မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ဇန်နဝါရီ ၄ရက်က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေ၊ ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။
KNU တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် အင်ဂဘိုကျေးရွာအနီးတွင် ဇန်နဝါရီ ၄ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေ၊ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။ ယင်းနေ့ မွန်းလွဲပိုင်း ကလည်း ကျိုက်ထိုမြို့နယ် ကျူးကျော်ကျေးရွာနှင့် သရက်ကုန်းရွာကြားတွင် စစ်ကောင်စီ ယာဉ်တန်းကို KNU ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ကား ၂စီး ပျက်စီးခဲ့သည်ဟုဆိုသည်။
အာဏာသိမ်း စစ်ကောင်စီဖက်မှ လူနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၃၀အရွယ် ကျူးချောင်ရွာသူ တစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း၊ လူနာအခြေအနေမှာ စိုးရိမ်ရကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် နေအိမ်အချို့ ထိမှန် ပျက်စီးခဲ့သည်ဟုဆိုသည်။


















































