အကြမ်းဖက်စစ်ကောင်စီအား သုံးစွဲသူအချက် အလက်များထောက်ပံ့ပေးပို့နေသည်ဆိုသည့် ကမ္ဘောဇဘဏ်၏ ATM စက်ကို ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Special Task Agency of Burma (STA) အဖွဲ့က အသိပေးထုတ်ပြန်သည်။
ယနေ့(မတ်လ ၁၁ရက်)နံနက် ၄နာရီခွဲခန့်က ရန်ကုန်မြို့ သုဝဏ္ဏစုပေါင်းမှတ်တိုင်ရှေ့ရှိ KBZ ATM ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း STAက ထုတ်ပြန်ထားသည်။

“သုံးစွဲသူရဲ့လုံခြုံရေးကို ဂရုမစိုက်ဘဲ ကိုယ်ရေးအချက်အလက်တွေကို အကြမ်းဖက်စစ်ကောင်စီကို အလိုရှိသလိုဖြန့်ဝေပေးပို့နေလို့ပါ”ဟု STAက တိုက်ခိုက်ရသည့် အကြောင်းရင်းကို ပြောသည်။
KBZ ဘဏ်သည် ပြည်သူများ၏ KBZ Pay အကောင့်များကိုလည်း စစ်ကောင်စီအလိုကျ မတရားပိတ်သိမ်းလျက်ရှိပြီး KBZ ကုမ္ပဏီသည် အကြမ်းဖက်စစ်ကောင်စီကို လေယာဉ်စီတင်သွင်းပေးနေသည့်ကုမ္ပဏီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။

Public Service Announcement
အထက်ပါစစ်ဆင်ရေးတွင် STA အဖွဲ့သားများအားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး ၎င်းတို့အဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီ ၏ လက်အောက်ခံထောက်တိုင်များကို ရှင်းလင်းဖျက်ဆီးရေးလုပ်ငန်းများဆက်လက်လုပ်ကိုင်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

KBZ ဘဏ်သည် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည်ဆိုကာ ပြည်သူ့ကာကွယ်ရေးတပ်များက ပြီးခဲ့သည့်နှစ်ကတည်းက တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ၂၇ ရက်က မန္တလေးမြို့ရှိ နေရာ ၇ ခု၌ KBZ ဘဏ်၊ ATM နှင့် ဘဏ်သုံးကားများ တိုက်ခိုက်ခံခဲ့ရသည်။
ရန်ကုန်မြို့တွင်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၅ ရက်က ပြည်လမ်း နှင့် မင်းဓမ္မလမ်းပေါ်ရှိ KBZ ATM နှစ်လုံး တိုက်ခိုက်ခံခဲ့ရသေးသည်။
ထို့ပြင် ဇန်နဝါရီ ၂၄ ရက်က ပခုက္ကူမြို့ရှိ KBZ ဘဏ်ကို လက်လုပ်မိုင်းဖြင့်တိုက်ခိုက်ခံရသည်။
ထို့အတူ ဖေဖော်ဝါရီ ၅တွင် မြင်းခြံမြို့ KBZ ဘဏ်ခွဲ (၃) ၊ ဖေဖော်ဝါရီ ၉တွင် မန္တလေးမြို့ ၈၃လမ်း ၂၀ နှင့်၂၁လမ်းကြား KBZ ATM ၊ ဖေဖော်ဝါရီ ၂၀ တွင် ရွှေသရဖီရိပ်မွန်ရှိ KBZ ATM တို့ကို တိုက်ခိုက်ခံခဲ့ရသည်။


















































