မြန်မာ့နွေဦးတော်လှန်ရေးအတွင်း၌သာမက နှစ်ပေါင်းများစွာ တိုင်းရင်းသားဒေသများ၌ စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှုကျွန်းလွန်မှုကို ခံစားရတဲ့သူများအတွက် လူ့အခွင့်အရေး ချိုးဖောက်မှု အချက်အလက်မှတ်တမ်း ကောက်ယူထိန်းသိမ်းရေး လုပ်ငန်းသည် အလွန်အရေးကြီးဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဩဂုတ် ၃၀ရက်က ကျရောက်သည့် အာဏာခွင့်ပြုချက်သုံးပြီး ပျောက်ဆုံးသွားသော သူများအတွက် အပြည်ပြည်ဆိုင်ရာ အထိန်းအမှတ်နေ့ အတွက် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အထက်ပါအချက်ကို ထည့်သွင်းဖော်ပြခဲ့သည်။
အာဏာခွင့်ပြုချက်သုံးပြီးပျောက်ဆုံးသွားခြင်းဆိုသည်မှာ လူတစ်ဦး တစ်ယောက်ကို ဖြစ်စေ လူအများအပြားကို ဖြစ်စေ ၎င်းတို့၏ ဆန္ဒမပါဝင်ဘဲ ၎င်းတို့၏ လွတ်လပ်ခွင့်များကို ငြင်းပယ်လျက် အစိုးရ သို့မဟုတ် အဖွဲ့အစည်း တစ်ဖွဲ့ သို့မဟုတ် ၎င်းတို့ကို ကိုယ်စားပြုသူတစ်ဦးဦးက ဖမ်းဆီးသွားခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ပတ်သက်ပြီးသတင်းအချက်အလက် မရရှိဘဲ ပျောက်ဆုံးသွားခြင်းများကို ဆိုလိုကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
အာဏာရှင်များ၏ လူအခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို ထိန်းသိမ်းထားခြင်း၊ လွဲပြောင်း သိမ်းဆည်း ထားခြင်းများက တော်လှန်ရေး၌ ပါဝင်ဆင်နွှဲခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ထိုမှတ်တမ်းများမှ တစ်ဆင့် ကျဆုံးသွားသူ၊ ပျေက်ဆုံးသွား သူ တစ်ယောက်ချင်းစီအတွက် အမှန်တရားဖော်ဆောင်ရေး၊ နစ်နာမှုများကုစားရေး၊ နောက်ထပ်မံ မဖြစ်ပွားစေရန်တားဆီးရေး အစရှိသည့် လုပ်ငန်းစဉ်များကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ ပြည်သူများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟုဆိုသည်။
အာဏာရှင်များ၏ ဖျောက်ဖျက်ခြင်းခံရသည့် တော်လှန်ရေးရဲဘော်များ၏ သမိုင်းအဖြစ်အပျက် ဇာတ်လမ်းနှင့် အမှတ်သညာများကို တက်နိုင်သမျှ သိမ်းဆည်းထိန်းသိမ်းကြခြင်းဖြင့် တရားမျှတမှု အတွက် အင်မတန် အရေးကြီးသည့် ခြေလှမ်းတစ်လှမ်းကို လှမ်းထားကြရမည်ဖြစ်ကြောင်း၊ ၎င်းတို့ ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့် လူ့အခွင့် အရေး တန်းတူညီမျှရေးအစရှိသည့် တန်းဖိုးများကို မမေ့မလျော့ ဆက်လက်သယ်ဆောင် တိုက်ပွဲဝင်ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အာဏာရှင်အစိုးရများသည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ၎င်းတို့၏ မိသားစုဝင် များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အထောက်အထားတွေကို ကိုင်ဆောင်ထားသူများကို ဖမ်းဆီး ပျောက်ဆုံးသွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တက်ကြကြောင်းလည်း ဖော်ပြခဲ့သည်။



















































