ဒေသတွင်း ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်အတွင်းကျေးရွာငါးရွာမှပျူစောထီးအဖွဲ့ဝင်များ အခြားကျေးရွာ၊ မြို့နယ်များသို့ ကျူးကျော်ဝင်ရောက်လာပါက ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ကာ ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း ငါး မြို့နယ် မဟာမိတ်တပ်ပေါင်းစုက သတိပေးလိုက်သည်။

အရာတော်မြို့နယ်နှင့် နယ်နိမိတ်ချင်းထိဆက်နေသောဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်များအတွင်းရှိ ကျေးရွာပြည်သူလူထု စိတ်ချမ်းသာစွာနေထိုင်မှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့်အရာတော်မြို့နယ်၊သလဲဘာကျေးရွာ၊ ငွေတွင်းကျေးရွာ၊ စပါးတွင်းကျေးရွာ၊ ဆိပ်ဖူးကြီးကျေးရွာ၊ ဆင်တလည်ကျေးရွာများတွင် ပျူစောထီးဟုခေါ်သော စစ်ကျွန်များကို မွေးမြူ၍ ပြည်သူလူထုအား ဒုက္ခပေးလျက်ရှိသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့က သလဲဘာကျေးရွာမှ စစ်တပ်နှင့် ပျူစောထီးများ စုစုပေါင်းအင်အား ၇၀ ကျော်သည် ကဲဘာကျေးရွာရှိ အေးချမ်းစွာနေထိုင်နေသော ပြည်သူလူထု၏ နေအိမ် ၈၀ခန့်ကို ဥပဒေမဲ့မတရားသဖြင့် မီးရှို့ဖျက်ဆီးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းအပြင် ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာမှ အပြစ်မဲ့ပြည်သူ့နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်များသည်နယ်နိမိတ်ချင်းထိဆက်နေပြီး အကြမ်းဖက်စစ်ကောင်စီအား နည်းအမျိုးမျိုးဖြင့် ခုခံတော်လှန်နေကြသည်။

Public Service Announcement
ထို့ကြောင့် စစ်အာဏာရှင်အလိုကျ စစ်ကျွန်ခံပြီး ပျူစောထီးများမွေးမြူခြင်း၊ သင်တန်းပေးခြင်းများကိုပြုလုပ်ပြီးနယ်နိမိတ်ချင်းထိဆက်နေသော ကျေးရွာမှပြည်သူလူထုကို ဒုက္ခမျိုးစုံပေးနေသော အထက်ပါကျေးရွာ ၅ ရွာမှ စကစလက်အောက်ခံ စစ်ကျွန်များကို ၎င်းတို့ကျေးရွာမှအခြားကျေးရွာမြို့နယ်များကို ကျူးကျော်ဝင်ရောက်လာပါက ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ကာထိရောက်စွာအပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း ၅ မြို့နယ်မဟာမိတ်တပ်ပေါင်းစုကသတိပေးကြေညာသည်။


















































