အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ငွေတိုက်စာချုပ်များကို ငွေပေးချေ နည်းလမ်းလေးခုဖြင့် ရောင်းချပေးမည်ဟု Kachin Political Interim Coordination Team-KPICTယနေ့ ထုတ်ပြန်လိုက်သည်။
မြန်မာ့မြေပေါ်မှ အကြမ်းဖက်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းပျောက်ကွယ်ရန်ကြိုးပန်းရာတွင် ရပ်တည်ချက်တူညီသည့် NUG၏ လုပ်ငန်းစဉ်များကို ပါဝင်ကူညီသောအားဖြင့် ကချင်ဒေသအတွင်း ငွေတိုက်စာချုပ်များကို တာဝန်ယူရောင်းချရခြင်းဖြစ်သည်ဟု KPICTက ထုတ် ပြန်သည်။
ငွေတိုက်စာချုပ်များဝယ်ယူရာတွင် ငွေပေးချေမူ စနစ်လေးမျိုးရှိနိုင်ပြီး ၎င်းတို့တွင် KIOဘဏ်များတွင်ပေးချေနိုင်ခြင်း၊ KPICT၏ ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ်များ တစ်ဆင့် ပေးချေနိုင်ခြင်း၊ KPICT ရုံးကို တိုက်ရိုက်ဆက်သွယ်ပေးချေဝယ်ယူနိုင်ခြင်းနှင့် ပြည်ပရှိ KPICT၏ ဘဏ်အကောင့်များကို တိုက်ရိုက်ပေးချေနိုင်ခြင်းစသည့်တို့ဖြစ်သည်ဟု ဆိုသည်။
ငွေပေးချေမူလက်ခံပြီးပါက တစ်လအတွင်းငွေတိုက်စာချုပ်များကို ပြန်လည်ပေးပို့ပေးမည်ဟုဖော်ပြထားသည်။ ၎င်းစာချုပ်သည် ငွေပြန်လည်ထုတ်ပေးရန်အတွက် တစ်ခုတည်းသော သက်သေအထောက်အထားဖြစ်၍ သေချာစွာ သိမ်းဆည်းထားရန်လိုအပ်သည်ဟု KPICTက ဆိုထားသည်။

Public Service Announcement
နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံပြည်တွင်း၌ ကေအိုင်အို (KIO) ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်စနစ်များအတိုင်းရောင်းချသွားမည်ဟု NUGက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ရောင်းချနိုင်ရန် KPICT (Kachin Political Interim Coordination Team) မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု NUGက ထုတ်ပြန်ထားသည်။ ကချင်အမျိုးသားများကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ ညှိနှိုင်းဆောင်ရွက် ရန်အတွက် Kachin Political Interim Coordination Team (KPICT)ကို မတ်လ ၁၅ ရက်တွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
NUGက နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ် ဒေါ်လာ တစ်ဘီလီယံဖိုးထုတ်ရောင်းရန်စီစဥ်ထားပြီး ပထမအသုတ်အနေဖြင့် ဒေါ်လာ သန်း၂၀၀ဖိုးစတင်ရောင်းခဲ့သည်။ သို့သော် နိုဝင်ဘာ ၂၂ ရက်မှာ NUGက ငွေတိုက်စာချုပ်တွေစတင်ရောင်းချခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ငွေလွဲကိစ္စရပ်များကြောင့် တစ်ပတ်ကြာရပ်ဆိုင်းကြောင်းကြေငြာခဲ့သည်။ထို့အပြင် ငွေတိုက်စာချုပ်ဝယ်ယူသူများအနက် နိုင်ငံတကာက အမည်ပျက်စာရင်းသွင်းသည့် အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် နာမည်တူများက NUG၏ ဘဏ်စာရင်းကို ငွေလွှဲပြောင်းပေးပို့နေ၍ ဘဏ်နှင့် ညှိနှိုင်းဖြေရှင်းလိုသောကြောင့် ငွေတိုက်စာချုပ်ရောင်းချမူများကို ဆက်လက်ရပ်ဆိုင်းထားမည်ဟု NUGက ဒီဇင်ဘာ ၆ ရက်တွင် ထပ်မံကြေညာခဲ့ပြီး ဒီဇင်ဘာလကုန်အထိရပ်နားခဲ့ရခြင်းဖြစ်သည်။
ငွေတိုက်စာချုပ်များကို ဒေါ်လာ ၁၀၀၊၅၀၀၊၁,၀၀၀ နှင့် ၅,၀၀၀ တန်ဟူ၍ ထုတ်ရောင်းခဲ့ပြီး တပတ်အတွင်း ဒေါ်လာ ၁၅သန်းဖိုးရောင်းချနိုင်ခဲ့သည်ဟု NUGကထုတ်ပြန်ထားထားသည်။


















































