အကြမ်းဖက်စစ်ကောင်စီက အရပ်သားအသွင်ယူထိုးစစ်ဆင်မည့်သတင်းများရရှိထား၍ ပြည်သူများအနေဖြင့်စစ်ကိုင်းတိုင်း၊ ပုလဲ-မင်းတိုင်ပင်-ဂန့်ဂေါလမ်းပိုင်းနှင့် ဂန့်ဂေါ-ကလေး လမ်းပိုင်းအား ရက်သတ္တပတ်တစ်ပတ်ကြာ ဖြတ်သန်းသွားလာခြင်းလုံးဝမပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက သတိပေးချက်ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ တပ်များမှ အောက်တိုဘာကုန်ပိုင်းတွင် အထူးကွန်မန်ဒိုတပ်ဖွဲ့များဖြင့် အရပ်သား အသွင်ယူထိုးစစ်ဆင်မည်ဟု ခိုင်မာသည့် သတင်းရင်းမြစ်များ မှ သိရှိထားရသည့်အတွက် ပုလဲ-မင်းတိုင်ပင်-ဂန့်ဂေါလမ်းပိုင်းနှင့် ဂန့်ဂေါ-ကလေး လမ်းပိုင်းအား အောက်တိုဘာလ ၂၉ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ခရီးသည်တင် Express ကားများ၊ ကုန်တင်ယာဥ်များနှင့် ၎င်းလမ်းပိုင်းတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ယာဥ်ကြီး၊ ယာဥ်ငယ် နှင့် ဆိုင်ကယ်များ အသုံးပြုပြီး ဖြတ်သန်းသွားလာခြင်းလုံးဝ(လုံးဝ)မပြုလုပ်ကြပါရန် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကိုယ်စား Yaw Eagel အဖွဲ့မှ သတိပေးသည်။

ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်း ဖြတ်သန်းသွားလာသော မည်သည့်ယာဥ်မဆို ပစ်ခတ်ချေမှုန်းသွားမည် ဖြစ်ကြောင်းကိုလည်း ထပ်မံအသိပေးကြောင်း၊ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ထုတ်ပြန်ချက်များအား လေးစားလိုက်နာခြင်းမရှိဘဲ ဖြတ်သန်းသွားလာခဲ့ပါက အသက်အန္တရာယ်လုံခြုံရေးနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ကိစ္စရပ်များအား လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ပါကြောင်း Yaw Eagel အဖွဲ့က အသိပေးသည်။
ယနေ့(အောက်တိုဘာ ၂၈)နံနက်ပိုင်းတွင်လည်း အုံ့တုံးတောင်(စိုင်ဒူး) ဘက်သို့ အရပ်ဝတ်များဖြင့်ရုတ်တရက်ရောက်လာပြီး ရှောင်တခင် စစ်ဆင်ရေးပုံစံမျိုး လုပ် ဆောင်လာသည်ကိုလည်းတွေ့ရကြောင်း၊ပြည်သူများအနေဖြင့် ကျန်းမာရေး ကိစ္စနှင့် အခြားအရေးကြီး ကိစ္စများရှိပါက သက်ဆိုင်ရာ ဒေသပြည်သူ့ကာကွယ်ရေး အဖွဲ့များထံ သတင်းပေးပို့ပြီးမှသာ သွားလာကြပါရန် သတိပေးကြောင်း Yaw Eagel အဖွဲ့က ပြောသည်။

Public Service Announcement















































