Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီနှင့် ဆွေးနွေးနေသည့် RCSS တပ်မဟာမှူးကို အရှင်ဖမ်းမိဟု SSPP တပ်မှူးပြော

ဖေဖော်ဝါရီ ၈ရက်နှင့် ၉ရက် ရပ်စောက်မြို့နယ်အတွင်း ဖြစ်ခဲ့သည့် တိုက်ပွဲများ၌ RCSS တပ်များထံမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့်ကျည်အများအပြားအပြင် ငွေသားများပါ သိမ်းဆည်းရမိခဲ့သည်ဟု SSPP တပ်မှူးက ပြောသည်။

(SSPPကဖမ်းဆီးသိမ်းဆီးရ​မိ​သော RCSSတပ်ဖွဲ့ဝင်များနှင့်လက်နက်ခဲယမ်းများ)

●တောင်ပိုင်းပြန်ရန်လမ်းဖွင့်ပေးသော်လည်း ပြည်သူ့စစ်ဖွဲ့ရန်ကြိုးပမ်းနေ၍ တိုက်ခိုက်ရာ RCSSထံမှလက်နက်အများအပြားရ၊ စစ်ကောင်စီက RCSS ဘက်မှ လေကြောင်းပစ်ကူပေးဟုဆို

●စစ်​ကောင်စီက ​လေ​ကြောင်းပစ်ကူ​ပေးသည်ဆိုခြင်းအ​ပေါ် RCSS ငြင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း ဝင်ရောက်နေရာယူထားသည့် ​တောင်ပိုင်းတပ်ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA) တပ်များကို ​မြောက်ပိုင်းတပ် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က တိုက်ခိုက်လျက်ရှိရာ ရှမ်းမြောက်​ရောက်​နေ​သော RCSS ၏ တပ်မဟာမှူး ခမ်းစံကို လက်ရ ဖမ်းဆီးလိုက် နိုင်ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း SSPP တပ်မှူး တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ရှမ်းပြည်​တောင်ပိုင်းတွင်အ​ခြေစိုက်ထားသည့် RCSSသည် NCA လက်မှတ်ထိုးပြီးနောက် စစ်တပ်၏အကူအညီဖြင့် ရှမ်းမြောက်ဒေသသို့ ဝင်ရောက် နေရာယူခဲ့ရာ အင်အားလေးထောင်ကျော်ထိ ရှိခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်း SSPP အပါအဝင် ရှမ်းမြောက်ရှိမဟာမိတ်တပ်များက RCSSကို ပြန်လည် တိုက်ခိုက်မောင်း ထုတ်ခဲ့ရာ ဖေဖော်ဝါရီ ဒုတိယပတ်တွင် RCSS တပ်များကို ရှမ်းမြောက်နယ် မြေများမှ တိုက်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(SSPPကဖမ်းဆီးသိမ်းဆီးရ​မိ​သော RCSSတပ်ဖွဲ့ဝင်များနှင့်လက်နက်ခဲယမ်းများ)

ဖေဖော်ဝါရီ ၈ရက်နှင့် ၉ရက် ရပ်စောက်မြို့နယ်အတွင်း ဖြစ်ခဲ့သည့် တိုက်ပွဲများ၌ RCSS တပ်များထံမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့်ကျည်အများအပြားအပြင် ငွေသားများပါ သိမ်းဆည်းရမိခဲ့သည်ဟု SSPP တပ်မှူးက ပြောသည်။

RCSS တပ်မဟာမှူး စံခေးဦးဆောင်သည့် အဖွဲ့အား အမြစ်ပြတ် တိုက်ခိုက်ခြင်း မျိုး မလုပ်လို၍ ရှမ်းတောင်ပိုင်းသို့ ပြန်ရန် လမ်းဖွင့်ပေးသော်လည်း အဆိုပါ တပ်မဟာမှူးက စစ်ကောင်စီနှင့် ဆွေးနွေးပြီး ပြည်သူ့စစ်ပြောင်းရန် ပြင်ဆင်နေသည့်အပေါ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(SSPPကဖမ်းဆီးသိမ်းဆီးရ​မိ​သော RCSSတပ်ဖွဲ့ဝင်များနှင့်လက်နက်ခဲယမ်းများ)

“သူ့ကို ရပ်စောက်ဘက် အထွက်လမ်းဖွင့်ပေးထားတယ်။ ရပ်စောက် အရှေ့ဘက်ခြမ်းပဲကျန် တော့တာလေ ဒီဘက်က အကုန်လုံးက ကျွန်တော်တို့ ပိတ်ဆို့ထားပြီးပြီ။ အမြစ်ပြတ် တိုက်ခိုက်တာ မျိုးမလုပ်ဘဲ သူ့ကို အချိန် ၁၀ရက်ကျော်လောက်ရှိပြီ ပိတ်ဆို့ထားတာ။ပိတ်ဆို့ထားပြီး ပုံဝိုး၊ကျောက်ဂူ ဂွင်မှာပဲစုထားတာ။ စုထားပြီး တောင်ပိုင်းကို ပြန်ဖို့လမ်းဖွင့် ပေးထားတယ်။ ဖွင့်ပေးထားတာကို မပြန်ဘူးဗျ။ မပြန်ဘဲနဲ့ တပ်နဲ့ ညှိနှိုင်းဆွေးနွေးတာ တွေလုပ်ပြီးတော့ ဒီရက်ပိုင်းမှာ သတင်းရတာက ပြည်သူ့စစ်ပြောင်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းရတယ်။ အဲဒါနဲ့ ၈ရက်နေ့က လူကြီးတွေ ဆုံးဖြတ်ချက်ချပြီးတော့ ကျွန်တော်တို့ဆီက တပ်မ တစ်ခုအောက်ကနေ တပ်မဟာ တစ်ခုကိုထုတ်နှုတ်ပြီး အဲဒီ တပ်မဟာက တပ်ရင်း ၃ရင်းနဲ့ သွားပြီးတော့မှ ပိတ်ဆို့တိုက်ခိုက်လိုက်တာပေါ့”ဟု SSPP တပ်မှူးတစ်ဦးက ပြောပြသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် RCSS ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဗိုလ်မှူးခမ်းစံနှင့် ဗိုလ်မှူးကြီးအုမ်ခေးတို့ထံ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

သို့ရာတွင် RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက ရွှေဖီမြေသတင်းဌာနသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သည့် ဖြေကြားချက်တွင် စစ်ကောင်စီက RCSS ဘက်က လာရောက် ပစ်ကူခြင်းမရှိဟု ပါရှိသည်။

“စစ်တပ်ကတော့ ဘယ်ဘက်ကတိုက်တိုက် သူတို့ကတော့ အမြတ်ယူမှာပဲလေ။ နောက်တစ်ခုက သူတို့ရဲ့ အထူးသင်တန်းကွင်းနဲ့လည်း နီးလို့ လာပစ်တာလည်း ဖြစ်နိုင်တာပေါ့။ RCSS ကိုလာကူတယ် ဆိုတာကလည်း စွပ်စွဲပြောဆိုတာတွေပဲ။ သူတို့ပစ်လိုက်ဟာတွေက ကျွန်တော်တို့ နားလည်း လာကျတာပဲ။ ကျွန်တော်တို့လည်း နောက်ပြန်ဆုတ်လိုက်ရတာပဲ။ လိုင်းပေါ်မှာတော့ SSPPကို လာကူဆိုပြီးတော့ သတင်းထွက်တာပဲ”လို့ ဗိုလ်မှူးခမ်းစံက ပြောကြားကြောင်း ရွှေဖီမြေသတင်းဌာနက ဖော်ပြသည်။

အလားတူ SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုကလည်း တိုက်လေယာဉ်ဖြင့် လာရောက် ပစ်ခတ်မှု အပေါ် စိစစ်နေသည်ဟု ပြောကြားပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များ ထိခိုက်ခဲ့ရသည်ဟု ရွှေဖီမြေသတင်းဌာသို့ ဖြေကြားသည်။

(SSPPကဖမ်းဆီးသိမ်းဆီးရ​မိ​သော RCSSတပ်ဖွဲ့ဝင်များနှင့်လက်နက်ခဲယမ်းများ)

“ဟိုဘက်ကို ကူပစ်တာသလိုမျိုးတော့ဖြစ်တယ်ပေါ့နော်။ ဘာလို့ဆို ကျွန်တော်တို့ ရှိတဲ့နေရာတည့်တည့်ကိုပဲ လာပစ်သွားတာလေ။ RCSS ကိုလာပစ်တာလည်းမဟုတ်ဘူး။ ကြားထဲကနေ ထိန်းပေးတဲ့ သဘောမျိုးလည်း မဟုတ်ဘူး။ မေးခွန်းထုတ်စရာလည်း တစ်ခုလည်း ဖြစ်တာပေါ့။ အခုလောလောဆယ်တော့ လူကြီးပိုင်းတွေ ဆွေးနွေးနေတယ်” ဟု ဒုဗိုလ်မှူးကြီး စိုင်းဆုက ပြောကြားခဲ့သည်။

ယခု ဖမ်းဆီးရမိခဲ့သည့် RCSS တပ်မဟာမှူးသည် ရှမ်းပြည်မြောက်ပိုင်း၌ အကြီးဆုံး ကျန်ခဲ့သည့် တပ်မဟာမှူးလည်းဖြစ်ကြောင်း SSPPဘက်က ပြောသည်။ ထို့ပြင် ရှမ်းမြောက်၌ အရပ်ဝတ်ဖြင့် ကျန်ခဲ့သည့် RCSS တပ်ဖွဲ့ဝင်များမှ အပ အားလုံးကို ရှမ်းတောင်သို့ တိုက်ထုတ် လိုက်နိုင်ပြီဟု ဆိုနိုင်ကြောင်း SSPP တပ်မှူးက ပြောသည်။

“လက်နက်ကြီး လက်နက်ငယ်အစုံကျည်အမြောက်အများ နောက်ပြီးတော့ ငွေသားတွေလည်း တော်တော်များများပါတယ်။ အဲဒါကို ရလိုက်တာပေါ့။ ရလိုက်ပေမယ့်ကျန်တဲ့ သူ့လက်အောက် ငယ်သား တပ်ရင်းတွေက ပိတ်ဆို့တဲ့ အခါ ထွက်ပြေးတာပေါ့ ထွက်ပြေးတေ့ ကျောက်ဂူဂွင်မှာ ပြန့်ကြဲနေတာ။ ကျွန်တော်တို့က အဲဒီ တပ်မဟာမှူးကို ထိန်းသိမ်းထားတယ်။ ကောင်းကောင်း မွန်မွန်ပဲထားပါတယ်။ အဲဒီမှာနောက်နေ့မနက်ကျ သူ့အောက်က လူတွေက လူပြန်စုနေတော့ နယ်မြေရှင်းလင်းရေး ပြန်လုပ်တယ်။ လုပ်တော့ နေ့ခင်းပိုင်းလောက်ကစပြီး ထိတွေ့မှုတွေ ဖြစ်တာပေါ့။ ဖြစ်တော့ ကျွန်တော်တို့ကလည်း ဒီဘက်က အရန်တပ်ရင်း တစ်ရင်းပါ ထုတ်ပြီးတော့ ဟိုဘက်ကို အကုန်ပိတ်လိုက်တာ။ ပိတ်လိုက်တဲ့အချိန်မှာပဲ ညနေ ၅နာရီ မိနစ် ၄၀လောက်မှာ ဂျက်ဖိုက်တာ ၂စီးနဲ့လာပစ်တယ်။ ပစ်တော့ ကျွန်တော်တို့ဘက်က ၂ယောက် ဒဏ်ရာရသွားတယ်”ဟု SSPP တပ်မှူးက စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်လာမှုကို ပြောပြသည်။

လေတပ်ကို အသုံးပြုပြီး RCSS ဘက်မှ ဝင်ကူသည့် အခြေအနေမှာ အောက်ခြေအဆင့် ဖြင့် ဆုံးဖြတ်နိုင်ခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။

“လေတပ်ပစ်ကူပေးတယ်ဆိုတဲ့ အဆင့်မျိုးကအနည်းဆုံး ကစထမှူးလောက် အဆင့်ကနေပြီး ညှိကွပ်(စစ်ကောင်စီ၏ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး)ဆီကနေ တစ်ဆင့် လေတပ်ကို တောင်းရတာကိုး။ သူတို့လုပ်ထုံးအစဉ်အလာအရ။ ဒီ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ RCSS အရှုံးပေါ်နေတဲ့ကိစ္စကို နေပြည်တော်ကပါ ဝိုင်းကူနေတဲ့ သဘောပေါ့”ဟု SSPP တပ်မှူးက ပြောသည်။

RCSS တပ် ရှမ်းမြောက်သို့ ဝင်ရောက်လာသည့် ၂၀၁၆ ခုနှစ် ဝန်းကျင်ကလည်း စစ်ကောင်စီ တပ်သည် ကျောက်မဲမြို့နယ် ပုံဝိုးဒေသရှိ SSPP တပ်ကို လေကြောင်း၊ လက်နက်ကြီး တို့ဖြင့် တိုက်ခိုက်ခဲ့သည်။ RCSS အနေဖြင့် SSPP တပ်များအပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် လည်း တိုက်ပွဲများစွာဖြစ်ခဲ့သည်။ ထို့ပြင် SSPP/TNLA ပူးပေါင်းတပ်နှင့် RCSS အကြား တိုက်ပွဲများ လည်း အကြိမ်ကြိမ်ဖြစ်ခဲ့သည်။

ရှမ်းမြောက်ဒေသတိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်က RCSS တပ်များကို လမ်းကြောင်း ဖွင့်ပေးခြင်း၊ လက်နက်ကြီးပစ်ကူပေးခြင်းများဖြင့် အကူအညီပေးခဲ့ကြောင်း SSPP ဘက်က ပြောဆိုခဲ့ပြီး RCSS ဘက်က ယင်းပြောဆိုချက်များအပေါ် အစဉ် ငြင်းဆိုခဲ့သည်။

၂၀၁၅ နောက်ပိုင်း RCSS တပ်များ ရှမ်းမြောက်သို့ ဝင်ရောက်လာ၍ အဆိုပါဒေသရှိ စစ်ကောင်စီ၏ တပ်မ (၇၇)၊ တပ်မ(၉၉) တပ်များကို ရခိုင်နှင့် မုံးကိုသို့ပို့ဆောင်ခဲ့သည် ဟုဆိုသည်။

ယခု အာဏာသိမ်းပြီးနောက်ပိုင်း RCSS တပ်များကို SSPPက တိုက်ခိုက်စဉ် အစပိုင်း၌ စစ်ကောင်စီ တပ်က ပေါ်ပေါ်တင်တင် ကူညီခြင်းမရှိခဲ့ဟု SSPPနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မင်းအောင်လှိုင် အနေဖြင့် အာဏာသိမ်းပြီးနောက် စစ်ပွဲမဖန်တီးရဲ၍ RCSS ဘက်မှ ပေါ်ပေါ်ထင်ထင် မကူရဲခြင်းဖြစ်သည်ဟုဆိုသည်။

သို့ရာတွင် နောက်ပိုင်း၌ RCSS တပ်များ အရေးနိမ့်လာသည့် အချိန်တွင် စစ်ကောင်စီတပ်က RCSSကို လက်နက်ကြီး နှင့်ခဲယမ်း အကူအညီပေးသည့် ဆိုသည့် သတင်းရရှိခဲ့ပြီး ယခု အခါ လေကြောင်းအသုံးပြု ၍ RCSS ဘက်သို့ ပစ်ကူပေးလာသည်ကိုတွေ့ရဟု ၎င်း ကဆိုသည်။

“ လူ ၄ထောင်လောက် အင်အား (ရှမ်းမြောက်ရှိ RCSS အင်အား) ကို တော်တော်နဲ့မပြုတ်နိုင် ဘူးဆိုပြီး စစ်တပ်က သူ့ဘက် မလှည့်လာအောင် ပစ်ထားတဲ့သဘော။ အခု RCSS မရှိတဲ့အခါ ကျတော့ ဒီနယ်မြေ အနေအထားကြီးက သူတို့ စိုးရိမ်စရာဖြစ်လာပြီ။ ဆိုတော့ သူတို့ဘက်က RCSS ဘက်က ပေါ်ပေါ်တင်တင် ကူရတော့မယ့် သဘောဖြစ်လာပြီ” ဟု SSPPနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

RCSS၏ ဖေဖော်ဝါရီ ၇ရက် ရှမ်းအမျိုးသားနေ့ ထုတ်ပြန်ကြေညာ ချက်တွင်၂၀၁၅ နောက်ပိုင်း စတင်ဖြစ်ပွားခဲ့သည့် ရှမ်းပြည်ညီနောင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းကြား စစ်ရေးပဋိပက္ခများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများဖြင့် ကြိုးပမ်းဖြေရှင်းသွားမည်ဟု ဖော်ပြခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းတပ်များဖြစ်သည့် RCSSနှင့် SSPP တို့ အနေဖြင့် စစ်ကောင်စီကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲများ ဖြစ်ပွားမှုမရှိသေးပေ။

သို့ရာတွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအနက် ၀အဖွဲ့(UWSA)နှင့် မိုင်းလားအဖွဲ့(NDAA) တို့မှ အပ ကျန်အဖွဲ့များသည် လူထုတော်လှန်ရေးတွင် အနှေးနှင့်အမြန် အတူတကွ ပါဝင်လာနိုင်ဖွယ် ရှိကြောင်း SSPPနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

ယခု စစ်ကောင်စီကRCSS ဘက်က လေကြောင်းပစ်ကူပေး တိုက်ခိုက် လာခြင်းနှင့် ပတ်သက်ပြီး စစ်ရေးအရ ဖြစ်လာနိုင်သည့် အခြေအနေများစွာ ရှိနေသည်ဟု SSPP တပ်မှူးတစ်ဦးက ပြောသည်။

“ပြောရရင်လူထု မမျှော်လင့်တဲ့ဟာတွေလည်း ဖြစ်နိုင်သလို လူထုမျှော်လင့် နေတဲ့ဟာတွေ လည်း အမြန်ဖြစ်သွားနိုင်တာပေါ့”ဟု ၎င်းက ဆိုသည်။

မှတ်ချက် -ည​နေ ၅ နာရီခွဲတွင်သတင်းကိုထပ်မံဖြည့်စွက်ထားပါသည် ။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။