ဖာပွန်ခရိုင်ထဲမှာ တိုက်ပွဲကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေဟာ အခုဆောင်တွင်းကာလ ရာသီဥတုအအေးဒဏ်ကြောင့် အခက်အကြုံနေရပြီး အနွေးထည်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အထူးလိုအပ်နေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဦးရေဟာ ၈၂၀၀၀ ကျော်ရှိနေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

အခု လက်ရှိကာလမှာ ဆောင်းတွင်းရောက်ပြီဖြစ်လို့ စစ်ရှောင်သက်ကြီးရွယ်အို၊ ကလေးနဲ့ အမျိုးသမီးကိုယ်ဝန်ဆောင် တွေအတွက် အခက်အခဲဆုံးအခြေအနေဖြစ်ပြီး အနွေးထည်၊ ဆေးဝါး၊ အစားအသောက်ရိက္ခာအပြင် စစ်ရှောင်တွေအတွက် လုံခြုံမှုဖြစ်စေနိုင်မယ့် အကာအကွယ်ပစ္စည်းတွေ လိုအပ်နေတယ်လို့ KPSN ပြောခွင့်ရသူ စောလေးကပေါ်က ဆိုပါတယ်။
“လက်ရှိ ရှိနေတဲ့အခြေအနေကတော့ အမိုးအကာမလုံလောက်တဲ့ အခြေအနေပေါ့နော်။ အခုဆောင်းဝင်လာပြီဆိုတော့ အအေးက တော်တော်ပြင်းတယ်လေ။ တော်တော်အေးနေပြီဆိုတော့ အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် နောက် အမျိုးသမီးကိုယ်ဝန်ဆောင်တွေအတွက်ကတော့အခက်အခဲဆုံး အခြေအနေတော့ပြောရမယ်ခင်ဗျ။ ဘာလို့လည်းဆို သူတို့က အိမ်မှာနေရတာမဟုတ်ဘူး တောထဲမှာနေရတာဆိုတော့လေ။ မလုံလောက်မှုတွေက အများကြီးရှိပါတယ်” လို့ KPSN ပြောခွင့်ရသူ စောလေးကပေါ်က ဆိုပါတယ်။

Public Service Announcement

လက်ရှိမှာ တောတောင်ထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးမလုံလောက်မှုပြသနာ ရင်ဆိုင်ကြုံတွေ့နေရပြီး ဆေးရုံဆေးပေးခန်းကိုလည်း သွားလာမှုမလွယ်ကူတာ၊ လက်လှမ်းမမှီတာတွေကြောင့် စစ်ရှောင်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းဆိုင်ရာ အခြေအနေမှာ စိုးရိမ်တယ်လို့ KPSN က စောလေးကပေါ်က ဆိုထားပါသေးတယ်။
“ဆေးဝါးမလုံလောက်မှုပြသနာနဲ့ ဆေးရုံဆေးပေးခန်းတွေနဲ့ လွယ်လွယ်ကူကူ မရရှိနိုင်တဲ့ပြသနာတော့ အဓိကဖြစ်လိမ့်မယ်။ အဲ့ဒါ အခက်အခဲ အဲ့ဒါတွေလည်း ကြုံလာလိမ့်မယ်။ ပြင်းထန်တဲ့ရောဂါဖြစ်မယ်ဆိုရင်တောင်မှ ဘယ်ကိုသွားရမလဲဆိုတော့ ဥပမာ နယ်စပ်မှာဆိုလည်း ကူးလို့မရဘူး။ ဆေးရုံဆေးပေးခန်းသွားဖို့လည်း အင်မတန်မလွယ်တဲ့ အခြေအနေဆိုတော့စိုးရိမ်စရာတော့ အများကြီးရှိတယ်ခင်ဗျ” လို့ စောလေးကပေါ်က ဆိုပါတယ်။
လက်ရှိ ဖာပွန်ခရိုင်အတွင်းမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ တောတောင်ထဲကို ထွက်ပြေးပုန်းရှောင်နေရဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေကြောင့် နေရပ်ကို မပြန်လာရဲကြသေးဘူးလို့ သိရပါတယ်။


















































