ချင်းပြည်နယ် ဖလမ်းမြို့တွင် နေအိမ်များကို မီးရှို့ရန်ကြိုးပမ်းခဲ့သည့် လူရမ်းကားသုံးဦးကို အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်- CNOက ထုတ်ပြန်သည်။
CNO၏ ထုတ်ပြန်ချက်အရ မတ်လ ၅ ရက်နှင့် ၆ ရက်များတွင် ဖလမ်းမြို့ရှိ နေအိမ် လေးလုံးနှင့် ဖလမ်း-ရိဒ်လမ်းဘေးရှိ လိုင်းမွာလ်ကျေးရွာရှိနေအိမ် တစ်လုံးကိုလည်း မီးရှို့ရန်ကြိုးပမ်းခဲ့သည်ဟု CNOက ဆိုသည်။

၎င်းတို့သည် မတ်လ ၅ ရက် ညနေ ၉နာရီခန့်တွင် ဖလမ်းမြို့တွင်း နေအိမ် လေးလုံးကို ဓာတ်ဆီဖြင့် မီးရှို့ရန်ကြိုးပမ်းခဲ့ပြီး ယင်းကို ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။
ထိုနောက် ထိုလူရမ်းကား လေးဦးသည် မတ် ၆ရက် မနက် ၁၀ နာရီခန့်တွင် ဖလမ်း-ရိဒ်လမ်းမကြီးပေါ်ရှိ လိုင်းမွာလ်ကျေးရွာမရောက်မီ အိမ်တစ်လုံးအား မီးရှို့ဖျက်စီးခဲ့သည်ဟု ဆိုသည်။

CCTVမှတ်တမ်းနှင့် မျက်မြင်သက်သေများအရ ၎င်းတို့ သုံးဦးအနက် နှစ်ဦးကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် မတ် ၁၁ ရက်နှင့် ကျန်တစ်ယောက်ကို မီဇိုရမ်ပြည်နယ် ၊ ဇိုခေါထာရ်ရွာတွင် ဖမ်းဆီးရမိခဲ့သည်ဟု CNOက အသိပေးသည်။
၎င်းတို့ကို ဖလမ်းအခြေစိုက် ဒေသခံကာကွယ်ရေးတပ်CNDF၏ အချုပ်ခန်းတွင် ထိန်းသိမ်းထားသည်။

၎င်းတို့ကို ပြည်သူ့အိုးအိမ် ပျက်စီးစေလိုမူနှင့် ကြောက်ရွံတုန်လှုပ်စေမူတို့ဖြင့် ဒေသခံကာကွယ်ရေးတပ်ကအရေးယူသွားမည်ဟု ဆိုသည်။
ထိုပြင် ဖလမ်းမြို့၊ တလန်လိုရပ်ကွက်တွင် မတ်လ၆ရက်က နေအိမ် သုံးလုံးမီးလောင်မှုတွင်လည်း ဖမ်းဆီးရမိသည့် သုံးဦးကို သံသယတရားခံအဖြစ် သတ်မှတ်ထားသည်ဟု CNOက ဆိုသည်။
