ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် စံခရဘူရီမြို့နယ်ထဲမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ကို ထိုင်းလုံခြုံရေးအဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ဒါဟာတစ်ရက်တည်းမှာ အများဆုံးဖမ်းဆီးရမိတာဖြစ်တယ်လို့ ထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၉ ရက် မနက် ၁၀ အချိန်က ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီးက ထိုင်းနိုင်ငံ စံခရဘူရီမြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၉၃ ဦး စုစုပေါင်း ၂၁၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲ့ဒီမြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာနိုင်ငံ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်နဲ့ ကော့ကရိတ်မြို့နယ်က လာရောက်ကြသူတွေဖြစ်ကြပြီး သူတို့တွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်ဆာခွန်၊ စမွတ်ပကန်၊ ချွန်ဘူရီ၊ ရတ်ချ်ဘူရီ၊ ပရာကျင်ဘူရီနဲ့ ပကျွတ်ခရိုင်ထဲကို သွားရောက်မှာဖြစ်ကာ ခရီးစရိတ်အနေနဲ့ တစ်ဦးကို ဘတ် ၂၅၀၀၀ ကနေ ၂၆၀၀၀ အထိ ပေးဆောင်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၁၈ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့တွေက ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ပေးနေပြီး စံခရဘူရီမြို့နယ်ရဲစခန်းကို လွှဲပြောင်းပို့ဆောင်ပေးအပ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ထားတာပါ။

Public Service Announcement
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးအကြပ်အတည်းတွေဖြစ်ပေါ်နေပြီး အလုပ်အကိုင်ရှားပါးမှုတွေဖြစ်ပေါ်နေတာကြောင့် အလုပ်အကိုင်ရရှိဖို့အတွက် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်ပြီး အလုပ်ရရှိဖို့အတွက် ထိုင်းကိုလာရောက်ကြတာဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားအရေး အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကတော့ အခုလိုကာလမျိုးမှာ ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတာတွေမလုပ်ဖို့ ပြောဆိုအသိပေးတိုက်တွန်းထားပေမယ့် ရွှေ့ပြောင်းလုပ်သားတွေရဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုက နေ့စဉ်လိုလိုရှိနေဆဲဖြစ်ပြီး ဖမ်းဆီးရမိတာတွေလည်း ရှိနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ အခုနှစ် အောက်တိုဘာလအထိ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၃၀၀၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲ့ဒီဖမ်းဆီးရမိတဲ့သူတွေထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။






















































