အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဆွီဒင်နိုင်ငံခြား ရေးဝန်ကြီး Ann Linde နဲ့ ဒီနေ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရဲ့ လက်ရှိအကျပ်အတည်းတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ အနေများ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းရန်ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲအကျပ် အတည်းတွေနဲ့ မြန်မာ့ဒီမိုက ရေစီအရေးလှုပ်ရှားမှုတွေကို ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde ကလည်း စစ်တပ်အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံမှာ အခြေ အနေပိုမိုဆိုးရွားလာတာကိုဆွေးနွေးခဲ့ကြောင်းနဲ့ မြန်မာ နိုင်ငံဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားနိုင်ရေးအရေးကြီးကြောင်း NUG နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ဆွေးနွေးခဲ့တယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။

အဲဒီဆွေးနွေးပွဲကို ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ဦးလင်းသန့်လည်း တက်ရောက်ခဲ့ပါတယ်။

Public Service Announcement
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဆွီဒင်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ရှုတ်ချထားပြီး ဒီမိုကရေစီစနစ်ဆီ ပြန်သွားနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။


















































