NUGကရောင်းချထားသည့် ငွေတိုက်စာချုပ်များသည် သက်တမ်းစေ့တော့မည်ဖြစ်၍ ပြန်လည်ရွေးနှုတ်၍ငွေသားယူခြင်း သို့မဟုတ် သက်တမ်းတိုးခြင်း ပြုလုပ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာသည်။
စစ်ကောင်စီတပ်ကိုတော်လှန်ရန် ငွေတိုက်စာချုပ်များကို ၂၀၂၁ နိုဝင်ဘာ ၂၂ ရက်တွင် စတင်ရောင်းချခဲ့ပြီး ၂၀၂၃ ဒီဇင်ဘာ ၁ ရက်မှစတင်ပြီး စာချုပ်သက်တမ်းများမှာ ၂ နှစ်ပြည့်တော့မည်ဖြစ်သည်။
ထိုကြောင့်စာချုပ်ပါရက်စွဲနှင့်တိုက်ဆိုင်စစ်ဆေးပြီးငွေတိုက်စာချုပ်များကို ပြန်လည်ရွေးနှုတ်၍ ငွေသားထုတ်ယူပါကခွင့်ပြုသွားမည်ဟုသိရသည်။ သို့သော် သက်တမ်းစေ့သော်လည်း ငွေသားပြန်လည်ရွေးနှုတ်ရန် အစီအစဉ်မရှိပါက စာချုပ်များကို သက်တမ်းတိုးခြင်း နှင့် NUGက ရောင်းချနေသည့် မြေကွက်၊တိုက်ခန်းနှင့်ရှယ်ယာပိုင်ဆိုင်မှုများအဖြစ် ပြောင်းလဲခြင်း နည်းလမ်းနှစ်ခုထဲမှ ကြိုက်နှစ်သက်ရာရွေးချယ်ပြုလုပ်နိုင်ကြောင်းလည်း အသိပေးသည်။
“ဝယ်ကတည်းက စစ်အာဏာရှင် စနစ်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး နိုင်သလောက်ဝယ်ခဲ့တာ။ ပြန်ယူဖို့ ၊အကျိုးအမြတ်ရဖို့ လုံးလုံးမျှော်လင့်မထားဘူး။NUG ကငွေသားပြန်ထုတ်ချင်ရင်တောင် ထုတ်ပေးမယ်ဆိုတာ သူတို့ကတိတည်ကြည်ခိုင်မာမှု ၊ဘဏ္ဍာရေးစနစ်အားကောင်းလာတာကို ပြသတာလို့ခံစားမိတယ်။ ငွေပြန်မထုတ်ပါဘူး ။ တော်လှန်ရေးအောင်တဲ့အထိ့ ဒီစာချုပ်တွေကို ဂုဏ်ယူစွာနဲ့သိမ်းထားမယ်”ဟု ငွေတိုက်စာချုပ်များဝယ်ယူထားသူတစ်ဦးကပြောသည်။
အခြားငွေတိုက်စာချုပ်ဝယ်ယူထားသူတစ်ဦးကလည်း“တော်လှန်ရေးအတွက် ရင်းနှီးမြှပ်နှံထားတာမို့ တော်လှန်ရေးမပြီးသေးဘဲ။ ငွေပြန်ယူတာမသင့်သေးဘူးလို့ထင်ပါတယ်”ဟု မှတ်ချက်ပေးသည်။ ၎င်းအနေဖြင့်လည်း ငွေပြန်ယူမည်မဟုတ်ဟုပြောသည်။

Public Service Announcement
ယနေ့မြင်တွေ့နေရသော နွေဦးတော်လှန်ရေး အောင်မြင်မှုများရယူရာတွင် ငွေတိုက်စာချုပ်ဝယ်ယူခဲ့သော ဘဏ္ဍာငွေများသည် အဓိကကျသည့် ခွန်အားတစ်ရပ် အဖြစ်အထောက်အပံ့ဖြစ်နေကြောင်းလည်း NUG ကဖော်ပြထားသည်။
အတိုးမဲ့ငွေတိုက်စာချုပ်များကို ဝယ်ယူရင်းနှီးမြှပ်နှံထားသည့် ပြည်သူ့တစ်ယောက်ချင်းစီတိုင်းကို NUGက ဦးညွှတ်ဂုဏ်ပြုရင်း တော်လှန်ရေး အောင်မြင်သည်အထိ ထောက်ကူအားဖြည့်ပေးကြရန်လည်း တိုက်တွန်းထားသည်။
နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ်များကို ၂၀၂၁ နိုဝင်ဘာ ၂၂ ရက်ကစတင်ရောင်းချရာ တစ်ပတ်အတွင် ဒေါ်လာ ၁၅ သန်းဖိုးရောင်းခဲ့ရသည်။ လက်ရှိအချိန်ထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ငွေတိုက်စာချုပ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃၈သန်းရရှိထားသည်။
