စစ်တပ် အာဏာသိမ်းမှုအပြီး ပြည်တွင်း ငွေတန်ဖိုး ကျဆင်းမှု၊ ဒေါ်လာငွေ ရှားပါးမှုတွေက မြန်မာ့ စီးပွားရေး အခြေအနေကို ဆိုးသထက်ဆိုးအောင် ထိုးနှက်နေကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒေါ်လာစျေး ရုတ်တရက် မြင့်တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခြင်းက သွင်းကုန်စရိတ်တွေ ပိုမို ကုန်ကျစေသလို စီးပွားရေး အကျပ်အတည်းကိုလည်း ပိုမို ဆိုးရွားလာစေခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကိုဗစ် ကပ်ရောဂါကြောင့်ရော၊ အာဏာသိမ်းမှုကြောင့်ပါ ကြုံရတဲ့ နောက်ဆက်တွဲ စီးပွားရေး ယိုင်နဲ့မှု နှစ်ခုစလုံးကို ခါးစည်းခံနေရတယ်လို့ Bloombergက ဆိုပါတယ်။
ဖေဖော်ဝါရီ လဆန်းမှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အမေရိကန်မှာ ထားရှိတဲ့ မြန်မာ အစိုးရရဲ့ နိုင်ငံခြား ရန်ပုံငွေ ဒေါ်လာ တစ်ဘီလီယံလောက်ကို အမေရိကန် အစိုးရက ထုတ်မပေးဘဲ ထိန်းသိမ်းထားလိုက်ပါတယ်။ ဒါ့အပြင် ပြည်တွင်းကို နိုင်ငံခြားငွေ စီးဆင်းမှုတွေလည်း လျော့ကျသွားတဲ့အတွက် ဒေါ်လာကို စိုးရိမ်တကြီး ဝယ်ယူ စုဆောင်းမှုတွေ များပြားလာပါတယ်။
စစ်အစိုးရက ဘဏ်တွေကနေ ငွေသား ထုတ်ယူမှုတွေ ကန့်သတ်လိုက်စေတဲ့အခါ ပြည်သူလူထုက မြန်မာကျပ်ငွေအပေါ် အယုံအကြည် ပိုကင်းမဲ့လာပြီး အမေရိကန် ဒေါ်လာကို ပိုမို ဝယ်ယူ စုဆောင်းဖို့ ကြိုးစားလာပါတယ်။ ဗဟိုဘဏ်က ဒီအခြေအနေကို ထိန်းသိမ်းဖို့အတွက် စျေးကွက်ထဲ ဒေါ်လာတွေ ထုတ်ရောင်းပေးတာ အပါအဝင် နည်းလမ်းတချို့နဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၀၀ ဝန်းကျင် ပေါက်စျေး ရှိခဲ့ပေမယ့် နှစ်ကုန်ပိုင်းကျရင် တစ်ဒေါ်လာ ကျပ်ငွေ ၂၄၀၀ လောက်ထိ တန်ဖိုး ထပ်ကျလာနိုင်တယ်လို့ အာရှနိုင်ငံများ ငွေကြေးစျေးကွက် လေ့လာမှု ပညာရှင် ဂျေဆန်ယက်ခ်က ပြောပါတယ်။ တကယ်လို့ အခြေအနေကို မထိန်းနိုင်ရင် ၂၀၂၂ အကုန်မှာ တစ်ဒေါ်လာ ကျပ်ငွေ ၃၂၀၀ ပေါက်စျေးလောက်ထိ ရောက်သွားနိုင်ကြောင်း သူက သတိပေးခဲ့ပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းယူပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရကို ဖမ်းဆီးထားသလို စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကိုလည်း အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံကို ထိထိရောက်ရောက် အုပ်ချုပ်နိုင်စွမ်း ကင်းမဲ့နေသလို မတရား အာဏာသိမ်းမှုကို လက်နက်ကိုင် တုံ့ပြန်တဲ့ လှုပ်ရှားမှုတွေကလည်း နိုင်ငံအနှံ့ ပိုမို အားကောင်းလာနေပါတယ်။
ကပ်ရောဂါ ဂယက် တစ်ခုတည်းနဲ့တင် ပြည်တွင်း စီးပွားရေး အခြေအနေကို ထိန်းသိမ်းဖို့ ခက်နေခဲ့ရာမှာ အခုတော့ ပိုမို ဆိုးရွားလာနေခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ပြည်ပပို့ကုန် လုပ်ငန်းတွေဖြစ်တဲ့ အထည်ချုပ်၊ စိုက်ပျိုးရေး အစရှိတဲ့ ကဏ္ဍတွေပါ သိသိသာသာ အထိနာလာခဲ့ပါတယ်။
မြန်မာ့ စီးပွားရေး အကျပ်အတည်း ဘယ်အချိန်မှ ရပ်တန့်သွားမလဲ ဆိုတာကို ခန့်မှန်းဖို့ ခက်ခဲလွန်းတယ်လို့ ပြည်သူ့မူဝါဒရေးရာ လေ့လာသူ တစ်ဦးဖြစ်တဲ့ ဦးခိုင်ဝင်းက ဆိုပါတယ်။ ပြည်သူလူထု ရွေးကောက် တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရ တစ်ရပ်ကသာ မြန်မာအတွက် နိုင်ငံတကာ ကူညီ ထောက်ပံ့မှုတွေ ရရှိလာစေပြီး အကျပ်အတည်းတွေ ပြေလည်စေမှာ ဖြစ်ပေမယ့် ဒီလို အခြေအနေ ရောက်လာဖို့ ခက်ခဲလွန်းသွားပြီလို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကလည်း ရှေ့ဆက် ရင်းနှီးမြှုပ်နှံဖို့ စိုးရိမ် စိတ်ပူလာနေကြပြီ ဖြစ်ပါတယ်။ စစ်အစိုးရ လက်အောက်မှာ စီးပွားရေး မလုပ်လိုတဲ့ ကုမ္ပဏီကြီး တချို့ဟာ အခုဆိုရင် မြန်မာနိုင်ငံကနေ ပြန်ထွက်ခွာဖို့ ပြင်ဆင်နေပါပြီ။ ဒီအနေအထားတွေကလည်း ကျပ်ငွေရဲ့ ကံကြမ္မာကို ပုံဖော်ရာမှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာစေနိုင်ပါတယ်။
စစ်တပ်က အာဏာကို ဆက်ဆုပ်ကိုင်ထားသ၍တော့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ စီးဆင်းဝင်ရောက်လာဖို့ လမ်းမမြင်ဘူးလို့ ဦးခိုင်ဝင်းက ဆိုပါတယ်။ ဒီအခြေအနေက မြန်မာနိုင်ငံရဲ့ လက်ရှိ လူလတ်တန်းစားတွေကို ဆင်းရဲနွမ်းပါးမှု သတ်မှတ်လိုင်းအောက် ဆွဲချသွားလိမ့်မယ်လို့လည်း သူက သတိပေးသွားခဲ့ပါတယ်။