နိုဝင်ဘာ-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ(၁)၊ တပ်ရင်း(၃)ရဲ့ တပ်စခန်း ၁ခု လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။
ကျိုက်ထိုမြို့နယ်အတွင်း KNU တပ်မဟာ(၁) စခန်း ၁ခုကို နိုဝင်ဘာ ၇ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ဖော်ပြထားရာ KNU သတင်းရင်းမြစ်က စခန်းရွှေ့ပြောင်းခဲ့ရကြောင်း ပြောပြပါတယ်။
“သူတို့ စခန်းနားမှာလာတော့ ရှောင်တဲ့သဘောပေါ့။ အဲဒီနေရာက အထိုင်မှ မဟုတ်တာ။ စစ်သားဆိုတော့ သိတဲ့အတိုင်းပေါ့ ဟိုရွှေ့လိုက် ဒီရွှေ့လိုက်ပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ စက်တင်ဘာနဲ့ အောက်တိုဘာအတွင်းမှာ ကျိုက်ထိုမြို့နယ်အတွင်း ကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး အခုနိုဝင်ဘာလဆန်းမှာ မြေပြင်ကနေ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။
ကရင်သတင်းရင်းမြစ်အချို့ကလည်း ဆုတ်ခွာပေးခဲ့ရတဲ့ တပ်စခန်းမှာ KNLA ရဲဘော် အနည်းငယ်သာ ရှိတာဖြစ်တယ်လို့ အသိပေးပါတယ်။ စစ်တပ်က လေကြောင်းပစ်ကူပေးပြီး အင်အားရာချီ စစ်ကြောင်းထိုးလာလို့ ခုခံတိုက်ခိုက်ခဲ့ပေမဲ့ တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိစေရေးအတွက် အရာရှိက ဆုတ်ခွာခိုင်းလိုက်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒီလိုဆုတ်ခွာခဲ့ရပေမဲ့ KNLA ဘက်က ပြောက်ကျားတိုက်ခိုက်မှုတွေ အဲဒီဒေသမှာ ဆက်ရှိနေမှာဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။




















































