ပြည်သူ့အစိုးရ လက်ထက်မှာ ဆိုရင် ပြည်သူ လူထုရဲ့ လုပ်ခြုံရေးနဲ့ ကျန်းမာရေးကို ဦးစားပေးပြီး ဆောင် ရွက်တဲ့အခါ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် စေတနာ့ဝန်ထမ်းတွေ လူမှုကူညီရေးအဖွဲ့တွေ အနုပညာရှင် တွေနဲ့ လုပ်ငန်းရှင်တွေ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးက ပူးပေါင်းပါဝင်တဲ့အတွက် ကပ်ရောဂါပထမလှိုင်းနဲ့ ဒုတိယလှိုင်းကိုကောင်းမွန်စွာ ထိန်းချုပ်နိုင်တဲ့အတွက် အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့ပါတယ်။
စီးပွားရေး ကြပ်တည်းတဲ့ ပြည်သူလူထုကိုလည်းနိုင်ငံတော်က ထောက်ပံ့ရေးအစီအမံတွေ ဆွဲပြီးတော့ ကူညီထောက်ပံ့ပေးနိုင်ခဲ့တယ်ဆိုတာ တွေ့ရပါတယ်။
ဒါပေမဲ့ ကပ်ရောဂါ တတိယလှိုင်းရောက်တဲ့အခါမှာတော့ နိုင်ငံတော်အာဏာကို လုယူထားတဲ့ စစ်အာဏာရှင်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာရယ် စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းမရှိတာရယ် ပြည်သူလူထုရဲ့ အသက်အိုးအိမ် ကာကွယ် လိုစိတ် စေတနာမရှိမှု များကြောင့် ယခုဆိုရင် ရောဂါပြန့်ပွားနှုန်းဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီဖြစ်ပါတယ်။
တစ်နေ့တစ်နေ့ ရောဂါကူးစက်သူ ဦးရေကို အတိအကျ ဖော်ပြဖို့တောင် မရတော့ပါဘူး။ တစ်ရက်ကို လူဦးရေ ငါးထောင်လောက် ကူးစက်တယ်လို့ ခန့်မှန်းကြပါတယ်။
တကယ်လို့သာ ကောင်မွန်တဲ့ စစ်ဆေးမှုတွေ လုပ်မယ်ဆိုရင် အဲဒီ စာရင်းဇယားတွေထက် အဆများစွာ ပိုများနိုင်ပါတယ်။
လူနာတွေ ဆေးကုဖို့ ဆေးရုံသွားကြပေမယ့်စစ်ကောင်စီက ဆေးမကုပေးဘဲ အိမ်ပြန်လွှတ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လူနာတွေက အိမ်မှာကြိတ်ပြီးတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ကုနေရပါတယ်။အသက်ရှုမ၀လို့ အောက်စီဂျင်ဝယ်မယ်ဆိုရင်လည်း လူနာတွေကို အောက်စီဂျင် မရောင်းဖို့ စစ်ကောင်စီက လိုက်တားနေလို့ အောက်စီဂျင် ပြတ်လပ်ပြီး သေဆုံးသူတွေမနည်းတော့ပါဘူး။
တစ်နေ့တစ်နေ့ ရောဂါကြောင့် သေဆုံးသူပေါင်း တစ်ထောင်ပတ်ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အလောင်းတွေ သင်္ဂြိုလ်ဖို့ မနိုင်လောက်အောင် ပုံပြီးများပြားနေတာ သက်သေဖြစ်သလို ယနေ့မြင်ကွင်းများကို တွေ့မြင်နေရတာဟာ အင်မတန်မှ ဝမ်းနည်းကြေကွဲစရာ ကောင်းပါတယ်။
ဆွေမျိုးမိဘတွေ ဆုံးရှုံးရလို့ ပူဆွေးနေရတဲ့ မိသားစုတွေ မိဘမဲ့ဖြစ်သွားလို့ ငိုကြွေးနေရတဲ့ ခလေးတွေ သူငယ်ချင်းရောင်းရင်းတွေ ဆုံးရှုံးရလို့ ကြေကွဲနေတဲ့သူတွေနဲ့ တိုင်းပြည်ဟာ ချောက်ထဲမှာ နစ်သထက်နစ်ပြီး ဒုက္ခအတိရောက်နေပြီဖြစ်ပါတယ်။
ရောဂါ ကူးစက်ခံရလို့ နာကျင်နေတဲ့သူတွေ အသက်ရှုမ၀တဲ့သူတွေ ကြောက်ရွံ့ထိတ်လန့်နေတဲ့သူတွေ ရောဂါမကူးသေးပေမယ့် ကြောက်ရွံ့နေရသူတွေနဲ့ တိုင်းပြည်က ဒုက္ခအတိရောက်နေပြီဖြစ်ပါတယ်။
လက်ရှိတိုင်းပြည်ရဲ့အခက်အခဲတွေကို ကြည့်ပြီး အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကာကွယ်ရေး လုံခြုံရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။
ဒါကြောင့်အမျိုးသားညီညွတ်ရေး အစိုးရဟာ ယာယီသမ္မတ ဦးဆောင်တဲ့ COVID-19 ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး၊ ကုသရေး ကော်မရှင်ကို ဖွဲ့စည်းကာ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
အခုဆိုရင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းသိမ်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက UN အပါအဝင် သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။
ရောဂါဆိုး ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ အချိန်မီ ရောက်ရှိနိုင်ဖို့ ကာကွယ်ဆေးများ စနစ်တကျ ထိုးနိုင်ဖို့ နိုင်ငံတကာကို အကူအညီတောင်းပြီး ဆောင်ရွက်နေပါတယ်။ တစ်ပြိုင်တည်းမှာပဲ စစ်အာဏာရှင်တွေရဲ့ ထိန်းချုပ်တားစီးမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြိုးစားလုပ်ဆောင်မှုတွေ ကန့်သတ်ခံနေရပြီး နိုင်ငံတကာ အကူအညီကလည်း နှောင့်နှေးနေတာဖြစ်ပါတယ်။
COVID-19 ကပ်ဆိုးဟာဆိုရင် နယ်စည်းမခြားတဲ့ရောဂါ လူမျိုးမရွေး ဘာသာမရွေးအသက်အရွယ်မရွေးတဲ့ ရောဂါဖြစ်ပါတယ်။
အခုဆိုရင် စစ်ကောင်စီအောက်မှာရှိတဲ့တပ်တွင်းက တပ်မတော်သားတွေသူတို့ရဲ့ မိသားစုဝင်တွေကို ကူးစက် တယ်လို့ သိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ မိမိရဲ့ လက်အောက်ခံငယ်သားများရဲ့ ကျန်းမာရေးကိုလည်း လျစ်လျူရှုထားတယ်လို့ သိရလို့ အံ့ဩမှင်သက်မိပါတယ်။
တစ်ဖက်တွင်လည်း အကျဉ်းထောင်များတွင်လည်း ကိုဗစ်ရောဂါကူးစက်ပြန့်နှံ့နေသည်ကို ကြားသိရတဲ့အတွက် မတရားဖမ်းဆီးခံထားရတဲ့သူများနဲ့ အကျဉ်းခံနေရသူများအတွက် များစွာ စိုးရိမ်မိပါတယ်။
အခုဆိုရင် နိုင်ငံတစ်ဝှမ်းမှာ လူကြီးလူငယ် လူမျိုးမရွေးမြို့ပြမှာ နေတဲ့သူ တောမှာနေတဲ့သူမရွေး IDP campတွေ တိုင်းရင်းသားလက်နက်ကိုင်များနေတဲ့ ဒေသမရွေးလူ့အသက်တွေ ဝိဇိန်ခြွေဖို့ ကူးစက်ပြန့်ပွားနေပါတယ်။
ဒါကြောင့် ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ ကျန်းမာရေးဝန်ထမ်းများရဲ့ လမ်းညွှန်မှုတွေကို လိုက်နာပေးကြဖို့ ပန်ကြားလိုပါတယ်။
မလိုအပ်ဘဲ အပြင်ထွက်တာမျိုး၊ မလိုအပ်တဲ့ စုဆောင်းမှုတွေ မလုပ်ကြဖို့ ပန်ကြားလိုပါတယ်။ ပြည်သူလူထု ကြပ်တည်းနေတဲ့အချိန်မှာ စျေးနှုန်းတွေ မတန်တဆ စျေးတင်ရောင်း အမြတ်ကြီးစား လုပ်တာမျိုးလည်း ရှောင်ကျဉ်ကြဖို့မေတ္တာရပ်ခံလိုပါတယ်။
ရောဂါနဲ့ပတ်သက်လာရင် လူမျိုးမရွေး ဘာသာမရွေး လူကြီး လူငယ်မရွေး ပါတီ နိုင်ငံရေးမရွေး လူသားစိတ်အပြည့်နဲ့ အချင်းချင်းရိုင်းပင်းကြဖို အထူးပန်ကြား မေတ္တာရပ်ခံလိုပါတယ်။
အဲဒီလို ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာခြင်း အချင်းချင်း ကူညီရိုင်းပင်းခြင်းအားဖြင့် ကမ္ဘာ့ကပ်ဆိုး COVID-19 တတိယလှိုင်းကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားကြရအောင်။
လိုအပ်တဲ့ နိုင်ငံတကာအကူအညီနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ရနိုင်အောင်လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နေ့မအား ညမနား အားသွန်ခွန်စိုက် လုပ်ဆောင်နေကြောင်း၊ ဆက်လက်လည်း လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကပ်ဆိုးရောဂါဘေးမှ အမြန်ကင်းဝေးကြပါစေ။