▪️တရားမဝင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခွင့်ရမည်မဟုတ်
အမေရိကန်သမ္မတနှင့် အာဆီယံခေါင်းဆောင်များအကြား အထူးထိပ်သီးညီလာခံကို ယခုလကုန်တွင် ဝါရှင်တန်၌ လက်ခံကျင်းပမည်ဟု အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ကြေညာသည်။
ဒေသတွင်း၌ တရုတ်၏ ကြီးထွားလာသည့်ပါဝါကို တန်ပြန်ရန် အရေးပါသော ကြိုးပမ်းမှုအဖြစ် အိမ်ဖြူတော်ထိပ်သီးညီလာခံကို ယခုနှစ်အစောပိုင်းတွင် ကျင်းပရန် မျှော်မှန်းခဲ့သော်လည်း COVID-19 ကြောင့် ကြန့်ကြာခဲ့ကာ မတ်လ ၂၈ နှင့်၂၉ ရက်တွင် ကျင်းပမည်ဟု အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
“ယနေ့ခေတ်စိန်ခေါ်မှုတွေကို ဖြေရှင်းရေး စွမ်းရည်ပြည့်၀ပြီး အားကောင်း၊ ညီညွတ်တဲ့ အာဆီယံ ဖြစ်ဖို့၊ ခိုင်မာပြီး ယုံကြည်ရတဲ့မိတ်ဖက်အဖြစ် လုပ်ဆောင်ဖို့ ဘိုင်ဒန်-ဟာရစ်အုပ်ချုပ်ရေးအတွက် ထိပ်ဆိုးဦးစားပေးဖြစ်ပါတယ်” ဟု အထူးညီလာခံနှင့်ပတ်သက်၍ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က ပြောသည်။
ထိပ်သီးညီလာခံကို အမေရိကန်-အာဆီယံဆက်ဆံရေး ၄၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုကျင်းပခြင်းလည်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းညီလာခံတွင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသော အကျပ်အတည်းနှင့် ကပ်ရောဂါပြန်လည်ကုစားရေး၊ ရာသီဥတုပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အဦစသည့် အရေးကိစ္စများကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဘလင်ကန်က ပြောကြားထားသည်။
အဆိုပါ အမေရိကန်-အာဆီယံထိပ်သီးညီလာခံတွင် စစ်အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုမည်မဟုတ်ပေ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ၂၀၂၁ အောက်တိုဘာတွင်ကျင်းပခဲ့သော အာဆီယံထိပ်သီးညီလာခံကို အွန်လိုင်းမှတဆင့်တက်ရောက်ခဲ့ပြီး ယင်းသည် လွန်ခဲ့သည့် လေးနှစ်အတွင်း အမေရိ ကန်ခေါင်းဆောင်က အာဆီယံညီလာခံကို ပထမဆုံးအကြိမ်တက်ရောက်ဆွေးနွေးခြင်းဖြစ်သည်။
ယင်းညီလာခံတွင် တရားမဝင်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်မရခဲ့ပေ။
ကိုးကား – rappler.com
