ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ် ဒေသသို့ စစ်ကောင်စီတပ်က ယမန်နေ့ညတွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိကြောင်း အဆိုပါဒေသရှိ PDF စခန်းတာဝန်ခံတစ်ဦးက ပြောသည်။
KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးကလည်းလေကြောင်း တိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရသော်လည်း သေဆုံးထိခိုက်မှုမကြားရဟု ပြောသည်။

“တကယ်ထိရင်တော့ ကြားရမှာပေါ့။နယ်စပ်မှာ တိမ်း ရှောင်နေတဲ့လူထုတွေတော့ လေယာဉ်လာပစ်တဲ့အချိန်ထိုင်းဘက်ကို ညဘက်ကူးလာတဲ့သူတွေတော့ရှိတယ်” ဟု ၎င်းက ဆိုသည်။
PDF စခန်းတာဝန်ခံတစ်ဦးကလည်း “မင်းလက်ပံက ပြည်သူအချို့တော့ အနည်းငယ်ထိခိုက်တယ် လို့တော့ ကြားရတယ်။ ဒါပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ ပထမဆုံးက လေကြောင်းက အရင်ကြဲတယ်။ ကြဲပြီးမှ နောက်တစ်ခါ လက်နက်ကြီးနဲ့ ထပ်ထုတာ” ဟု ပြောသည်။

Public Service Announcement
ယနေ့တွင်လည်း လေးကေ့ကော်ဒေသသို့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းဝင်ရောက် လာနေသည်ဟု ကြားရ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၄ရက်တွင် လေးကေ့ကော်ဒေသသို့ ဝင်ရောက်စီးနင်းပြီး ယင်းဒေသ၌ ခိုလှုံနေသူများကို ဖမ်းဆီးခဲ့၍ ဒီဇင်ဘာ ၁၅ရက်မှ တိုက်ပွဲများစတင်ခဲ့သည်။ စစ်ကောင်စီတပ်ကို KNU/PDF ပူးပေါင်း၍ ခုခံတိုက်ခိုက်လျက်ရှိသည်။


















































