Connect with us

Hi, what are you looking for?

သတင်း

ရုရှားနဲ့အိမ်နီးချင်းနိုင်ငံအချို့ စစ်အာဏာရှင်သက်ဆိုးရှည်အောင်အားပေးနေဟု NUG ယာယီသမ္မတပြော

ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပြုလုပ်ခဲ့လို့ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab

ဇန်နဝါရီ-၁၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပြုလုပ်ခဲ့လို့ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၆ နှစ်သစ်ကူးနေ့မှာ မိန့်ခွန်းပြောကြားရာ နွေဦးတော်လှန်ရေးမှာ ကြုံနေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ အကြောင်းကို အခုလို အသိပေးရှင်းပြခဲ့တာပါ။

လက်ဗလာနဲ့ စတင်ခဲ့ကြတဲ့ ပြည်သူ့တော်လှန်ရေးဟာ လက်ရှိမှာ ပြည်သူ့စိုးမိုးနယ်မြေ ပြည်သူ့အုပ်ချုပ်နယ်မြေ အမြောက်အများ ချဲ့ထွင်နိုင်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်ကို စစ်ရေး၊ နိုင်ငံရေးအရ အရှိုက်ထိအောင်ထိုးနှက်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေ များစွာရှိခဲ့ကြောင်း ယာယီသမ္မတက ဦးစွာ ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

“ဒါပေမဲ့ ကျနော်တို့အနေနဲ့ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ဖျက်ရေးကို အပြီးတိုင် လုပ်ဆောင်နိုင်ဖို့ လိုအပ်နေသေးကြောင်း တင်ပြလိုပါတယ်။ တော်လှန်ရေးဆိုတဲ့ သဘောက အမြဲ ပုံသေကားချပ်မရှိဘဲ အနိမ့်အမြင့် အတက်အကျ အချိုးအကွေ့တွေနဲ့ ရှေ့ဆက်ကြရတာဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။

နွေဦးတော်လှန်ရေးဟာ စစ်ရေး၊ နိုင်ငံရေး သံတမန်ရေး၊ ဘဏ္ဍာရေးနဲ့ လူထုအရေးအပါအဝင်ဘက်ပေါင်းစုံကနေ တော်လှန်ရေးပန်းတိုင်ရောက်အောင် ချီတက်နေတဲ့ လူထုတိုက်ပွဲ ပုံစံ အဖြစ်တွေ့မြင်ရသလို အတွေးအခေါ် တော်လှန်ရေးနဲ့ အာဏာရှင်အကျင့်စရိုက်တွေပါ မြေလှန်ခွာချပစ်တဲ့ တော်လှန်ရေးပုံစံတွေလည်း ပါဝင်ကြောင်း ယာယီသမ္မတက ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ အောင်မြင်မှုတွေရှိခဲ့သလို မအောင်မြင်သေးတဲ့ အတားအဆီးတွေ ဆက်လက်ကျော်လွှားနေဆဲဖြစ်ကြောင်း ယာယီသမ္မတက အသိပေးပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာ အရေးအပါအဝင် ပထဝီဝင်နိုင်ငံရေးအကန့်အသတ်တွေကြောင့် ထပ်မံ ကျော်ဖြတ်နေရတဲ့ စိန်ခေါ်ချက်တွေ အခက်အခဲတွေလည်းရှိနေဟု ပြောပါတယ်။ပြည်သူ့ဒုက္ခကိုငဲ့ကွက်ရတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ချင့်ချိန် လုပ်ဆောင်ရတာရှိသလို ပြည်သူထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်လုပ်ဆောင်ကြရတာရှိကြောင်း အသိပေးပါတယ်။

“နွေဦးတော်လှန်ရေးဟာ ခရီးဆုံးပန်းတိုင်ကို အချိုးအကွေ့ အတက်အဆင်း အနိမ့်အမြင့်တွေကိုကျော်ဖြတ်ပြီး ဆက်လက်ချီတက်နေဆဲဖြစ်ပါတယ်။ အထူးသဖြင့် စစ်ရေးကဏ္ဍမှာ ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ နိုင်ငံရေးသဘောထားတွေဟာ ကျနော်တို့ နိုင်ငံမှာ စစ်အာဏာရှင် သက်ဆိုးရှည်အောင် အားပေးလုပ်ဆောင်သလို ဖြစ်နေတာ တွေ့ရပါတယ်။အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေး အကူအညီတွေ ပေးမှုနဲ့ နည်းပညာ ပံ့ပိုးမှုတွေ ပေးနေခြင်းကြောင့် ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရတာလည်းရှိပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဟာ ပထဝီဝင်နိုင်ငံရေး အကန့်အသတ်ကြားထဲမှာ အိမ်နီးချင်း နိုင်ငံကြီးတွေနဲ့ အတင်းအကျပ်ဖိအားပေးမှုကိုကြုံတွေ့ခဲ့ရပြီး အပစ်အခတ်ရပ်စဲခဲ့ကြတာတွေ ရှိခဲ့တယ်လို့ ရှင်းပြပါတယ်။

ယာယီသမ္မတအနေနဲ့ ဖိအားပေးတဲ့ နိုင်ငံရဲ့အမည်ကို ဖော်ပြပြောဆိုတာ မပြုလုပ်ခဲ့ပေမယ့် အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)တို့ဟာ ၂၀၂၅အတွင်းမှာ စစ်ကောင်စီနဲ့ အပစ်ရပ်စဲခဲ့ရတဲ့ အခြေအနေ ရှိခဲ့ပါတယ်။

“ဒါကြောင့်နွေဦးတော်လှန်ရေးအတွင်းမှာ စစ်ကော်မရှင်ကို စစ်ရေးဖိအားပေးမှုတွေအားလျှော့ခဲ့ကြပါတယ်။အခုဆိုရင် အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့ သေလုမြောပါး အခြေအနေကနေ စစ်ရေးအရ အသက်ရှုချောင် လည်လာတာကို တွေ့မြင်ရပါတယ်”လို့လည်း ယာယီသမ္မတက ပြောပါတယ်။

စစ်အာဏာရှင်အမြစ်ပြတ် တိုက်ဖျက်ရေးကိုတခါတည်းအပြီးအပြတ် လုပ်ဆောင်နိုင်မှ ပြည်သူ့ဒုက္ခတွေ အပြီးချုပ်ငြိမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း ယာယီသမ္မတက ပြောကြားပြီး စစ်အာဏာရှင် သက်ဆိုးရှည်လေလေ ပြည်သူဟာ ဒုက္ခနွံထဲ နစ်လေလေ ဖြစ်ကြောင်း သတိချပ်ကြဖို့ လိုတယ်လို့ သတိပေးပါတယ်။

“အကြမ်းဖက် စစ်ကော်မရှင်ကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုးအားပေးကူညီနေတဲ့ အိမ်နီးချင်းနိုင်ငံ အချို့ကိုလည်းကျနော်တို့ နိုင်ငံမှာ စစ်အာဏာရှင် သက်ဆိုးရှည်အောင် အားပေးတာမျိုး မလုပ်ဖို့ အလေးအနက်ပန်ကြားလိုပါတယ်” လို့လည်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၃၊ ၂၀၂၄ နဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းတွေမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်အောက်မှာ အထိနာခဲ့ပြီး မြို့ပေါင်းများစွာ၊ တပ်စခန်း ထောင်ချီ လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ရှမ်းမြောက်၊ ကချင်၊ ရက္ခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ကရင်နီ၊ ကရင်၊ ချင်း၊ တနင်္သာရီ ဒေသအသီးသီးမှာ စစ်ကောင်စီတပ်တွေအထိနာအောင် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နိုင်ခဲ့ပါတယ်။

၂၀၂၅ နွေကာလမှာတော့ စစ်ကောင်စီဟာ တရုတ်၊ ရုရှား တို့ရဲ့ စစ်ရေးအကူအညီနဲ့ ပြည်သူလူထုတွေကို အဓမ္မတ စစ်သားစုဆောင်းမှုတွေကရတဲ့ စစ်အင်အားတွေ အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင်တာတွေ ပြုလုပ်ခဲ့လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေအချို့ လက်လွှတ်ခဲ့ရပါတယ်။

တဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေက မြို့သိမ်းစစ်ဆင်ရေးတွေ တဖန်ပြန်လည်ဖော်ဆောင်လျက်ရှိသလို စစ်ကောင်စီ စစ်ကြောင်းတွေအထိနာအောင် တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပြန်လည် ပြုလုပ်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုရီးယားရောက် မြန်မာတွေအနေနဲ့ စစ်အာဏာရှင်ကျဆုံးချိန်အထိ လူထုတော်လှန်ရေးမှာပါဝင်သွားမယ်လို့ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီက အသိပေးပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေ အနေနဲ့ အမိန့်နာခံ၊ ကျင့်ဝတ်၊ စည်းကမ်းလိုက်နာပြီး ရန်သူစစ်ကောင်စီကို ပြတ်သားစွာ တိုက်ခိုက်ကြဖို့ PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်တပ် အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့စစ်ကောင်စီအဖွဲ့ဝင်ပုဂ္ဂိုလ်တွေကိုအကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာ ၂၁ရက်က အမိန့်ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဩစတေးလျရောက် မြန်မာပြည်သူတွေတွေ့ဆုံပွဲကို ဒီဇင်ဘာ ၂၀ရက်က ပါ့သ်မြို့က Corkburn Youth Centre မှာကျင်းပခဲ့ပြီး ပြည်သူတွေရဲ့ မေးမြန်းမှုတွေကို ဝန်ကြီးက ဖြေကြားပေးခဲ့ပါတယ်။