လှိုင်သာယာမြို့နယ်ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့(CGF – HTY)မှ တပ်ခွဲခေါင်းဆောင်အပါအဝင် ၉ ဦးဖမ်းဆီးခံခဲ့ရကြောင်း ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။
လှိုင်သာယာမြို့နယ် (၁၂) ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် CGF – HTY အဖွဲ့ဝင်အချို့မှ တိုက်ခိုက်ရေးပစ္စည်းများစမ်းသပ်စဥ် ပေါက်ကွဲမှဖြစ်ပွားခဲ့ရာ တပ်ဖွဲ့ဝင်တော်လှရေးရဲဘော်နှစ်ဦး စတင်အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ဖြစ်စဉ်ကတော့ အဲလိုပါပဲ။ အသေးစိတ်ကတော့ ကျွန်တော်တို့ နောက်မှ ထုတ်ပြန်မှာပါ”ဟု CGF – HTY မှ တာဝန်ရှိသူက ပြောသည်။
အထက်ပါ ပေါက်ကွဲမှုဖြစ်စဥ်အတွင်း ဖမ်းဆီးခံရသော ရဲဘော်နှစ်ဦးနှင့် ဆက်စပ်ပြီး လှိုင်သာယာ (၁၄)ရပ်ကွက်ရှိ CGF – HTY အဖွဲ့ ခိုလှုံရာအိမ်တစ်လုံး ထပ်မံဝင်အစီးခံရသည့်အပြင် တပ်ခွဲခေါင်းဆောင်အချို့ပါ ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
ခိုလှိုအိမ်များကို ဝင်ရောက်စီးနင်းခံရသည့်နောက် လှိုင်သာယာမြို့ ကျန်စစ်သားလမ်းမကြီး မူကြိုလမ်းဆုံတွင် အရပ်ဘက်သုံးယာဥ်နှစ်စီးဖြင့် စစ်ကောင်စီတပ်များက CGF – HTY တပ်ဖွဲ့ဝင်နှစ်ဦးစီးနင်းလာသည့်ဆိုင်ကယ်ကို ကားဖြင့်တိုက်ပြီး ထပ်မံ ဖမ်းဆီးသွားခဲ့သည်။
“ရဲဘော် နှစ်ယောက်ကို ကားနဲ့ တိုက်ဖမ်းတယ်ဗျ။ အဲထဲက တစ်ယောက်က စိုးရိမ်ရတဲ့ အနေထားမှာရှိပါတယ်” ဟု CGF – HTYမှ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရမှုများ၊ အသက် အသက်ဘေးနှင့်ကြုံရမှုများရှိခဲ့သော်လည်းCGF – HTY ၏ ရဲဘော်အချို့နှင့် ဦးဆောင်သူမှာ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ကြောင်း ၎င်းတို့က အသိပေးထားသည်။
ထို့အပြင် ထိခိုက်ဆုံးရှုံးမှုနှင့် ပေးဆပ်ရမှုများ မည်သို့ပင်ရှိပါစေ CGF HTY အနေဖြင့် အမြန်ဆုံးပြန်လည်နိုးထပြီး စစ်အာဏာရှင်အား ဆက်လက်တိုက်ခိုက်သွားမည်ဟု ၎င်းတို့ကအသိပေး ကြေညာသည်။
အလားတူ CGF – HTY ၏မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သော Yangon Federal Army – YFA ကလည်း CGF – HTY နှင့်ပူးပေါင်း၍ မဟူရာစစ်ဆင်ရေးအား ဆက်လက်အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။
လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့(CGF – HTY)၏တပ်ဖွဲ့ဝင်များနှင့် တပ်ခွဲခေါင်းဆောင်များသည် ဒီဇင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။
