စက်တင်ဘာ -၅၊၂၀၂၆။ဇော်၀င်း/People’s Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
လွိုင်ကော်-လွိုင်လင်လေးလမ်းပိုင်းအနီးက တပ်စခန်းကုန်းတွေကို ဩဂုတ်လနောက်ဆုံးပတ်ကစပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
အဲဒီထိုးစစ်ဆင်မှုအရ လွယ်ထွယ်ရွာအနီးတဝိုက်က စခန်းကုန်းကို ဩဂုတ် ၂၆ ရက်မှာ ကရင်နီပူးပေါင်းတပ်တွေ ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ဒါ့အပြင် လွယ်ထွယ်ကျေးရွာရဲ့ တောင်ဘက်ခြမ်းက စစ်တပ်စခန်းကုန်းတွေ မကျရေးအတွက် မနေ့က(စက်တင်ဘာ ၄ ရက်)တစ်ရက်တည်းမှာပဲ လေကြောင်းကနေ ၃ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က အသိပေးပါတယ်။
“နောက်ထပ်စခန်းကုန်းတစ်ခု ထပ်ရတယ်ဆိုတာတော့ ကြားတယ်။ဒါပေမယ့် အတည်ပြုနိုင်ဖို့ လိုသေးတယ်။ လေယာဉ်ကတော့ မနေ့က တောက်လျှောက်ကြဲတယ်”လို့ သူက ပြောပါတယ်။
အဲဒီစခန်းကုန်းတွေဟာ အာဏာသိမ်းစစ်တပ်က ပြန်ဖွင့်ဖို့ကြိုးပမ်းနေတဲ့ လွိုင်ကော်မြို့လေဆိပ်အတွက် အရေးပါတဲ့နေရာတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“အကြောင်းကုန်စင် သတင်းမရသေးပါဘူး”လို့ လွိုင်ကော်အရှေ့ဘက်ခြမ်းစခန်းကုန်းတွေထိုးစစ်ဆင်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာ၀န်ရှိသူက ပြောပါတယ်။
လက်ရှိ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ဖရူဆို မြို့နယ်နဲ့ ကရင်နီနဲ့ ရှမ်းတောင်အစပ်က မိုးဗြဲမြို့တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေလို့ မကြာခဏ တိုက်ပွဲဖြစ်နေပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့နဲ့ဒီးမော့ဆိုမြို့ ဒေါငံခါးရွာကတဆင့် ကရင်နီတပ်ပေါင်းစု ထိန်းချုပ်ထားတဲ့နန်းမယ်ခုံမြို့ကို ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေ ချိတ်ဆက်နိုင်ဖို့ အဓိက လမ်းပိုင်းတွေမှာလည်း စစ်တပ်က အင်အားဖြန့်ထားတယ်လို့ သိရပါတယ်။

















































