ဖာပွန်ဒေသတိုက်ပွဲကြောင့် ကမမောင်းနဲ့ မြိုင်ကြီးငူဒေသဘက်ကို ထပ်မံတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဦးရေဟာ ထောင်ဂဏန်းဝန်းကျင်အထိ ရှိလာတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဖာပွန်ခရိုင်ထဲမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဖာပွန်မြို့ခံတွေအပါအဝင် ဒေသခံရွာသားတွေဟာ ဖေဖေါ်ဝါရီလကစပြီး ကမမောင်းနဲ့ မြိုင်ကြီးငူဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်လာနေရတာဖြစ်ပါတယ်။
လက်ရှိ ကမမောင်းဘက်မှာ ဖာပွန်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေဟာ ၁၀၀၀ ကျော်ရှိနေပြီး မြိုင်ကြီးငူဘက်မှာတော့ တိမ်းရှောင်လာတဲ့စစ်ရှောင်အရေအတွက်ကို စာရင်းပြုစာကောက်ယူနေဆဲပဲဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေထံကနေ သိရပါတယ်။
ကမမောင်းမြို့နဲ့ မြိုင်ကြီးငူဒေသဘက်မှာ ပြီးခဲ့တဲ့နှစ် မတ်လပိုင်းက ဖာပွန်စစ်ရေးအခြေအနေကြောင့် တိမ်းရှောင်လာတဲ့ ဖာပွန်စစ်ဘေးရှောင်တွေဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပဲ အခု စစ်ရှောင်တွေထပ်မံတိမ်းရှောင်ရောက်ရှိလာတာကြောင့် စစ်ရှောင်ဦးရေဟာ ထောင်ချီခန့်ရှိလာနိုင်တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုကြပါတယ်။

Public Service Announcement
မြိုင်ကြီးငူမှာတော့ ၂၀၁၆ ခုနှစ်က ရောက်ရှိလာခဲ့တဲ့ မယ်သဝေါဒေသ စစ်ဘေးရှောင် ၅၀၀၀ အပါအဝင် အခု ရပ်ကွက်အတွင်းနဲ့ အသိဆွေမျိုးအိမ်တွေမှာ လိုက်လံနေထိုင်တဲ့ ဖာပွန်ဒေသခံစစ်ဘေးရှောင်တွေလည်း ရှိနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖာပွန်ဒေသခံစစ်ဘေးရှောင်တွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
ဖာပွန်ခရိုင်အတွင်းမှာ စစ်ရေးပဋိပက္ခကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ၈၀၀၀၀ ကျော်ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားတဲ့မှတ်တမ်းအရ သိရပါတယ်။


















































