ထီးချိုင့်မြို့တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှုးအားလုံးနီးပါး နှုတ်ထွက်သွားပြီဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားပြီဟု ဒေသခံများက သုံးသပ်ပြောကြားသည်။
“အုပ်ချုပ်ရေးမှုးအားလုံးနီးပါး နှုတ်ထွက်သွားပြီ။ ဒလန်က သူဒလန်မဟုတ်ဘူးလို့ ကြေငြာလည်း အသတ်ခံရတာပဲ။ စကစနဲ့ တွဲမလုပ်ရဲကြတော့ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။
ထီးချိုင့်မြို့တွင် ရပ်ကွက် ငါးခု၊ ကျေးရွာအုပ်စု ၃၃ခု ရှိပြီး အောက်တိုဘာ ၅ ရက်ညနေ အထိ မှတ်တမ်းများအရ အုပ်ချုပ်ရေးမှုးအားလုံးနီးပါး နှုတ်ထွက်သွားပြီဟု ဒေသခံများကပြောသည်။
ထီးချိုင့်မြို့ပေါ်တွင် ကြက်သွန်ခင်းကျေးရွာဟု လူသိများသည့် ရပ်ကွက်(၅)တစ်ခုသာ အုပ်ချုပ်ရေးမှုး နှုတ်ထွက်ကြောင်း မကြေငြာသေးခြင်း ဖြစ်သည်။
“ကျန်တဲ့ ရပ်ကွက်နဲ့ကျေးရွာတွေက အုပ်ချုပ်ရေးမှုးတွေ နှုတ်ထွက်တယ်လို့ ကြေငြာတာတွေ့တယ်။ ရပ်ကွက် (၅)ပဲ မကြားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
ထီးချိုင့်မြို့တွင် စစ်ကောင်စီနှင့်ပူးပေါင်းမိသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှုး အနည်းဆုံး သုံးဦးနှင့် စစ်ကောင်စီသတင်းပေး ဆယ်ဦးခန့် အသတ်ခံခဲ့ရသည်။ ယနေ့(အောက်တိုဘာ ၅)တွင်လည်း ထီးချိုင့်မြို့နယ် ကမ်းနီရွာမှ စစ်ကောင်စီသတင်းပေးတစ်ဦး ထပ်မံအသတ်ခံလိုက်ရသည်။ သေဆုံးသူသည် ဦးရှမ်းဟု လူသိများသည့် ရဲဝန်ထမ်းဟောင်းဖြစ်ပြီး လက်ရှိတွင် တာဝန်ထမ်းဆောင်ဆဲရဲအရာရှိ၏မိသားစုဝင်ဖြစ်သည်။
ကမ်းနီရွာတွင် စက်တင်ဘာ၂၆ ရက်က ဖြစ်ခဲ့သည့် ထီးချိုင့်PDFနှင့် စစ်ကောင်စီတိုက်ပွဲတွင် ဦးရှမ်းက ပျူစောထီးအနေဖြင့် စစ်ကောင်စီဘက်မှ ဝင်တိုက်ခိုက်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။အသတ်မခံရမီ ရက်အနည်းငယ်က ၎င်းသည် သတင်းပေးဒလန်မဟုတ်သလို မည်သည့်အဖွဲ့အစည်းနှင့်မျှ မပတ်သက်ကြောင်း ကြေငြာချက်ထုတ်ခဲ့သေးသည်။
















































