မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်မှနှုတ်ထွက်ရန် နောက်ဆုံးသက်မှတ်ရက်ပြည့်ပြီးနောက် အောက်တိုဘာ ၁ရက်တွင် သာစည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှုးအား ရေစကြို PDF အဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ PDF ရေစကြိုအနေဖြင့် မြို့နယ်တွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှုးများအား စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား နုတ်ထွက်ကြရန် သတိပေးခဲ့ပြီးဖြစ်ပြီး အလေးမထားဘဲ ဆက်လက်မိုက်မဲနေသောအုပ်ချုပ်ရေးမှူးများအား ယခုချက်ခြင်း နုတ်ထွက်ကြရန်ထပ်မံသတိပေး လိုက်ကြောင်း၊ နောက်တစ်ကြိမ်ထပ်မံသတိပေးတော့မည်မဟုတ်ဘဲ စစ်ကောင်စီအားတိုက်ခိုက်ချေမှုန်းသကဲ့သို့ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ရေစကြို PDFက သတိ ပေးထုတ်ပြန်သည်။
ထိုအပြင်အောက်တိုဘာ၁ရက် မွန်းလွဲပိုင်းကလည်း ရေစကြို မြို့ဝင်တွင် စစ်ဆေးရန်လာသော စစ်ကောင်စီတပ်ကားအား PDF ရေစကြို က မိုင်း( ၂ ) လုံးဆွဲ တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး စစ်သား ၂ ဦး၊ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်းထုတ်ပြန်ခဲ့သည်။ ထို့အပြင်နံနက်ပိုင်းက ရေစကြိုမြို့ စိုက်ပျိုးရေးရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးတက်နေသူအချို့ရှိသော်လည်း လူထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ ည၈ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်များနှင့် ပတ်သက်နေသည့်ရေစကြိုမြို့ နဂါးရုံရပ်နေ စစ်ထွက်ဖြစ်သူ ကိုညွှန့်ဝင်းအိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ခြောက်လှန့်ရုံပြုလုပ်သည်ဟုယူဆရပြီး ထိခိုက်မှုမရှိကြောင်း ရေစကြိုဒေသခံများက ပြောသည်။

Public Service Announcement
နှုတ်ထွက်သည်ဟု အသိပေးထုတ်ပြန်ထားသော်လည်း စစ်ကောင်စီနှင့် ဆက်သွယ်ပြီး သတင်းပေးလုပ်နေသူများအား စက်တင်ဘာလ ၃၀ ရက်ကျော်လွန်ပါက ထိုသူ၏မိသားစုဝင်များအပါအဝင် ၎င်းတို့၏အသက်အန္တရာယ်များကို တာဝန်ယူမည်မဟုတ်တော့ကြောင်း နောက်ဆုံးအကြိမ်အဖြစ် ရေစကြို PDF က သတိပေးထားသည်။
ရေစကြိုမြို့နယ်တွင် ကျေးရွာနေပြည်သူများမှ ဒီမိုကရေစီစနစ်ဖြင့် ရွေးချယ်တင်မြှောက်ထားသော ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး ၈၉ ဦးကို အာဏာသိမ်းစစ်ကောင်စီမှ ၂၀၂၁ ဖေဖော်ဝါရီ ၁၁ရက် တွင် ဖြုတ်ပစ်ခဲ့သည်။ ရေစကြိုမြို့နယ်တွင် မဲအပြတ်အသတ်နှင့်ရှုံးနိမ့်ခဲ့သူ အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ၊ ဆင်ချောင်းသား ဦးစိုးမောင်မှ လာရောက်စီစဉ်ကာ ဦးသိန်းစိန်လက်လက်မှ ဥက္ကဌဟောင်းများနှင့် ၎င်း၏ပါတီဝင် မဘသများကိုရွေးချယ်ပြီး ဖေဖော်ဝါရီ ၁၇ရက်တွင် တာဝန်ပေးအပ်ခဲ့ကြောင်း၊ အချို့မှာ ငြင်းဆန်သည့်အတွက် လုပ်လက်စ အုပ်ချုပ်ရေးမှူးများက တာဝန်ယူဆောင်ရွက်ခဲ့ကြကြောင်း ရေစကြိုဒေသခံများက ပြောသည်။
တာဝန်ပေးခန့်အပ်ခြင်းခံရသူအများစုမှာ ရပ်ရွာကကြည်ညိုလေးစားသူများမဟုတ်ကြဘဲ အနိုင်ရပါတီကို ဆန့်ကျင်သူများ၊ အမျိုးသားရေးအမည်ခံ လုပ်စားသူများဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။
















































