Connect with us

Hi, what are you looking for?

LuduNwayOo

News

PPE ဝတ်စုံဝတ်ပြီး ကိုဗစ်​ကြောင့်ကွယ်လွန်သူများကို အ​လောင်းသယ်​ပေးပြီး သရဏံဂုံတင်​ပေး​နေ​သောဆရာ​တော်

ကိုဗစ်ရောဂါပိုးကြောင့် သေဆုံးသွားသူများအား သရဏံဂုံတင်ပေးရန် အခက်အခဲများ ရှိနေသည့်အတွက် ဆရာတော်မှ PPE ဝတ်စုံကိုဝတ်ဆင်ကာ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ဓာတ်ပုံ - ဦးသုစရိတ (Facebook)

PPE ကာကွယ်ရေးဝတ်စုံကိုဝတ်ကာ လူတစ်ဦးထိုင်နေသည်။ သူ့ရှေ့တွင် အမျိုးသားကြီးတစ်ဦး Mask တပ်ကာ ညိုးနွှမ်းသောမျက်နှာဖြင့် ဒူးထောက်ထိုင်ချထားသည်။ ခပ်လှမ်းလှမ်းကုတင်ပေါ်တွင် စောင်ဖြင့်လိပ်ပတ်ထားသော လူသေရုပ်အလောင်းတစ်ခုရှိနေသည်။

PPE ဝတ်စုံ ဝတ်ထားသူက သြကာသမှ စတင်ကာ ရွတ်ဖတ်ပြီး ဒူးထောက်ထိုင်နေသူက လိုက်ပါရွတ်ဆိုသည်။အထက်ပါမြင်ကွင်းသည် နေ့စဥ် ကိုဗစ်ရောဂါပိုးကြောင့် ရာနှင့်ချီသေဆုံးနေသော ရန်ကုန်မြို့က မြင်ကွင်းတစ်ခုဖြစ်သည်။

PPE ဝတ်စုံနှင့်ထိုင်နေသူမှာ ဆရာတော်ဦးစရိတဖြစ်ပြီး သေသူများအတွက် သရဏံဂုံတင်ပေးနေခြင်း​ဖြစ်သည်။ ကိုဗစ်ရောဂါပိုးကြောင့် သေဆုံးသွားသူများအား သရဏံဂုံတင်ပေးရန် အခက်အခဲများ ရှိနေသည့်အတွက် ဆရာတော်မှ PPE ဝတ်စုံကိုဝတ်ဆင်ကာ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ဓာတ်ပုံ – ဦးသုစရိတ (Facebook)

ဆရာတော် ဦးစရိတသည် PPE ဝတ်စုံဝတ်ကာကွယ်လွန်သူများ၏ ရုပ်အလောင်းများအား သုဿာန်ပို့ပေးသလို ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ အယူအရ သရဏဂုံ တင်ပေးနေခြင်းလည်း ဖြစ်သည်။

ဗုဒ္ဓဘာသာတင်မကပါ အခြားဘာသာဝင်များ၏ ရုပ်အလောင်းများအား သုဿာန်ပို့ပေးရန် အကူညီတောင်းခံလာလျှင်လည်း ပြုလုပ်ပေးလေ့ရှိကြောင်း ဆရာတော်ကမိန့်ပါသည်။

Public Service Announcement

Public Service Announcement

ဆရာတော်သည် ယခင်ကတည်းက ပညာရေးနှင့် လူမှုကူညီရေးများ ဆောင်ရွက်နေသည့် ရဟန်းတစ်ပါးလည်း ဖြစ်ပြီးယမန်နှစ် ကိုဗစ်ပထမလှိုင်းကတည်းက ကိုဗစ်ကာကွယ်ရေးအတွက် လူမှုကူညီရေးအသင်းများနှင့် လိုက်ပါဆောင်ရွက်ကူညီခဲ့သူဖြစ်သည်။

ဆရာတော်ဦးသုစရိတသည် ယခုဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းတွင် PPE ဝတ်ကာ ကိုယ်တိုင် အလောင်းများသယ်ယူ ပို့ဆောင်နေသည့် သံဃာတပါးဖြစ်ပြီး၊ ကန်ဦးလူမှုကူညီရေးအသင်း – ရန်ကုန်တွင် ပရဟိတဝင်ရောက်လုပ်ကိုင်နေခြင်းဖြစ်သည်။

ဓာတ်ပုံ – ဦးသုစရိတ (Facebook)

ဗုဒ္ဓဘာသာအယူအရ ကွယ်လွန်သူအား သရဏံဂုံတင်ပေးခြင်းသည် ကွယ်လွန်သူအတွက် ကောင်းရာဘုံဘဝရောက်စေရန်အထောက်အပံ့ဖြစ်သည်ဟု ယုံကြည်ကြပြီး သရဏံတင်ပေးလိုက်ခြင်းအတွက် စိတ်ဖြေသိမ့်စရာ ဖြစ်ခဲ့သည်။

ထို့ကြောင့် ခက်ခဲသည့်အနေအထားများကြားမှ ဆရာတော်သည် မဖြစ်ဖြစ်သည့်နည်းဖြင့် ကူညီပေးနေခြင်းဖြစ်သည်။