“ ယုံကြည်ရာ ခြေတစ်လှမ်းတော်လှန်ရေးအတွက်ငါးသန်း” ဆိုတဲ့ခေါင်းစဥ်နဲ့ အာဏာသိမ်းစစ်ကောင်စီကို ခုခံကာကွယ်၊ တော်လှန်ရေးမှာ အသုံးပြုဖို့ အလှူငွေအမေရိကန်ဒေါ်လာ ၅ သန်း ကောက်ခံတာ ဒီနေ့ပြည့်သွားပြီလို့ ရန်ပုံငွေရှာဖွေပေးတဲ့အဖွဲ့တွေက ကြေညာလိုက်ပါတယ်။
လက်မှတ် ၁ စောင် ၁၀ ဒေါ်လာနှုန်းနဲ့ လက်မှတ်ပေါင်း ၅ သိန်းရောင်းချခဲ့တာဖြစ်ပါတယ်။ သြဂုတ် ၁၂ ရက်ကနေ စတင်ခဲ့တဲ့ တော်လှန်ရေးအတွက်ရန်ပုံငွေရှာတဲ့အစီအစဥ်ဟာ နောက်ဆုံးသတ်မှတ်ထားတဲ့ သြဂုတ် ၂၈ ရက်မတိုင်ခင်လိုအပ်တဲ့ ရန်ပုံငွေပြည့်သွားတာဖြစ်ပါတယ် ။ဒါပေမယ့် သြဂုတ် ၂၈ ရက်ည၁၂ နာရီအထိ့ ရန်ပုံငွေထည့်နိုင်အောင်ဆက်လက်လက်ခံသွားမယ်လို့လည်းသိရပါတယ် ။
ရရှိတဲ့ အမေရိကန်ဒေါ်လာ ငါးသန်းကို အမျိုးသား ညီညွတ်ရေးအစိုးရ -NUG၊ ကာကွယ်ရေးဝန်ကြီးဌာန ကဦးစီးပြီးတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်နေကြတဲ့ ပြည်သူနဲ့ လူငယ်များရဲ့ စားဝတ်နေရေးနဲ့ အခြားသော လိုအပ်ချက်များကို ကူညီထောက်ပံ့နိုင်ရန်ပြန်လည် ခွဲဝေပေးအပ်သွားမှာ ဖြစ်ပါတယ် လို့NUG ကကြေညာထားပါတယ်။

နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်နေကြတဲ့ ပြည်သူနဲ့ လူငယ်တွေရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် CRPH-OFP နဲ့ ကာကွယ်ရေးဝန်ကြီးဌာနာတို့က ဦးစီးပြီး “5 Million Raffle TicketChallenge”#5MillionChallenge ဆိုတဲ့ ကန်ပိန်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။

Public Service Announcement
လက်မှတ်တွေကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံကဝယ်ယူအားပေးခဲ့တာလို့ အလှူငွေကောက်ခံရရှိမှု ထုတ်ပြန်ချက်တွေအရသိရပါတယ်။
“ #5MillionChallenge
ရန်ပုံငွေပွဲဟာ စစ်အာဏာ ရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် အရေးပါတဲ့ ခြေတလှမ်း၊ အထူးသဖြင့် ပြည်သူတရပ်လုံးရဲ့ ယုံကြည်မှုအားကို အစွမ်းကုန်ထုတ်ပြနိုင်ခဲ့တဲ့ ခြေတလှမ်းဖြစ် ကြောင်း သက်သေပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီခြေလှမ်းမှ စတင်လို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်နဲ့ဘဝတွေကို စတေးပေးနေကြတဲ့ တော်လှန်ရေးသူရဲကောင်းတို့ရဲ့ ယုံကြည်ရာခြေလှမ်းများနဲ့အတူ အောင်ပွဲရသည်အထိ ပြည်သူတရပ်လုံး တတ်အားသရွေ့ ဆက်လက်ပါဝင် လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်” လို့ CRPH-OFP စာမျက်နှာက ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။



















































