-People’s Spring
အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ်က ကျိန္တလီမြို့ကို သိမ်းပိုက်ထားတယ်လို့ နိုဝင်ဘာ ၁၄ ရက် မနက်အစောပိုင်းက ထုတ်ပြန်တဲ့ “ အာရက္ခ နှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁) နှစ်ပြည့် သတင်းထုတ်ပြန်ချက်” မှာ ဖော်ပြထားပါတယ်။ AA က ကျိန္တလီမြို့ကို သြဂုတ်လကတည်းက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပေမယ့် AAကလည်း အတည်ပြုထုတ်ပြန်ခဲ့ခြင်းမရှိသလို People’s Spring က သီးခြားအတည်မပြုနိုင်သေးတာကြောင့် People’s Spring အင်ဖိုဂရပ်ထဲ မထည့်သွင်းခဲ့ရဘဲ အခုမှ ထည့်သွင်းဖော်ပြတာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေကိုထိုးစစ်ဆင်ပြီး သိမ်းပိုက်နိုင်တာ လတ်တလော နောက်ဆုံးမြို့ဆိုရင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြန်မာ-တရုတ်နယ်စပ်က မြို့ငယ်လေးဖြစ်တဲ့ ဖီမော်မြို့ကို နိုဝင်ဘာ ၂ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် AAက အမ်း၊ မောင်တော၊ ဂွ၊ တောင်ကုတ်မြို့တွေက စစ်တပ်လက်ကျန်စခန်းတွေ၊ တပ်ရင်း ဌာနချုပ်တွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသလို PDF တွေက အင်းတော်မြို့၊ ချင်းညီနောင်ပူးပေါင်းတပ်တွေနဲ့ မင်းတပ် CDF တို့က မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။

Public Service Announcement
ဒါပေမယ့် စစ်ကောင်စီဘက်ကလည်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေထဲက မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ နိုဝင်ဘာ ၁၇ ရက်မှာ ထိုးစစ်ဆင်လာလို့ ကရင်နီတပ်ပေါင်းစုနဲ့ အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်ပေမယ့် မြို့အနီးက ခမရ( ၄၂၂ )ကိုအပြီးသတ်မသိမ်းနိုင်ခဲ့ပါဘူး။ စစ်တပ်က ခမရ ၄၂၂ ကို စစ်ကူပို့ခဲ့သလို မိုးဗြဲမြို့ကိုပါ ပြန်ထိန်းချုပ်နိုင်ဖို့ ပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၈၇ မြို့ အင်ဖိုဂရပ်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် တရားဝင်မထုတ်ပြန်တာကြောင့် ဒီစာရင်းမှာ မပါသေးတဲ့မြို့တွေ ကျန်ရှိနိုင်ပါသေးတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်တွေက မသိမ်းပေမယ့် မြို့ပတ်ပတ်လည်ကို ဝိုင်းရံပိတ်ဆို့ထားတဲ့ မြို့များစွာလည်းရှိနေပါတယ်။



















































