၀ိုင်းမော်မြို့နယ် အခြေစိုက်အာဏာသိမ်းစစ်ကောင်စီ၏ ခလရ(၅၈)ကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ ယမန်နေ့ညက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများဟု သိရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။
“၅၈ တပ်ထဲကတော့ အထိအခိုက် အကျအဆုံးတော် တော်များများရှိတယ်လို့ ကြားတယ်”ဟု ၎င်းက ဆို သည်။ KIA/PDF ပူးပေါင်းအဖွဲ့ဘက်က ကျဆုံးသူမရှိဟု သိရကြောင်းဒေသခံက ပြောသည်။
၀ိုင်းမော်တွင် ဩဂုတ် ၃ရက် ည ၇နာရီခွဲခန့်မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ညသန်းခေါင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကျေးရွာအတွင်းရှိ ဝက်ခြံအချို့ပေါ်ကျရောက်ပေါက်ကွဲ၍ ဝက် ၁၀ ကောင်ခန့်သေဆုံးခဲ့ကြောင်း အဆိုပါဒေသခံက ပြောသည်။
အဆိုပါ ခလရ (၅၈)တပ်ကို KIAက ဇူလိုင် ၂၉ရက် ညပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။ ထို့နောက် ဩဂုတ် ၂ရက် ညပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ရှိခဲ့ပြီး လက်နက်ကြီးကျည်အချို့ လူနေအိမ်များအနီးရှိ လမ်းမပေါ်သို့ ကျရောက်ခဲ့သည်။
အဆိုပါ ခလရ(၅၈) သည် စစ်ကောင်စီ၏ လက်နက်ကြီးထားရှိရာတပ်စခန်းဖြစ်၍ KIA/PDFတို့က ဦးတည်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံက ပြောသည်။