စစ်တပ်အာဏာသိမ်းပြီး ၈လအကြာတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀ နှင့် အမေရိကန်တစ်ဒေါ်လာကို ၂,၂၅၀ကျပ် ပေါက်ဈေးရှိလာကြောင်း ရွှေနှင့်ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက ပြောသည်။
စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီလကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက ရွှေတစ်ကျပ်သားကို ကျပ် ၇ သိန်းခန့်နှင့် တစ်ဒေါ်လာကို ကျပ် ၉၀၀ကျော်မြင့်တက်လာခြင်းဖြစ်သည်။
“ဈေးကွက်ထဲမှာ ရွှေကို လိုချင်ရင် လေးငါးရောက် ငွေကြိုချေပြီးစောင့်ရတယ်။ ချက်ချင်းလိုချင်ရင် ဈေးပိုပေးရတယ်”ဟု ရွှေဆိုင်ပိုင်တစ်ဦးက ပြောသည်။
စစ်တက်အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၁၃၂၀၀၀၀ကျပ်နှင့် တစ်ဒေါ်လာကို ၁,၃၃၇ကျပ်သာရှိခဲ့သည်။

Public Service Announcement

မြန်မာ့သမိုင်းတလျောက်အမြင့်ဆုံးဈေးနှုန်းများဖြစ်ပြီး လူထုက နိုင်ငံရေးမတည်ငြိမ်မူကြောင့် ရွှေနှင့် ဒေါ်လာ ဝယ်ယူမူပိုများလာခြင်းကြောင့်ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။
ရွှေဈေး အဆမတန်မြင့်တက်လာခြင်းကြောင့် ရွှေဆိုင်များနှင့် ငွေလဲကောင်တာများက ဈေးနေ့စဉ်ပေါက်ကြေးကို ထုတ်ပြန်ကြေငြာခြင်းမပြုတော့ဟုလည်း လုပ်ငန်းရှင်များကပြောသည်။
ပြည်တွင်းရွှေဈေးမြင့်တက်နေသော်လည်း ကမ္ဘာ့ရွှေဈေးမှာ အတက်၊အကျမများဟု ရွှေလုပ်ငန်းရှင်များကဆိုသည်။
ဒေါ်လာဈေးမှာလည်း ဈေးကွက်အတွင်းရောင်းချသူနည်းပြီးဝယ်ယူသူများနေသည်ဟု ငွေလဲလုပ်ငန်းရှင်များက ပြောသည်။
“အခု ဒေါ်လာကို ရသလောက်ဝယ်နေတဲ့ အနေအထားပါပဲ”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောသည်။
စစ်ကောင်စီက ဒေါ်လာဈေးကျဆင်းရန် နိုင်ငံတော်အရံငွေ ဒေါ်လာများကို ထုတ်ရောင်းခြင်း၊ ပို့ကုန်ရငွေ ဒေါ်လာများကို အတင်းအဓမ္မရောင်းချစေခြင်းနှင့် ပုဂ္ဂလိက ဒေါ်လာအကောင့်များကို လွဲပြောင်းမူ ကန့်သတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်တွင် ဒေါ်လာနှင့်ရွှေဈေးသည် နေ့စဉ်မြင့်တက်လျက်ရှိသည်။


















































