Connect with us

Hi, what are you looking for?

News

မြို့လူထု ထက်ဝက်နီးပါး စွန့်ခွာသွားတဲ့ လွိုင်ကော်

ကနဦးပိုင်းကတော့ ပြည်နယ်ရဲ့ ဒေသအချို့မှာ တိုက်ပွဲတွေဖြစ်နေပေမယ့် မြို့တော်လွိုင်ကော်ကို သက်ရောက်မှု မရှိသေးတာကြောင့် စစ်ဘေးလာရောက်ခိုလှုံကြသူတွေတောင်ရှိခဲ့ကြပါတယ်။

အေးချမ်းသာယာတဲ့ လွိုင်ကော်မြို့ကို ဒေသခံတွေဟာ စွန့်ခွာနေရပါပြီ ။မြို့ပေါ် တိုက်ပွဲတွေ စတင်တဲ့အချိန်ကစပြီး ဒေသခံတွေဟာ မြို့ကို စွန့်ခွာမှု စတင်ခဲ့တာပါ။

ကနဦးပိုင်းကတော့ ပြည်နယ်ရဲ့ ဒေသအချို့မှာ တိုက်ပွဲတွေဖြစ်နေပေမယ့် မြို့တော်လွိုင်ကော်ကို သက်ရောက်မှု မရှိသေးတာကြောင့် စစ်ဘေးလာရောက်ခိုလှုံကြသူတွေတောင်ရှိခဲ့ကြပါတယ်။

အခုတော့ လွိုင်ကော်ကို လာရောက် ခိုလှုံခဲ့ကြသူတွေရော ၊ လွိုင်ကော်ဒေသခံတွေပါ လွိုင်ကော်ကို တသုတ်ပြီး တသုတ် စွန်ခွာနေရတဲ့အခြေအနေကို ရောက်လာတာပါ။

◉ လွိုင်ကော်မြို့ ပေါ် တိုက်ပွဲအစ

Public Service Announcement

Public Service Announcement

လွိုင်ကော်မှာ တိုက်ပွဲတွေဖြစ်ဖို့ စစ်ကောင်စီဘက်ကတာဆူနေတာကြာပါပြီ။ စစ်ကောင်စီဟာ လွိုင်ကော်ကို ဖြတ်ပြီး ဒီမော့ဆို၊ ဖရူဆိုနဲ့ဘော်လခဲကို စစ်ကူနဲ့ ရိက္ခာပို့ဖို့ ကြိုးပမ်းနေတာပါ။

ဒါပေမယ့် ဒေသကာကွယ်ရေးတပ်တွေက ဒီလမ်းကြောင်းကိုပိတ်ဆို့ထားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဒေသကာကွယ်ရေးတပ်တွေဟာ ဒီဇင်ဘာလ ၁ ရက်စပြီး လွိုင်ကော် − ဒီမော့ဆို ၊ဘော်လခဲလမ်းပိုင်းကို စစ်ရေးအခြေအနေအရ ရက်အကန့်မသတ်မရှိပိတ်ထားမယ်လို့ကြေညာထားခဲ့ပါတယ်။

ဒါကြောင့် ဒီလမ်းကြောင်းပွင့်ဖို့ စစ်ကောင်စီဟာ အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပါတယ်။

လွိုင်ကော်တိုက်ပွဲကတော့ ဇန်နဝါရီလ ၆ ရက်မှာစတင်ပြီး လွိုင်ကော်မြို့ပေါ် က လူနေရပ်ကွက်တွေဖြစ်တဲ့ မိုင်းလုံး၊ ပန်ကန်း၊ ရွာတန်းရှည် ဘက်တွေမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။

မြေပြင်တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်တွေကို မယှဉ်သာတဲ့စစ်ကောင်စီဟာ လူနေရပ်ကွက်တွေကို လက်နက်ကြီးနဲ့ပစ်တာရှိသလို တိုက်လေယောဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကိုလည်း သုံးခဲ့တာတွေ့ရပါတယ်။

တိုက်ပွဲ ဟာ ဇန်နဝါရီလ ၆ ရက်၊ ၇ ရက်နဲ့ ၈ ရက်တွေမှာဆက်တိုက်ပြင်းထန်ခဲ့ပြီး ဇန်နဝါရီလ ၉ ရက်နဲ့ ဒီကနေ့ မှာတော့ ပြန်ငြိမ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◉ ရှမ်းပြည်နယ်တောင်ပိုင်းဆီ ခိုလှုံရတဲ့ လွိုင်ကော် စစ်ဘေးရှောင်

လွိုင်ကော်မြို့မှာ နေထိုင်တဲ့လူဦးရေဟာ NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးရဲ့ စာရင်းအရ လူဦးရေတစ်သိန်းကျော် ရှိနေပါတယ်။

ဒါပေမယ့် တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေမှာပိတ်မိနေတဲ့အချို့က လွဲရင် ဒီလူဦးရဲ့ထက်ဝက်နီးပါးလောက်ဟာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေက ပြောပါတယ်။

” အခုလောလောဆယ်ဆယ် မြို့ရဲ့ တဝက်ကျော်လောက်က အကုန်လုံးရှောင်နေပြီ “လို့ လွိုင်ကော်မြို့က အမည်မဖော်လိုတဲ့ ပရဟိတအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သူတို့ ပရဟိတ အသင်းတစ်ခုတည်းကတင် တခြားမြို့တွေဆီ ကူညီသယ်ဆောင်ပေးခဲ့ရတဲ့ စစ်ဘေးရှောင်ဦးရေဟာ ဇန်နဝါရီလ ၈ ရက်စပြီး ဒီနေ့အထိ ၃ ရက်တာအတွင်း နှစ်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။

လွိုင်ကော်က စစ်ဘေးရှောင်အများစုဟာ ကယားပြည်နယ် နဲ့ထိစပ်နေတဲ့ရှမ်းပြည်နယ်တောင်ပိုင်းဆီ သွားရောက်ခိုလှုံကြတာပါ။

တောင်ကြီး၊ အောင်ပန်း၊ ညောင်ရွှေ၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ်တွေဆီ ပို့ပေးရပြီး အဲဒီမြို့နယ်တွေက ဘုန်းကြီးကျောင်းတွေမှာ ထားရှိခဲ့ရတယ်လို့ လွိုင်ကော်မြို့ပေါ်က ပရဟိတအသင်းဆီကသိရပါတယ်။

ဒီလို ပို့ဆောင်ရာမှာလည်း လွိုင်ကော်အထွက်မှာတင် စစ်ကောင်စီဂိတ်တွေက မှတ်ပုံတင်အပြင် ဖုန်းတွေကိုပါ စစ်ဆေးတာရှိနေပါတယ်။

“ဂိတ်တွေကတော့ စစ်တယ်၊ စစ်ဘေးရှောင်ဆို ပိုစစ်တယ် “လို့ စစ်ဘေးရှောင်တွေကို ပို့ဆောင်ပေးခဲ့တဲ့ ပရဟိတအသင်းက တာဝန်ရှိသူပြောပါတယ်။

ဒါအပြင် ခိုလှုံရာ စစ်ဘေးရှောင်စခန်းတွေမှာ စစ်ကောင်စီတပ်တွေက ဧည့်စာရင်းလာစစ်တာမျိုးသတင်းတွေလည်းကြားနေရပါတယ်။

◉ လွိုင်ကော်ကို ဗုံးကြဲမယ်ဆိုတဲ့သတင်း

လွိုင်ကော်မြို့ကို စစ်ကောင်စီက ဗုံးကြဲမယ်ဆိုတဲ့ သတင်းစကားဟာ လွိုင်ကော်မှာ ပျံနှံနေတယ်လို့ဒေသခံတစ်ဦးဆီကသိရပါတယ်။

ဒီသတင်းဟာအတည်ပြုလို့မရပေမယ့် ဒေသခံတွေကြားကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါတယ်။

မြို့ကို စွန့်ခွာကြသူတွေဟာ ဒီသတင်းကြောင့်လည်းပါတယ်လို့ လွိုင်ကော်မြို့ပေါ်က ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“တိုက်ပွဲမဖြစ်တာကလည်း ၂ ရက်ရှိပြီဆိုတော့ မကြမ်းခင် ငြိမ်နေတာဆိုပြီး ပြေးကြတာလို့” အဲဒီသူက ပြောပါတယ်။

လွိုင်ကော်မှာ ဇန်နဝါရီလ ၆ ရက်စပြီး ၈ ရက်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပေမယ့် မနေ့က နဲ့ ဒီနေ့မှာတော့သေနတ်သံငြိမ်နေတယ်လို့သိရပါတယ်။

◉ လွိုင်ကော်စစ်ဘေးရှောင်တွေအတွက် သယ်ယူပို့ဆောင်ရေးအခက်အခဲ

တိုက်ပွဲတွေပြင်းထန်လာနိုင်တာနဲ့အတူ မြို့ကို ဗုံးကြဲမယ်ဆိုတဲသတင်းတွေကြောင့် လွိုင်ကော်ကိုစွန့်ခွာချင်သူတွေဟာ ဘေးကင်းရာကိုသွားရောက်နိုင်ဖို့ သယ်ယူပို့ဆောင်ရေးအခက်အခဲကြုံနေရပါတယ်။

ကိုယ်ပိုင်ဆိုင်ကယ်၊ ထော်လာဂျီ၊ မော်တော်ကားရှိသူတွေအတွက် မြို့က ထွက်ဖို့အဆင်ပြေပေမယ့်အများစုအတွက်တော့ခက်ခဲနေပါတယ်။

တိုက်ပွဲဟာ တမြို့လုံးကို ကူးလာနိုင်ခြေရှိတာကြောင့် မြို့လုံးကျွတ် တပြိုင်တည်း စစ်ဘေးရှောင်တဲ့အခါ ပို့ဆောင်ပေးဖို့ ကားမလုံမလောက်ဖြစ်နေတာပါ။

လွိုင်ကော်မြို့ပေါ် ပရဟိတအသင်းတစ်သင်းဆိုရင် ကား ၁၂ စီးနဲ့ စစ်ဘေးရှောင်တွေကို သယ်ယူပို့ဆောင်ရေး ခေါက်တုန့်ခေါက်ပြန် လုပ်ပေးနေပေမယ့် မလုံလောက်တာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းမြို့တွေက ပရဟိတအသင်းတွေကိုပါ ချိတ်ဆက်ပြီး ကူညီပေးနေရတယ်လို့သိရပါတယ်။

ဒါအပြင် ခိုလှုံရာနေရာတွေမှာ ချမ်းအေးတဲ့ရာသီဥတုဖြစ်တာကြောင့် စောင်၊ခြင်ထောင်နဲ့ စားနပ်ရိက္ခာ အခက်အခဲလိုအပ်နေတယ်လို့ ပရဟိတအဖွဲ့တွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်မှာ မောင်နှမသုံးဦး ချောင်းအတွင်း ရေချိုးရင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။