▪️PDFအတွက် စစ်လက်နက်၊ခဲယမ်းများကို မဟာမိတ်များ၏ အကူအညီဖြင့် အနည်းဆုံးလိုအပ်ချက်ကို မကြာမီ ဖြည့်ဆည်းနိုင်တော့မည်ဟုအသိပေး
▪️စစ်လက်နက်ခဲယမ်းများ ပိုမိုရရှိရေး ပိုမိုကူညီပေးရန် မေတ္တာရပ်ခံ
၂၀၂၁ စက်တင်ဘာ ၇ရက်က စတင်ခဲ့သည့် ပြည်သူ့ခုခံတွန်းလှန်စစ် ၆လပြည့် အစီရင်ခံစာကို NUGအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ ရန်သူစစ်ကောင်စီတပ်၏ အင်အား ပြုန်းတီးစေရန် နေ့စဉ်နှင့်အမျှ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဖော်ပြသည်။
စစ်ရေးနည်းလမ်းကို အသုံးပြုရာတွင် ပြည်သူ့ကာကွယ် ရေးတပ်မတော်သည် လက်မဲ့ အခြေအနေမှစခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီက ပြည်သူလူထုအပေါ် အကြမ်းဖက်ကျွန်ပြုမှုကို ခုခံတိုက်ဖျက်ရာမှာ လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းကို ရွေးချယ်ရန် အခြေအနေအရပ်ရပ်က တောင်းဆိုဖန်တီးလာခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement
“ဖြတ်သန်းခဲ့တဲ့ ပြည်သူ့ခုခံတွန်းလျန်စစ် ၆ လတာ ကာလကို တော်လှန်ရေးရဲ့ ကနဦးအဆင့်လို့ မှတ်ယူမယ်ဆိုရင် ဒီအဆင့်မှာ PDF ရဲဘော်တွေဟာ ပျောက်ကြားစစ်၊ လှုပ်ရှားစစ်ကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်လာကြတယ်။ ရန်သူ့အင်အားကို နေ့စဉ်နဲ့အမျှ ထိခိုက်ပြုန်းတီးအောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်။ အခုဆိုရင် ကျွန်တော်တို့ PDF တွေဟာ ကျေးလက်ဒေသများစွာကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပါပြီ”ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
PDF စိုးမိုးနယ်မြေများကို အခြေပြုပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အာဏာကိုလည်း စတင်တည် ထောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
နေပြည်တော်၊ရန်ကုန်နှင့် မန္တလေးအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့ကြီး မြို့နယ်များ၌လည်း မြို့ပြပျောက်ကြားစစ်ကို ထိထိရောက်ရောက် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဝန်ကြီးက အသိပေးသည်။
“ခြုံကြည့်ရင် ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ ကနဦးအဆင့်ဟာ ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်များ အတိုင်း အတာ တစ်ခုအထိ ပေါက်မြောက်ရောက်ရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်” ဟု ၎င်း ကဆိုသည်။
လက်ရှိအဆင့်၌ အဓိကအားနည်းချက်မှာ စစ်လက်နက်ခဲယမ်း မီးကျောက်သည် PDFအတွက် အဓိက အားနည်းချက်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
“လက်နက်တပ်ဆင်မပေးရကောင်းလားဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ပြစ်တင်ဝေဖန်ကြတာတွေကလည်း နေ့စဉ်နဲ့အမျှ ကြားသိရပါတယ်။ ဒီလို စေတနာ ဒေါသောနဲ့ အားမလို အားမရ ဖြစ်ကြ ဝေဖန်ထောက်ပြကြ
တာကိုလည်း ကောင်းကောင်းကြီး လက်ခံနားလည်ပါတယ်”ဟု ၎င်းက ပြောသည်။
ပြည်တွင်း ပြည်ပရှိ ပြည်သူများ၏ ထောက်ပံ့လှူဒါန်းသည့် ရန်ပုံငွေကိုသာ အရင်းတည်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော်ကို တည်ထောင်နေရခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
“ ဘယ်ပြည်ပနိုင်ငံကမှ ရုပ်၀တ္ထု ပစ္စည်း အကူအညီမျိုး ပေးအပ်တာ မရှိသေးပါဘူး။ သို့သော် PDF အတွက် လက်နက်ခဲယမ်း မီးကျောက် အနည်းဆုံးလိုအပ်ချက်ကို မကြာခင်မှာ ဖြည့်ဆည်းနိုင်လိမ့်မယ်လို့တော့ ပြောချင်ပါတယ်။”ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
လက်ရှိတွင် မဟာမိတ်များ၏ အကူအညီဖြင့် စစ်လက်နက်ခဲယမ်း မီးကျောက် ပမာဏ တစ်ခုကို လက်လှမ်းမီထားပြီဖြစ်ကြောင်း ၎င်းက သတင်းကောင်းပါးသည်။
“ ဒီပမာဏဟာ PDF ရဲဘော်အားလုံးကို လူတိုင်းစေ့ တပ်ဆင်ပေးနိုင်ရေးဆိုတာနဲ့တော့ အများကြီး အလှမ်းဝေးနေဆဲဖြစ်တယ်ဆိုတာကို ဝန်ခံရပါမယ်။ ကျွန်တော်တို့ အနေနဲ့ စစ်ရေးစစ်ရာ ကိစ္စအတွက် မြန်မာပြည်မှာ ခုခံတော်လှန်စစ်ကို နှစ်ပေါင်းများစွာ အတွေ့အကြုံရှိထားကြပြီးလက်ရှိ ခုခံတော်လှန်စစ်မှာလည်း တာဝန်ယူဦးဆောင်နေကြတဲ့ စစ်ရေးခေါင်းဆောင်ကြီးတွေနဲ့အတူ ရေးဆွဲချမှတ်ထားတဲ့ စစ်မဟာဗျူဟာ၊ စစ်ရေးစီမံချက်တွေနဲ့အညီ ဆောင်ရွက်နေတာ ဖြစ်တယ်” ဟု ကာကွယ် ရေးဝန်ကြီးက ရှင်းပြသည်။
လိုသလောက်မရရှိသေးဘဲ အကန့်အသတ်နှင့်သာ ရှိနေသေးသည့် စစ်လက်နက်ခဲယမ်းများကို စစ်မဟာဗျူဟာ စီမံချက်များအရ အရေးပါသည့် နယ်မြေဒေသများကို အဆင့်ဆင့် ပိုင်းခြား သတ်မှတ်ပြီး ဦးစားပေး အစီအစဉ် အတိုင်း စနစ်တကျ ဖြန့်ဝေတပ်ဆင်မှုများကို ဆက်တိုက် ဆောင်ရွက်နေကြောင်း ၎င်း ကဆိုသည်။
လက်နက်ခဲယမ်း မီးကျောက် ရရှိရေး ပုံစံမျိုးစုံဖြင့် အကူအညီပေးကြသည့် မဟာမိတ်အဖွဲ့အစည်းများ ၊ ဘဏ္ဍာငွေ ထည့်ဝင်လှူဒါန်းကြသည့် ပြည်တွင်း ပြည်ပ ပြည်သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
“ပြည်သူ့တော်လှန်ရေး ရဲဘော်တွေ အဓိက လိုအပ်နေတဲ့ စစ်လက်နက်ခဲယမ်း ပစ္စည်းတွေကို ဒီထက်ပိုပြီး ရရှိတပ်ဆင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပ ပြည်သူများ၊လုပ်ငန်းရှင်များ ငွေကြေးဓန တက်စွမ်းနိုင်သူများအနေနဲ့လည်း ဆထပ်ထမ်းပိုး တိုးပြီး ကူညီထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
ပြည်သူများ၏ လှူဒါန်းမှုများအရ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ရရှိခဲ့ရာ ရန်ပုံငွေ အားလုံး၏ ၈၅ ရာခိုင်နှုန်းကို စစ်လက်နက်ခဲယမ်းပစ္စည်း ဝယ်ယူမှုနှင့် ထုတ်လုပ်မှု အတွက် အသုံးပြုခဲ့သည်ဟု အသိပေးထားသည်။
မြေပြင် ရဲဘော်များအနေဖြင့် လက်နက်ခဲယမ်း အင်အား
မပြည့်စုံသေးသည့် ဒေသများမှ ရဲဘော်များအနေဖြင့် မလိုအပ်ဘဲ အင်အားအပွန်းအပဲ့ မဖြစ်အောင် သတိကြီးကြီး၊ ဉာဏ်ပညာ ကြီးကြီးဖြင့် စစ်ရေးလှုပ်ရှားမှုကို ဆောင်ရွက်ကြရန်လည်း ၎င်းက မှာကြားသည်။
“ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ ရုပ်၀တ္ထုပစ္စည်းအရ တစ်စုံတစ်ရာ အင်အားရှိနေသေးတဲ့အပြင် လူသားဆန်ခြင်း အလျဉ်းမရှိ လူစိတ်ပျောက်နေတဲ့ အရိုင်းအစိုင်းများ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မိမိရန်သူကို လိုတာထက်ပိုပြီး အထင်မကြီးသင့်သလို အထင်မသေးမိဖို့လည်း လိုပါတယ်”ဟု ဝန်ကြီးက ပြောသည်။
လက်ရှိတွင်ရန်သူ စစ်ကောင်စီက အစွမ်းကုန် အကြမ်းဖက် စစ်ဗျူဟာကို သုံးပြီး အရပ်သား ပြည်သူများကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်နေကြောင်း၊ ပြည်သူများအနေဖြင့် PDF ကို ထောက်ခံမှုမပြုရဲစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ PDF များကိုသာမက အရပ်သားပြည်သူများကိုပါ လေကြောင်း အသုံးပြု တိုက်ခိုက်မှု၊ ရုတ်တရက် လေကြောင်းမှ ဝင်ရောက်စီးနင်းမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာနေသည်ဟုဆိုသည်။
“ရန်သူက အကြမ်းဖက် စစ်ဗျူဟာကို အသုံးပြုချိန်မှာ PDF များအနေနဲ့လည်း အရပ်သား ပြည်သူတွေရော ကိုယ့်အင်အားကိုပါ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ဖို့ သင့်လျော်တဲ့ နည်းဗျူဟာများကို ဉာဏ်ပါပါနဲ့ လိုက်လျောညီထွေ ကျင့်သုံးကြဖို့ အရေးကြီးပါတယ်” ဟု ဝန်ကြီးက ပြောသည်။
တော်လှန်ရေး နေ့ချင်း ညချင်း အောင်မြင်ရန် စိတ်ကူးမယဉ်အပ်သကဲ့သို့ တော်လှန်ရေး ရေချိန် လျော့မသွားစေရန် တော်လှန်ရေး ဇာတ်မျှော မသွားစေရန်အတွက်လည်း အထူးလုံ့လစိုက်ရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
“ ကျွန်တော်တို့ ဆင်နွဲနေတဲ့ တော်လှန်ရေးဟာ မြန်မာနိုင်ငံအတွက် သမိုင်းအလှည့်အပြောင်းကို ဖန်တီးမယ့် တော်လှန်ရေးဖြစ်ပါတယ်။” ဟု ဝန်ကြီးက ပြောသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက “လက်ရှိအချိန်မှာ အကြမ်းဖက် စစ်အုပ်စုက လောလောဆယ် ရုပ်၀တ္ထု အင်အား အရ ကျွန်တော်တို့ထက် သာလွန်တယ်ဆိုပေမယ့် ကျွန်တော်တို့ PDF ရဲဘော်တွေ ပြည်သူတွေရဲ့ မဆုတ်မနစ်တဲ့ ဇွဲသတ္ထိနဲ့ ဉာဏ်ပညာကို မုချ ဒူးထောက် အရှုံးပေးရမှာ ဖြစ်ပါတယ်။” ဟု ပြောကြားသည်။
ပြည်သူထောက်ခံ ကူညီမှုမရှိဘဲ PDF ဟာ မရပ်တည်နိုင်သည်ကို လေးလေးနက်နက် သတိချပ်ရန် ကာကွယ် ရေးဝန်ကြီးက မှာကြားခဲ့ပြီး PDF ရဲဘော်များ အနေဖြင့် ပြည်သူ အကြည်ညိုပျက်စေမည့် ပြည်သူနှင့် ဆန့်ကျင်သည့် အပြုအူမ အပြောအဆိုများကို လုံး၀သတိပြု ဆင်ခြင်ကြရန်လည်း ၎င်းက ပြောကြားသည်။
၂၀၂၂ သည် ပြည်သူ့တော်လှန်ရေးအတွက် အဆုံးအ ဖြတ် အရေးပါသည့် နှစ်ဖြစ်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်
စုတည်ဆောက်ရေး အခွင့်အရေးကောင်းသည် ဝိုင်းဝန်းကြိုးပမ်းကြမည်ဆိုပါက လက်တစ်ကမ်း၌ ရှိနေပြီဟု ပြောကြားသည်။
နိုင်ငံရေး စီးပွားရေး၊ စစ်ရေး နိုင်ငံတကာအရေး အဖက်ဖက်က အထိနာနေသည့် အကြမ်းဖက် စစ်ကောင်စီကို အသက်ရှုပေါက်မပေးဘဲ ပုံစံမျိုးစုံဖြင့် တရစပ်ဖိအားပေး တိုက်ခိုက်နိုင်ရန် အတွက် တော်လှန်ရေး အင်အားစုများ၏ သွေးစည်းညီညွတ်စုစည်းမှု သည် အထူးအရေးကြီး၍ PDF အလံတော်အောက်၌ အားလုံးစုစည်းကြရန်လည်း နှိုးဆော်ခဲ့သည်။
ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ ၆လတာ အတွေ့အကြုံကို ပြန်လည်သုံးသပ်ပြီး အားသာချက် ၊ အာနည်းချက်များကို ဖော်ထုတ်ကာ ရှေ့ဆက်ရမည့် တော်လှန်ရေးခရီးအတွက် သင့်လျော်သည့် အစီအစဉ်များ ချမှတ်သွားရမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


















































