စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၈လအတွင်း ကုမ္ပဏီအသစ်ထူထောင်မှု၇၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမူ ဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင်ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၁ ဖေဖော်ဝါရီမှ စက်တင်ဘာအထိ ၈လအတွင်း ကုမ္ပဏီ ၃၅၉၂ ခု မှတ်ပုံတင်ကုမ္ပဏီအသစ်ထူထောင်ခဲ့သည်ဟု အထက်ပါဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထိုနှုန်းထားသည့် စစ်တပ်အာဏာမသိမ်းခင်က ၈ လအတွင်းနှင့် နှိုင်းယှဉ်ပါက ၆၈ ဒသမ ၉၇ ရာခိုင်နှုန်း လျော့နည်းသွားခြင်းဖြစ်သည်။
၂၀၂၀ ဇွန်လမှ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီအထိ ၈လအတွင်းတွင် ကုမ္ပဏီအသစ်ပေါင်း ၁၁၆၀၀ ခန့်ကုမ္ပဏီအသစ်ထူထောင်ခဲ့သည်ဟု အထက် ပါဦးစီးဌာနက ထုတ်ပြန်ထားသည်။ထိုကာလနှစ်ခုကို နှိုင်းယှဉ်ပါက ကုမ္ပဏီအသစ်ထူထောင်မူ ၈၀၀၀ ခန့်လျော့နည်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement
“ဒီကာလမှ ကုမ္ပဏီအသစ်ထူထောင်တယ်ဆိုတာ တပ်နဲ့ နီးစပ်တဲ့သူတွေက ခါတော်မှီ ကုမ္ပဏီတွေ ထောင်တာမျိုးဘဲရှိတယ်။ အမှန်တကယ်အလုပ်လုပ်မယ့် ကုမ္ပဏီက အတော်လေးရှားပါတယ်”ဟု ကုမ္ပဏီမှတ်ပုံတင်ဝန်ဆောင်မှုပေးသူတစ်ဦးက မှတ်ချက်ပေးသည်။
ထို့ပြင် ယခင် အရပ်သားအစိုးရ လက်ထက်က ကုမ္ပဏီမှတ်ပုံတင်ရန် တင်ပြထားသောကုမ္ပဏီများကို ဆက် လက်ခွင့်ပြုပေးခဲ့ခြင်းကြောင့် ထိုသို့ ပမာဏရှိနေခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြော သည်။
အရပ်သားအစိုးရလက်ထက်တွင် တစ်လလျှင် ပျှမ်းမျှ ကုမ္ပဏီအသစ် ၁၅၀၀ ခန့် ထူထောင်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းခဲ့သည့် ၈လအတွင်း ကုမ္ပဏီအသစ် ၄၅၀ခန့်သာ မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းထားသည့် ၈လအတွင်း ကုမ္ပဏီအများဆုံးအသစ်ထူထောင်သည့် လမှ ၂၀၂၁ ဇွန်လဖြစ်ပြီး စုစုပေါင်း ကုမ္ပဏီ ၇၇၅ ခု မှတ်ပုံတင်ခဲ့သည်။ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ဇွန်လတွင် ကုမ္ပဏီအသစ်ထူထောင်မှု ၁၃၀၀ ကျော်ရှိခဲ့သည်ဟု ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွန့်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။
ကုမ္ပဏီအသစ် ထူထောင်မူလျော့ကျလာခြင်းသည် တိုင်းပြည်တွင်း စီးပွားရေးလုပ်ကိုင်နိုင်မူလျော့ကျလာသည့် လက္ခဏာဖြစ်ပြီး ရှေ့ဆက်ပိုမိုဆိုးရွားလာနိုင်သည်ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။


















































