မြန်မာစစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချခြင်းခံနေရသည့် လွှတ်တော်အမတ် များအတွက် သီးသန့်ရည်ရွယ်သည့် ‘Jailed For Being Elected’ ဆွေးနွေးပွဲကို APHR က ယမန်နေ့တွင် ဦးစီးကျင်းပခဲ့သည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) က ထုတ်ပြန်သည်။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(APHR)က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီ၌ ကျင်းပနေသည့် နိုင်ငံတကာပါလီမန်များညီလာခံ (IPU)၏ Side Eventအဖြစ် အထက်ပါဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲကို APHR ဥက္ကဌ မလေးရှားလွှတ်တော်အမတ် Mr. Charles Santiago နှင့် CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဆက်လက်ပြီး CRPH နိုင်ငံတကာဆက်ဆံ ရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်းနှင့် အဖွဲ့ဝင်ဦးစည်သူမောင်တို့က မြန်မာလွှတ်တော် ကိုယ်စားလှယ်များကြုံတွေ့နေရသည့် အခဲအခက်များ၊ မတရား ဖမ်းဆီးခံနေရမှုများ၊ ဥပဒေမဲ့ ခြိမ်းခြောက်ခံနေရမှုများ နှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို မျှဝေရှင်းလင်းခဲ့သည်ဟု ဆက်လက်ဖော်ပြသည်။

Public Service Announcement

ထို့အပြင် IPU မှ လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် နိုင်ငံတကာ လွှတ်တော်ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ရရှိရေး နိုင်ငံတကာအသိုက်အဝန်းက အကူအညီပေးနိုင်မည့် ကိစ္စရပ်များ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် CRPH ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ကို တရားဝင်အသိအမှတ်ပြုနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်သည်။



















































