ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၄၂၈) တပ်ရင်းကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၄ က ယနေ့(မတ်လ ၂၈ရက်) ထုတ်ပြန်သည်။
ကရင်နီတပ်မတော်(KA)နှင့်အတူ KNDF တပ်ရင်း-၄ နှင့် တပ်ရင်း-၈ တို့ပူးပေါင်းကာ မတ်လ ၂၆ ရက်နှင့်၂၇ ရက် နှစ်ရက်တာ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိသော်လည်း အတိအကျ အတည်မပြုနိုင် သေးဟု KNDF က ဆိုသည်။
ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ သည်ဟုလည်း အသိပေးသည်။

Public Service Announcement
မတ်လ ၂၅ ရက်လည်း ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် တပ်မ(၆၆)လက်အောက်ခံ တပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်။
ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၅၃၁)၊ ခမရ(၄၂၈)နှင့် အမှတ်(၁၄) လေ့ကျင့်ရေးတပ် တို့ ရှိသည်။
ထို့အပြင် ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်၏ ခမရ(၄၂၂)တပ်၏ ကင်းပုန်းစခန်းများကိုဝင်တိုက်ရာ စစ်ကောင်စီတပ်သားငါးဦး သေဆုံးကြောင်း ကရင် နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ဖယ်ခုံဇုန်က ယနေ့(မတ်လ ၂၈ရက်) ထုတ်ပြန်သည်။
တိုက်ပွဲ ဖြစ်စဥ်မှာ မတ်လ ၂၆ ရက် ည ၉ နာရီ မိနစ် ၂၀ခန့်က ၄၂၂တပ်စခန်းအနီး တစ်ဝှိုက်ရှိ ကင်းပုန်းစခန်းများအား KNDF တပ်ရင်း-၃ နှင့် တပ်ရင်း-၁၁ တို့က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


















































