စစ်ကိုင်းတိုင်း ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် ယမန်နေ့ညပိုင်းနှင့် ယနေ့(ဒီဇင်ဘာ၈ရက်)နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ကားများအား လေးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း PDF အဖွဲ့များက သတင်းထုတ်ပြန်သည်။
ယမန်နေ့ နိ(ဝင်ဘာလ ၇ ရက်)ညပိုင်းက ရွှေဘို-မန္တလေးလမ်းမကြီးပေါ်သို့ဖြတ်သန်းနေသော အကြမ်းဖက် စစ်ကောင်စီ၏ Express ကားတစ်စီးကို ည ၈နာရီ ၄၅မိနစ်တွင် ရွာသာကြီးနှင့် လှတောကြား၌ M18 Claymore မိုင်းနှစ် လုံးဖြင့်တစ်ကြိမ်၊ ထို့နောက် မိနစ် ၂၀ခန့်အကြာ အဆိုပါ ရွာသားကြီးနှင့် လှတောကြားမှာပင်18 Claymore မိုင်း နှစ်လုံးဖြင့်ထပ်မံပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖောင်းဒိုင်းအဖွဲ့က အသိပေးသည်။
ယနေ့(ဒီဇင်ဘာလ ၈ ရက်) နံနက် ၃နာရီ၁၃မိနစ်ကလည်း စစ်ကောင်စီတပ်သား များလိုက်ပါလာသော Express ကားကို M18 Claymore မိုင်းနှစ်လုံးဖြင့် ဆားတောင်နှင့် ရွာသာကြီးကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကိုင်း- ရွှေဘိုလမ်းမကြီးတွင် စုစုပေါင်းသုံးကြိမ် မိုင်း ခြောက်လုံးဖြင့်တိုက်ခိုက်ခဲ့ပြီး ညအချိန်ဖြစ်သောကြောင့် အထိအခိုက်နှင့် ကျဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း ဖောင်းဒိုင်းအဖွဲ့က အသိပေးထားသည်။
အလားတူ ဝက်လက်မြို့နယ်အတွင်းရှိ ဘုရားပြန်ရွာ၏တောင်ဘက်တွင် ယနေ့နံနက် ၃နာရီ ၁၅မိနစ်ခန့်ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာနှင့်တပ်သားများတင်ဆောင်လာသော ၁၂ဘီးကား နှစ်စီး၊ ခြောက်ဘီးကား တစ်စီးပါ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း၊ စစ်ကား သုံးစီးလုံးမိုင်းထိခဲ့ပြီး တပ်သားများ သေဆုံးထိခိုက်မှုများ ရှိနိုင်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအား စစ်ကိုင်းခရိုင်တပ်ရင်း(၁) ဗိုလ်ယက္ခအဖွဲ့မှ ဗိုလ်ဇာတ်လိုက်တပ်စုနှင့် ဝက်လက်မြို့နယ် ပရိုလိုက်အဖွဲ့တို့ အတူပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

Public Service Announcement
တိုက်ခိုက်ခံရသည့် စစ်ကောင်စီကားများ ရပ်တန့်သွားခဲ့ပြီး ပြောက်ကျားနည်းဖြင့်တိုက်ခိုက်ခံရ၍ ပြန်လည်တုန့်ပြန်တိုက်ခိုက်နိုင်ခြင်းမရှိကြောင်း၊ ပျက်စီးခဲ့သည့် ခြောက်ဘီးကားမှာ တစ်စီးကိုယနေ့ နံနက် ၈နာရီအချိန်ထိ လာရောက်ယူဆောင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၄ ရက်မွန်းလွဲ၂ နာရီ မိနစ်၄၀ဝန်းကျင်ကလည်း ဝက်လက်မြို့နယ်ရှိ မ်းမကားလမ်းဆုံအနီး ကင်းလှည့်လာသော စစ်အုပ်စုကားကို ဖောင်းဒိုင်းအဖွဲ့က M18 Claymore မိုင်းသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ စခန်းမှူးတစ်ဦးနှင့် တပ်သား ထိခိုက်ဒဏ်ရာပြင်းထန်ပြီး ကားနောက်ခြမ်း ပျက်စီးသွားခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကွယ်ရေးတပ်ဖွဲ့အသီးသီးသည် အုပ်ချုပ်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို မြို့နယ်ပ−အ−ဖ အဖွဲ့များ၏ တာဝန်ဟုမှတ်ယူပြီး မြို့နယ်ပ−အ−ဖ အဖွဲ့များအား ကူညီဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ကြောင်း၊ ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ကြရာတွင် နယ်မြေရှုပ်ထွေးမှုများ မဖြစ် ပေါ်စေရေးအတွက် ခရိုင်တာဝန်ခံ၊ မြို့နယ်တာဝန်ခံများ နှင့် ချိတ်ဆက်ဆောင်ရွက်ကြပါရန်နှင့် လုံခြုံရေး အတွင်းစည်း၊ အပြင်စည်း (ကင်းတို၊ ကင်းရှည်)များ ထားရှိဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှိုးဆော်အသိပေးထားသည်။
ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးတပ်သားများအနေဖြင့် ပြည်သူနှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိခြင်း၊ အချင်းချင်း ညီညွတ်စွာ ချိတ်ဆက် ဆောင်ရွက်ကြခြင်း၊ တပ်ပေါင်းစုစိတ်ဓာတ်မွေးမြူ၍ လက်တွဲ ဆောင်ရွက်ကြခြင်းဖြင့် တော်လှန်ရေးခရီးပြီးဆုံးသည်အထိ မမှိတ်မသုန် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။


















































