ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အဝိုင်းကြီး ပန်းခြံရှေ့တွင် ယမန်နှစ်က အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့် သူရဲကောင်းကျောင်းသား၊ ပြည်သူများအတွက် ယနေ့ (မတ်လ ၃) ညနေပိုင်း၌ တော်လှန်လူငယ်များက တစ်နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုခြင်းကို ပြုလုပ်ခဲ့ကြသည်။
လူငယ်များသည် ကျဆုံးခဲ့ရသည့် ကျောင်းသားပြည်သူများကို အစဥ်အမြဲအောက်မေ့ သတိရနေစေရန်နှင့် မတ်လ ၃ရက် တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆက်လက်ကိုင်စွဲနိုင်ရန်အတွက် ကျဆုံး သူရဲကောင်းများအား လွမ်းသူ့ပန်းချ ဂုဏ်ပြုခဲ့ပြီး ဆေးနီများပက်ဖြန်း၍ အလေးပြုခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားလူငယ်များက ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။

“လွန်ခဲ့သော တနှစ်တိတိ၊ ဒီလိုနေ့ ညနေမှာ မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီးပန်းခြံရှေ့ ပေတရာလမ်းပေါ်မှာ ကျောင်းသားပြည်သူများရဲ့ အလောင်းတွေ ပြန့်ကျဲ၊ စက်သေနတ်သံ၊ ယမ်းနံ့တွေ ဆူညံဖုံးလွှမ်း၊ သွေးကွက်တွေ၊ သွေးစီးချောင်းတွေကြားထဲ ငိုသံ၊ အော်သံ၊ တောက်ခေါက်သံ၊ ကြွေးကြော်သံတွေ မြည်ဟီးလို့ နေတဲ့အချိန်တွေပါပဲ။ အသက်စွန့်သွားတဲ့ ပြည်သူများရဲ့ အလောင်းရှေ့မှာ ဒူးထောက်ထိုင်ချပြီး ကျောင်းသားများက မျက်ရည်တွေကြားထဲကနေ ဒီတိုက်ပွဲ ၊ ဒီတော်လှန် ရေးကို အဆုံးသတ်ပြီးမြောက်သည်အထိ တိုက်ပွဲဝင်သွားပါ့မယ်ဆိုပြီး ကျဆုံးသူများရဲ့သွေးတွေကို တိုင်တည်သစ္စာပြုခဲ့ကြတဲ့အသံဟာ ယနေ့အချိန်ထိ ပဲ့တင်နေဦးမှာပါ”ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။

Public Service Announcement

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့အတူ ကျောင်းသားပြည်သူများ ပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ အဝိုင်းကြီးပန်းခြံရှေ့ကိုအရောက်မှာ မြောက်ဥက္ကလာတံတားပေါ်က ပစ်ကွင်းသေချာစွာရွေးချယ်ထားတဲ့ စစ်အုပ်စုတပ်များဟာ စစ်ကားပေါ်ကနေပဲ စက်သေနတ်နဲ့ မိနစ်အတော်ကြာအောင် မရပ်မနားပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ ပြည်သူ (၉) ဦးကျဆုံးခဲ့တယ်လို့ စာရင်းရရှိပေမယ့် တကယ့်လက်တွေ့မှာ (၁၀) ဦးထက်မနည်းကျဆုံးခဲ့ပါတယ်။ အခုအချိန်မှာတော့ အဝိုင်းကြီးပန်းခြံရှေ့မှာ လူသူအသွားအလာမပျက်၊ ကားအသွားမပျက်ရှိနေကြပေမယ့် လွန်ခဲ့သော တနှစ်တိတိက ဒီလမ်းကို ကျောင်းသားပြည်သူများရဲ့ အသက်သွေးနဲ့ ခင်းခဲ့ကြတယ်ဆိုတာ အမှတ်ရနေဖို့လို့ပါတယ် “ဟု ထပ်မံထုတ်ပြန်သည်။

















































