ဟာနာဆန်/People’s Spring
လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။
“နိုင်ငံတော်အစိုးရအဖွဲ့အစည်းတွေနဲ့ ရပ်ကွက်ပြည်သူပြည်သားတွေနဲ့ ပေါင်းဖက်တဲ့ ပေါင်းကူးတံတားအဖြစ် အုပ်ချုပ်ရေးမှူးတာဝန် ကျေပွန်စွာ ထမ်းဆောင်သွားပါ့မယ်”လို့ ပြောရင်းသူ့မျက်ရည်တွေတလိမ့်လိမ့်ကျလာတယ်။
မသိရင် အကယ်ဒမီထူးချွန်ဆုပေးပွဲလား ထင်မှတ်မှားရလောက်တဲ့ အဲဒီမြင်ကွင်းဟာ စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်က အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲသာ ဖြစ်ပါတယ်။ ပြည်သူတစ်ယောက်ကတော့ “သတ်တော့မယ့်နွား ပန်းကုံးစွပ် ခေါ်လာသလိုပဲ”လို့ မှတ်ချက်ပြုတယ်။

Public Service Announcement
အခုတလော ဆိုရှယ်မီဒီယာပေါ်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေသတွေမှာ အုပ်ကြီးခေါ် အုပ်ချုပ်ရေးမှူး ရွေးပွဲတွေ ဆက်တိုင်တင်နေကြပါတယ်။ လူအုပ်လိုက်ကြီး တဟေးဟေးအော်ကြ၊ အရွေးခံရသူကို ပန်းကုံးတွေ ညွတ်နေအောင်စွပ်ကြနဲ့ မသိရင်အောင်ပွဲရ သူရဲကောင်းတွေကို ဂုဏ်ပြုနေကြသလိုပါ။အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းစစ်သားတွေ ၂ နှစ်သက်တမ်းပြည့်လို့အိမ်ပြန်တဲ့အခါ ဒေသခံတွေက ဝမ်းသာအားရ ကြိုဆိုကြတယ်လို့ ဝါဒဖြန့်ပြီးနောက်မှာ အုပ်ကြီးရွေးခံရသူတွေကိုလည်း ဂုဏ်ပြုကြတယ်လို့ ဝါဒဖြန့်နေတာဖြစ်ပါတယ် ။
အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲပြီးသွားတော့ သူတို့စီစဥ်ထားတဲ့အတိုင်း အာဏာသိမ်းခေါင်းဆောင်က သမ္မတလုပ်တယ်။ သူတို့လူတွေပဲ လွှတ်တော်ထဲ ဝင်ထိုင်တယ်။ နောက်တော့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုပါ ပြည်သူ့ဆန္ဒအတိုင်းဆိုတဲ့စကားလုံးသုံးပြီး ရွေးချယ်ပွဲတွေ ပြုလုပ်စေပါတယ်။
စစ်ကောင်စီဟာ ခုလို အုပ်ချုပ်ရေးမှူးရွေးပွဲတွေ စည်စည်ကားကားလုပ်စေခဲ့တာဟာ တိုင်းပြည်ကို သူတို့ ထိန်းချုပ်ထားနိုင်တယ်လို့အပေါ်ယံ ပြသချင်တဲ့ သဘောလည်း ပါဝင်ပါတယ်။
နောက်တစ်ခုကတော့ စစ်ကောင်စီအတွက် အသက်သွေးကြောဖြစ်တဲ့ စစ်မှုထမ်းဖို့ လူစုဆောင်းရမယ့် တာဝန်ကို ဒီအုပ်ချုပ်ရေးမှူးတွေကပဲ လုပ်ရမှာ ဖြစ်လို့ သူတို့အတွက် အရေးပါပါတယ်။
အာဏာသိမ်းကာလတလျှောက်မှာလည်း စစ်ကောင်စီလက်အောက်ခံ အုပ်ကြီးတွေ ခဏခဏ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလည်း မနည်းမနောပါ။ ဒီလောက် အန္တရာယ်များတဲ့ကြားကနေ ဘာလို့များ ဒီနေရာကို အလုအယက် တိုးဝင်နေကြတာပါလဲ။
တစ်ခုကတော့ အာဏာပါ။ ခေတ်ကောင်းစဉ် ပြည်သူ့အစိုးရ အုပ်ချုပ်စဥ်က နေရာမရခဲ့တဲ့ ဘောင်မဝင်တန်းမဝင်တွေဟာ ခုလို အကျပ်အတည်းကာလမှာမှ နေရာရလာကြပါတယ်။ ခေတ်ကောင်းစဉ်က ဘာမှဖြစ်မလာခဲ့တဲ့ အခြေခံလူတန်းစားအချို့နဲ့ လူမိုက်အဆင့်ရှိသူတွေဟာ ဒီခေတ်ပျက်ကြီးမှာ နေရာရဖို့ သေနတ်ရိပ်ကို ခိုလှုံပြီး အားတက်သရော လုပ်ကြတာပါ။
နောက်တစ်ခုကတော့ အခွင့်အရေးပါ။ စစ်မှုထမ်းရှောင်ဖို့အတွက် လာဘ်ထိုးကြသူတွေ၊ ဘာစာချုပ်ညာစာချုပ်ချုပ်ဖို့အတွက် လက်မှတ်ထိုးခတွေ၊ ဧည့်စာရင်းကြေးတွေ၊ တရားမဝင်လုပ်ငန်းလုပ်ကိုင်သူတွေဆီကရတဲ့ လိုင်းကြေးတွေဟာ မက်လောက်စရာပါ။ အာဏာမသိမ်းခင်က အိမ်ပိုင်ဝင်းပိုင်တောင် မရှိတဲ့သာမန်လူတစ်ယောက်ဟာ စစ်တပ်အာဏာသိမ်းပြီး အုပ်ကြီးတာဝန်ယူလိုက်ရချိန် အိမ်ပိုင်ဝင်းပိုင် ကားပိုင်တွေ ဖြစ်သွားကြတာတွေ ဒေသအသီးသီးမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ငလျင်မှာလည်း နိုင်ငံတကာက လှူဒါန်းခဲ့တဲ့ ထောက်ပံ့ငွေတွေ၊ ပစ္စည်းတွေဟာ တကယ့်ငလျင်ဘေးသင့်ပြည်သူတွေထက် အုပ်ကြီးနဲ့အပေါင်းအပါတွေ၊ ဆွေမျိုးတွေသာ အများဆုံး သိမ်းပိုက်ခဲ့ကြတဲ့ဖြစ်စဥ်တွေ မနည်းမနောပါ။ ဒီလို အာဏာနဲ့ အခွင့်အရေးတွေတွေကြောင့်ပဲ အုပ်ကြီးနေရာရဖို့ အလုအယက် ဝင်ပြိုင်ကြတာဖြစ်ပါတယ်။
ပြည်သူတွေကရော ဘာလို့ အုပ်ကြီးရွေးပွဲကို သွားကြတာပါလဲ။ စိတ်ပါလက်ပါ တက်ကြသူတွေလည်း ရှိပါတယ်။ မသိနားမလည်ကြလို့ တက်ကြသူတွေလည်း ရှိတယ်။ နောက်တစ်ခုကတော့ အုပ်ချုပ်ရေးမှူးရွေးပွဲကို မတက်မနေရ ခေါ်တဲ့အခါ မတက်ရင် မျက်မုန်းကျိုးသွားမလား၊ မိမိတို့အိမ်က လူငယ်တွေကို စစ်မှုထမ်းဖို့ ပစ်မှတ်ထားပြီး အဓမ္မခေါ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ပဲ အပြေးအလွှား တက်ကြရသူတွေလည်း ရှိပါတယ်။
ဘယ်လိုပဲ ပြည်သူကရွေးတယ်ပဲပြောပြော နောက်ဆုံးတော့ အုပ်ချုပ်ရေးမှူးနေရာတွေကို ယခင်အုပ်ကြီးတွေ၊ စစ်တပ်နဲ့ ပတ်သက်သူတွေသာ ရသွားတယ်လို့ သိရတယ်။
အတိုချုပ်ရရင်တော့ ပြည်သူ့အကျိုးကို တကယ်လိုလားတဲ့သူက စစ်ကောင်စီလက်အောက်မှာ ဘယ်သူမှ ဝင်မလုပ်လိုကြပါဘူး။ အခုမြင်တွေ့နေရတဲ့ ပန်းကုံးတွေ၊ မျက်ရည်တွေနဲ့ အုပ်ကြီးရွေးပွဲဆိုတာဟာလည်း စစ်အုပ်စုကဖန်တီးထားတဲ့ အတုအယောင်ရွေးချယ်ပွဲသာဖြစ်ပါတယ်။အဲဒီပွဲမှာ အရွေးခံရသူတွေဟာလည်း သမိုင်းရဲ့ တရားခံအဖြစ် မှတ်တမ်းဝင်ဖို့ အားတက်သရော တိုးဝင်နေကြခြင်းသာ ဖြစ်ပါတော့တယ်။ ။


















































